ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကကြီးမှူး၍ ဒုတိယအကြိမ်မြောက် မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများညီလာခံကို ဖေဖော်ဝါရီ ၁၇ ရက် (ယနေ့)တွင် ရန်ကုန်မြို့၌ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။သုံးရက်ကြာပြုလုပ်မည့် အဆိုပါညီလာခံသို့တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် အခြားနိုင်ငံရေးအဖွဲ့အစည်း စုစုပေါင်း ၄၀ ကို ဖိတ်ကြားထားကြောင်း သိရသည်။"ပထမအကြိမ်တွေ့ဆုံတုန်းက ဖိတ်ကြားတဲ့နိုင်ငံရေးအဖွဲ့အစည်း ၂၅ ဖွဲ့အပြင် နောက်ထပ် ၁၅ ဖွဲ့ထပ်မံဖိတ်ကြားထားတယ်။ စုစုပေါင်းအဖွဲ့ ၄၀ ပေါ့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အခြားအဖွဲ့အစည်းတွေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ UNFC အပါအဝင် KNU ၊ RCSS နဲ့ မိုင်းလားအဖွဲ့တွေပါပါတယ်" ဟု UNA မှ ညီလာခံကျင်းပရေးကော်မတီဝင်တစ်ဦးဖြစ်သူ ဦးစိုင်းလိတ်ကပြောကြားသည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကို ၁၉၉၀ ရွေးကောက်ပွဲဝင်တိုင်းရင်းသားပါတီများဖြင့် ၂၀၀၂ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအဖွဲ့တွင် တိုင်းရင်းသားပါတီ ကိုးပါတီပါဝင်ကာ ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းကပြုလုပ်ခဲ့သည်။အဆိုပါညီလာခံနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲအပြီးတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) မှ ကမကထပြု၍ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့်ကဏ္ဍများအတွက် ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ရန် သဘောတူလုပ်ပိုင်ခွင့်ပေးကြောင်း UNA အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများက ပူးပေါင်းထုတ်ပြန်ခဲ့သည်။ဒီဇင်ဘာအတွင်းတွေ့ဆုံစဉ်က UNA အဖွဲ့ဝင်ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။ထို့နောက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြင့် ဖြေရှင်းရန်၊ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးကို ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်လည်း ထုတ်ပြန်ခဲ့သည်။
UNA ကကြီးမှူးပြုလုပ်သော ဒုတိယအကြိမ်မြောက် မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်းများညီလာခံ ရန်ကုန်မြို့၌ ယနေ့စတင်မည်