လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်များ အကောင်အထည်ဖော်ပြီးသည်အထိ သပိတ်မလှန်ဘဲ စောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းစောင့်ကြည့်မည်ဖြစ်ကြောင်း ဘိုကလေးနှင့် ပဲခူးမြို့များ၌ရောက်ရှိနေသော ကျောင်းသားသပိတ်စစ်ကြောင်းနှစ်ခုက ကြေညာချက်ထုတ်ပြန်

လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်များ အကောင်အထည်ဖော်ပြီးသည်အထိ သပိတ်မလှန်ဘဲ စောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းစောင့်ကြည့်မည်ဖြစ်ကြောင်း ဘိုကလေးနှင့် ပဲခူးမြို့များ၌ရောက်ရှိနေသော ကျောင်းသားသပိတ်စစ်ကြောင်းနှစ်ခုက ကြေညာချက်ထုတ်ပြန်
Published 16 February 2015
ဘိုဘိုမြင့်၊ အောင်ကျော်မျိုး(ဟင်္သာတ)

လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်ကောင်းများ အကောင်အထည်ဖော်ပြီးသည်အထိ သပိတ်မလှန်ဘဲ စောင့်ကြည့်ရေးကော်မတီများ ဖွဲ့စည်းစောင့်ကြည့်မည်ဖြစ်ကြောင်း ဘိုကလေးနှင့် ပဲခူးမြို့များတွင်ရောက်ရှိနေကြသော ကျောင်းသားသပိတ်စစ်ကြောင်းနှစ်ခုက ဖေဖော်ဝါရီ ၁၆ ရက်တွင် သဘောထားထုတ်ပြန်ခဲ့ကြသည်။၂၀၁၅ ဇန်နဝါရီ ၃၀ ရက်မှစ၍ ပုသိမ်မှချီတက်ခဲ့သော ဧရာဝတီသပိတ်စစ်ကြောင်းသည် ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာ သပိတ်မှောက်ခဲ့အပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ ကတိကဝတ်များနှင့်အညီ ထိုသို့သပိတ်ခေတ္တရပ်နားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်ကောင်းများ အပြီးသတ်အကောင်ထည်ဖော်ဆောင်ရွက်ခြင်းအား ခိုင်မာသောစောင့်ကြည့်ရေးကော်မတီအဖွဲ့များဖွဲ့စည်း၍ စဉ်ဆက်မပြတ် အကဲခတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်များနှင့် သင်တန်းကျောင်းအသီးသီးတို့တွင် ကျောင်းသားသမဂ္ဂများ ခိုင်မာပီပြင်စွာပေါ်ပေါက်ရေး ကျောင်းသားထု Capacity Building ပြည့်ဝရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီသပိတ်စစ်ကြောင်း၏ အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ထို့အပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်ကောင်းများ အကောင်အထည်ဖော်ပြီးသည် အထိသပိတ်မလှန်ဘဲ စောင့်ကြည့်မည်ဖြစ်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ ကတိကဝတ်များကို ဆန့်ကျင်သောရလဒ်များထွက်ပေါ်လာပါက ယခင်ထက်ပိုမိုပြင်းထန်သောသပိတ်တိုက်ပွဲများကို ဆင်နွဲမည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။"ကျွန်တော်တို့စစ်ကြောင်းအားလုံးဟာ ပညာရေးဥပဒေအပေါ်မှာ တစ်ညီတစ်ညွတ်တည်းရှိတယ်ဆိုတာပြသဖို့အတွက် ပြည်သူလူထုကိုကြေညာနိုင်ဖို့ ရန်ကုန်မြို့ကို တူညီစွာချီတက်ပြီး သက်သေပြမယ့်သဘောပါ။ သီတဂူဆရာတော်ဘုရားကြီးရဲ့မေတ္တာရပ်ခံချက်လည်း ထွက်လာတာတွေ့ရပါတယ်။ လူထုခေါင်းဆောင်ကလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ပတ်သက်ပြီး request လုပ်ထားတာလည်းရှိတဲ့အတွက် အခြေအနေအဘက်ဘက်ကိုအားလုံးသုံးသပ်ပြီး မလိုလားအပ်တဲ့တစ်စုံတစ်ရာဖြစ်လာမှာစိုးရိမ်တဲ့အတွက် ဆုံးဖြတ်ချက်ကို သတိကြီးကြီးနဲ့စဉ်းစားခဲ့ပါတယ်။ အဲဒီ့အပေါ်မှာ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။ တစ်စုံတစ်ရာသော အစိုးရရဲ့တားမြစ်ချက်တွေ၊ သတိပေးချက်တွေက ဖိအားသက်ရောက်မှုမရှိဘူးဆိုတာပြောချင်ပါတယ်" ဟု ဧရာဝတီသပိတ်စစ်ကြောင်းဦးဆောင်ကော်မတီဝင် ပုသိမ်နည်းပညာတက္ကသိုလ်မှ ဆရာဦးဝေယံအောင်ကပြောကြားသည်။ပဲခူးမြို့နဂါးရုံဘုန်းကြီးကျောင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်က ရောက်ရှိရပ်နားနေသော ထားဝယ်-မော်လမြိုင်-မုံရွာ -မြေလတ်ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း၏ကြေညာချက်တွင်လည်း လေးပွင့်ဆိုင်ဆွေးနွေးပွဲများ၏ရလဒ်များကို လွှတ်တော်မှအတည်ပြုပြဌာန်းပြီးသည်အထိ သပိတ်များအားမလှန်ဘဲ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ကျောင်းသားများလိုလားသည့် ဥပဒေပြင်ဆင်ရေးကို တွေ့ဆုံညှိနှိုင်းမှုပုံစံဖြင့်အဖြေရှာနိုင်ရန် သပိတ်မှောက်ကျောင်းသားများမှ ကြိုးစားခဲ့ကြသည်မှာ သမိုင်းစဉ်တစ်လျှောက်တွင် အကြီးမားဆုံးအောင်မြင်မှုဖြစ်ကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်များအား (ဆွေးနွေးဆုံးဖြတ်နေစဉ်ကာလအတွင်း သပိတ်စစ်ကြောင်းများကိုရပ်နားကာ) နောက်ဆုံးအတည်ပြုပြဌာန်းရာ၌ ကျောင်းသားထု၏ လိုလားချက်များနှင့်ကိုက်ညီမှုမရှိပါက တဖန်ပြန်လည်၍ သပိတ်တိုက်ပွဲများဖြင့် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်ဟုပါရှိသည်။အဆိုပါသပိတ်စစ်ကြောင်းများအနက် ထားဝယ်နှင့် မော်လမြိုင်သပိတ်စစ်ကြောင်းများ သက်ဆိုင်ရာဒေသများသို့ပြန်လာကာ လွှတ်တော်သို့တင်သွင်းထားသည့် အမျိုးသားပညာရေးဥပဒေအားပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ရှင်းလင်းပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent