တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီလား

တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်သုံးသပ်ရန် လိုအပ်နေပြီလား
Published 15 February 2015
အငယ်ထွေး၊ နီလာ

ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက် အတွင်း လောက်ကိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အကျအဆုံးများခဲ့ပြီး ကိုးကန့်အဖွဲ့ဟု ဆိုသူများမှာ တရုတ်နယ်စပ်မှ ကြိုတင်စိမ့်ဝင်ရောက်ရှိကာ စနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် ပြန်လည်စဉ်းစား သုံးသပ်နေကြောင်း နယ်ပယ်အသီးသီးမှ သုံးသပ်ပြောကြားမှုများ ထွက်ပေါ်လာခဲ့သည်။တရုတ်နိုင်ငံသည် အစဉ်အလာအားဖြင့် မြန်မာနိုင်ငံအပေါ်တွင် မီးစ တစ်ဖက် ရေမှုတ် တစ်ဖက် ပေါ်လစီကိုသာ ကျင့်သုံးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၎င်းတို့၏ အကျိုးစီးပွားအတွက် တရားဝင်ရင်းနှီးမြှုပ်နှံမှုများ ရှိသကဲ့သို့ တရားမဝင် လမ်းကြောင်း မှတစ်ဆင့် သစ်မှောင်ခိုကုန်ကူးခြင်း၊ ကျောက်မှောင်ခို ခိုးထုတ်ခြင်းများလည်း ပြုလုပ်နေကြောင်း၊ ထို့အတူ ပြည်သူလူထု သဘောတူညီမှုမရှိသည့် ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ရထားလမ်းစီမံကိန်းစသည့် စီမံကိန်းများ အကောင်အထည်ဖော်ရန်လည်း နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ပြီး လက်ရှိမြန်မာနိုင်ငံအလယ်ပိုင်း၌ ရင်းနှီးမြှုပ်နှံထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည်လည်း ဒေသခံတို့၏ အကျိုးစီးပွားအား လျစ်လျူရှုသည့်ဖြစ်ရပ်များကြောင့် လူထု၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ကြုံ တွေ့နေရကြောင်း သိရသည်။တရုတ်ရင်းနှီးမြှုပ်နှံမှုတရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၌ နံပါတ်(၁) ရင်းနှီးမြှုပ်နှံထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄၂ ဘီလျံတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု ၁၄ ဘီလျံအထိ ရှိနေသည့်အတွက် နံပါတ်(၁) ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်သည်။ ဒုတိယအနေဖြင့် ဟောင်ကောင်နှင့် စင်ကာပူမှ တတိယအများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်သည်။ ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံရာတွင် တရုတ်နိုင်ငံအနေဖြင့် သဘာဝသယံဇာတများအပေါ်တွင် မှီခိုသည့် ရင်းနှီးမြှုပ်နှံမှုများကိုသာ အဓိကအားဖြင့် ပြုလုပ်နေကြောင်း သိရသည်။ကုန်သွယ်မှုအလားတူ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်မှု ပြုလုပ်နေရသည့် နိုင်ငံဖြစ်ကြောင်း၊ နယ်စပ်ကုန်သွယ်မှုတွင် မူဆယ်နယ်စပ်လမ်းကြောင်းမှ ကုန်သွယ်မှုသည်ပင်လျှင် အခြားနယ်စပ်ကုန်သွယ်မှု အားလုံးထက် ကြီးမားနေသည့်သဘော ရှိသည်။ယခုနှစ်တွင်မူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုကို လေ့လာပါက ၂၀၁၄-၂၀၁၅ ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၄၈၈ သန်း ရရှိကြောင်းနှင့် ယခုနှစ်တွင်မူ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာငါးသန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။တရုတ်နှင့် BCPတရုတ်နိုင်ငံသည် တစ်ချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ(BCP)ကို ထောက်ခံသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ သို့သော် ၁၉၈၀ ပြည့်နှစ်ကာလများတွင်မူ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း အကျိုးစီးပွား ပိုမိုချဲ့ထွင်နိုင်ရန် လုပ်ဆောင်လာခဲ့ကြကြောင်း၊ ထိုစဉ်က ဗမာပြည် ကွန်မြူနစ်ပါတီသည် တရုတ်- မြန်မာ နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားခဲ့သည့်ကာလဖြစ်ပြီး ပန်ဆိုင်းတစ်မြို့တည်းသာလျှင် တရုတ်နှင့် ကုန်သွယ်ခဲ့သော နယ်စပ်မြို့ဖြစ်ကြောင်း၊ ထိုအချိန်တွင် တရုတ်နိုင်ငံသည် အစိုးရနှင့်ပြေလည်ပါက နယ်စပ်ထွက်ပေါက်အားလုံး ပွင့်သွားမည့်အရေးကို မြင်လာခဲ့ကြောင်း၊ ၁၉၈၆ ခုနှစ် စီစီဝမ်တာပန်တိုက်ပွဲ ဖြစ်ပွားနေချိန် မူဆယ် ၁၀၅ မိုင်ကို တရုတ်တို့ အလွန်စိတ်ဝင်စားလာခဲ့ကြောင်း၊ ထို့ကြောင့် BCP  ကြားခံသော စီးပွားရေးကို တရုတ်အစိုးရက မလုပ်လိုတော့ဘဲ မြန်မာနိုင်ငံတွင်းသို့ တရုတ်ကုန်ပစ္စည်းများ အမြောက်အမြား တင်သွင်းနိုင်ရန် BCP ထဲတွင် ရှိနေသော တရုတ်တပ်မှူးများအား နောက်ဆုတ်ရန် ခေါ်ယူဆွေးနွေးခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၈၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စီစီဝမ်တာပန်တိုက်ပွဲတွင် BCP ကျဆုံးခဲ့ကြောင်း သိရသည်။မူဆယ်လမ်းကြောင်း ပွင့်သွားပြီးနောက်ပိုင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှု မြင့်တက်လာခဲ့ကြောင်း သိရသည်။သစ်မှောင်ခိုလမ်းကြောင်းများထို့အတူ နယ်မြေမငြိမ်သက်မှုနှင့် ပြည်တွင်းစစ်များ ဖြစ်ပွားမှုအပေါ်တွင် အခွင့်ကောင်းယူ၍ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံမှ သစ်အမြောက်အမြား တင်သွင်းခဲ့ကြောင်း၊ အထူးသဖြင့် သစ်မှောင်ခိုလုပ်ငန်းများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ကို ကျော်လွန်ကာ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့အထိ ရောက်လာခဲ့ကြောင်း၊ အထူးသဖြင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်နှင့်ဧပြီ တို့တွင် မြင့်တက်လေ့ရှိကြောင်း၊ မိုးတွင်းဘက်တွင် အရှိန်အနည်းငယ် လျော့သွားသော်လည်း မှောင်ခိုမှုများ ဆက်၍ ရှိနေသေးကြောင်း၊ အထူးသဖြင့် မိုးတွင်းဘက်တွင် သစ်ခိုးသမားတို့က ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကို အသုံးချလေ့ရှိကြောင်း သိရသည်။“နမ့်ခမ်းဒေသခံတွေ အိမ်ဆောက်ဖို့ ဝါးတိုင်လေးတွေ သုံးနေရတဲ့အခါမျိုးမှာ မြန်မာမိုင်တိုင်-၆၄ နားမှာ တရုတ်ကိုသယ်ဖို့ သစ်အပုံကြီးတွေ အကြီးကြီးပဲ။ တန်ချိန် နှစ်သောင်းသုံးသောင်းလောက် ရှိတယ်။ ပွင့်လင်းရာသီရောက်ရင် တစ်ရက်ကို အစီး ၈၀၀ လောက် အဝင်အထွက် ရှိခဲ့တယ်။ ၂၂ ဘီးကားတွေနဲ့ ရွှေလီကို ပို့တယ်။ ကူမင်းကို ပို့တယ်။ အခုနောက်ပိုင်း အဖမ်းအဆီးတွေရှိလို့ နည်းနည်းကျသွားပေမယ့် ရှိနေတုန်းပါပဲ”ဟု ဒေသခံတစ်ဦးကပြောကြားသည်။ထို့အတူ ကျပ် ၅၀၀၀ တန်အတု ပြဿနာမှာလည်း တရုတ်-မြန်မာနယ်စပ်တွင် ရှိနေကြောင်း၊ တရုတ်စီးပွားရေးသမားများအနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ၊ သစ်မှောင်ခိုလုပ်ငန်းများတွင် ကျပ် ၅၀၀၀ တန်အတုများအား ဖောဖောသီသီ အသုံးချလေ့ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ဘယ်လိုပေါ်လစီနှင့် သွားမလဲ“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တဲ့နေရာမှာ တရုတ်တစ်နိုင်ငံတည်းသာ မဟုတ်ပါဘူး။ ဘယ်နိုင်ငံမဆို တစ်ခုခုကို မှီခိုပြီး ရပ်တည်ရတဲ့ အနေအထားမျိုးက မဖြစ်သင့်ပါဘူး။ အဲဒါဆိုရင် ရေရှည်မှာ အဲဒီနိုင်ငံက ကျဆုံးလိမ့်မယ်။ ကျွန်တော်တို့က တစ်ချိန်တုန်းက တရုတ်ကို မှီခိုခဲ့တယ်။ တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ်မှာပဲ ပုံအောပြီး ရပ်တည်ခဲ့တယ်။ နယ်စပ်မှာဆိုရင်လည်း တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကို တော်တော်လေး အလေးထားရတယ်။ တစ်ချိန်တုန်းကတော့ တရုတ်က မြန်မာနဲ့နယ်စပ်ကုန်သွယ်ရေး လုပ်ချင်တဲ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီကို အဆုံးသတ်ခဲ့တယ်။ သူတို့ကိုပေးတဲ့ အထောက်အပံ့တွေကိုလည်း ရပ်ဆိုင်းခဲ့တယ်။ ပြီးတော့ ဝ၊ ကိုးကန့်တို့နဲ့ ငြိမ်းချမ်းရေး ပုံဖော်ပြီးတော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ခဲ့တယ်။ မြန်မာကလည်း တရုတ်နဲ့ပဲ ပုံအောပြီး လုပ်ခဲ့တယ်။ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ စီးပွားရေးအရ မတည်မငြိမ်မှုပြဿနာတွေ တော်တော်များများ ရှိခဲ့တယ်။ စီးပွားရေးလုပ်တဲ့အခါမှာလည်း သူ့ရဲ့လုပ်ရိုးလုပ်စဉ်တစ်ခုကို သတ်မှတ်ထားတဲ့ကိစ္စက Under Table ကိစ္စပါ။ ဘယ်နိုင်ငံကမှ အဲဒီလို Under Table ကိစ္စကို မသွားချင်ကြဘူး။ အဲဒီအချိန်မှာ သူတို့က ဗမာပြည်မှာ ရင်းနှီးမြှုပ်နှံခွင့်ရဖို့ အဲဒီနည်းလမ်းနဲ့ သွားခဲ့ကြတယ်။ လာဘ်ပေးလာဘ်ယူတွေ အများကြီးရှိခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်မှာ တော်တော်လေး ဂယက်ရိုက်ခဲ့ရတယ်”ဟု လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။“ဒီအနေအထားကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းလာတဲ့အခါမှာ အစိုးရအနေနဲ့လည်း တရုတ်နိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာ ပေါ်လစီအပြောင်းအလဲလေးတွေ ရှိလာတယ်။ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုရဖို့အတွက် လုပ်ဆောင်ခဲ့သလို တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း တစ်ဖက်က လက်ခံနေပါတယ်ဆိုပြီးတော့ လုပ်ခဲ့တာတွေ ရှိတယ်။ ဒီလိုလုပ်ရင်းနဲ့ တစ်ဖက်က ကျောက်ဖြူလိုကိစ္စပဲဖြစ်ဖြစ်၊ ဓာတ်ငွေ့ပိုက်လိုင်းလိုကိစ္စပဲဖြစ်ဖြစ် လက်ပံတောင်းကိစ္စပဲဖြစ်ဖြစ် ဒီလိုဟာမျိုးတွေမှာလည်း မီးစတွေကို မငြိမ်းနိုင်ခဲ့ဘူး။ဥပမာ-လက်ပံတောင်းတောင် ကိစ္စဆိုရင် ဒီအနီးပတ်ဝန်းကျင်မှာရှိတဲ့ ရွာတွေကို တကယ့်ကို ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးမယ်ဆိုရင် ဒီပြဿနာ တွေ ငြိမ်းနိုင်ပါတယ်။ ဒီနေရာတွေမှာ တရားဥပဒေစိုးမိုးမှုနဲ့ တကယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အများကြီး လုပ်ပေးနိုင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီကရမယ့် အကျိုးအမြတ်က နည်းတာမဟုတ်ဘူး။ ဒီအကျိုးအမြတ်တွေအပေါ်မှာ ဒေသခံတွေက ခံစားခွင့်မရှိဘူး ဖြစ်နေ တယ်။ ဒါကို လုပ်ပေးလိုက်မယ်ဆိုရင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ တရုတ်အစိုးရနဲ့ ရင်းနှီးမြှုပ်နှံထားတာကလည်း မြန်မာ့စီးပွားရေး ဦးပိုင်ဖြစ်နေတဲ့အတွက် ပြည်သူလူထု မကြိုက်တဲ့  အခြေခံပေါ်မှာ သွားဖြစ်နေတယ်။ တစ်ဖက်က တရုတ်ကို ပြည်သူလူထု က မလိုလားတဲ့အချိန်မှာ မြန်မာအစိုးရရဲ့ ကိုင်တွယ်မှုကလည်း ပြတ်ပြတ်သားသား မရှိလှဘူး။ ဒီ မီးကို ဒီအတိုင်း မွှေးထားတယ်။ အဲဒီအတွက် တရုတ်ဘက်ကလည်း နယ်စပ်ဒေသမှာ နောက်ထပ်ဝှက်ဖဲတစ်ခုကို ထိုးလာနိုင်တယ်။ တရုတ်ဘက် ကနေပြီးတော့ မင်းတို့က ငါတို့ရဲ့အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် မင်းတိုင်းပြည်ရဲ့ တည်ငြိမ်မှု မရနိုင်ဘူးဆိုတဲ့ပုံစံမျိုး၊ သဘောထားမျိုးနဲ့ လုပ်ဆောင်နေတဲ့အတွက် နယ်စပ်ဒေသတွေမှာ အခုလို တိုက်ပွဲမျိုးတွေ ဖြစ်လာတယ်လို့ ထင်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။တရုတ်နိုင်ငံသည် တစ်ချိန်က အကျိုးစီးပွားရှိခဲ့သည့်အတွက် ဗမာပြည် ကွန်မြူနစ်ပါတီကို အဆုံးသတ်ခဲ့ကြောင်း၊ လက်ရှိတွင် ထိုမီးကို ပြန်၍မွှေးချင်ကြောင်း၊ ယင်းအခြေအနေများသည် မြန်မာနိုင်ငံအပေါ်တွင် စီးပွားရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှုမှတစ်ဆင့် နိုင်ငံရေး မတည်ငြိမ်မှုတွေအထိ ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်မှုရရန်အတွက် တရုတ်အစိုးရနှင့် ဆက်ဆံသည့်အခါတွင် အမှန်တကယ် အလုပ်ဖြစ်မည့် High Policy တစ်ခု ချမှတ်သင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။“ High Policy လို့ပြောတဲ့နေရာမှာ ကျွန်တော်တို့က ယူနန်ပြည်နယ် အစိုးရလောက်နဲ့တင် ဆက်ဆံနေလို့ မရဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ ရေရှည်ရင်းနှီးချစ်ခင်မှုကိုလည်း မပျက်သွားအောင်၊ ကျွန်တော်တို့ တိုင်းပြည်ကလည်း တရုတ်အပေါ်မှာ မှီခိုနေရမှုသက်သက် မဖြစ်သွားအောင် ဒီအခြေအနေမျိုးတွေကို လက်ရှိအစိုးရက ထူထောင်နိုင်ဖို့ လိုတယ်။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ရင်လည်း နှစ်နိုင်ငံအကျိုးရှိစေမယ့် ပုံစံမျိုးတွေကို ပြောင်းလုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီနေရာမှာ ဦးပိုင် လိုဟာမျိုးနဲ့ပဲ လုပ်နေလို့ မရပါဘူး။ပြီးတော့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ်မှာလည်း တစ်ဖက်စောင်းနင်း ရှိနေတာရှိရင် ပြန်လည်ပြုပြင်ဖို့ လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကိုရော တရုတ် -မြန်မာ ရေရှည်ဆက်ဆံရေးကိုရော ကောင်းကောင်းမွန်မွန် ဆောင်ရွက်သွားနိုင်မယ်လို့ ထင်ပါတယ်။ လက်ရှိအခြေအနေက တအားကို အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေက ရှုပ်ထွေးလာနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ကိုးကန့်ပြဿနာ“တရုတ်က အရင်တုန်းက ဗကပကို အားပေးပြီးတော့ နယ်စပ်ဒေသမှာရှိနေတဲ့  ဝတို့ မိုင်းလားတို့ ကိုးကန့်တို့ ဖုန်ကြားရှင်တို့ စသည်အားဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တစ်ချိန်က ဗကပ လက်အောက်မှာ ရှိခဲ့တယ်။ အဲဒါတွေ ပြိုကွဲသွားပြီးတဲ့နောက်မှာလည်း တရုတ်ပြည်က ဗမာပြည်နဲ့ ဆက်ဆံရေးမှာ မူကြီးငါးချက်အရ အချုပ်အခြာအာဏာပိုင်မှု ထိန်းသိမ်းရေး၊ မကျူးကျော်ရေး၊ မစွက်ဖက်ရေးဆိုတဲ့ မူဝါဒက နိုင်ငံခြားရေးမူဝါဒဖြစ်ပေမယ့် တကယ်အခိုင်အမာ သဘောထားကတော့ တက်လာတဲ့ဗမာအစိုးရ အဆက်ဆက် ဘယ်အစိုးရကိုမှ သူတို့အနေနဲ့ သိပ်ပြီး ကြိုက်နှစ်သက်လှတာ မဟုတ်ဘူး။ ဦးနုကျတော့လည်း ကြားနေရေးသမားဖြစ်နေတယ်။ တတိယအင်အားစုထဲမှာ ပါတယ်။ အမေရိကန်နဲ့ ဥရောပနဲ့ အကူအညီတွေ ယူထားခဲ့တယ်။ ဦးနေဝင်းလည်း အဲလိုပဲ။ အဲဒါကြောင့် ဗမာအစိုးရ အဆက်ဆက်ကို တရုတ်ပြည်က ယုံကြည်စိတ်ချမှု အပြည့်အဝမရှိခဲ့ဘူး။ ဒါပေမဲ့ ထိုင်းတို့ စင်ကာပူတို့လို အမေရိကန်ရဲ့ထောက်ပံ့မှုကို တိုက်ရိုက်ခံယူထားတဲ့ တိုင်းပြည် မဟုတ်တာ သူ့အတွက် အဆင်ပြေတယ်လို့ပဲ သဘောထားတယ်။ ယုံကြည်စိတ်ချမှုတော့ မရှိဘူး။ နောက်ပြီး မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့အခါမှာလည်း ဗမာပြည်ကွန်မြူ နစ်ပါတီကို အားပေးလာခဲ့တယ်။ နောက်ပြီးတော့ သူ့ နယ်စပ်နားမှာရှိနေတဲ့ အရင်တုန်းက ကူမင်တန် အကြွင်းအကျန်တွေကို ခြေမှုန်းဖို့အတွက် ဖုန်ကြားရှင်တို့၊ ကျောက်နီလှိုင် တို့ကို နဂိုကတည်းက တရုတ်နိုင်ငံက သင်တန်းတွေ ပေးခဲ့တယ်။ သင်တန်းတွေပေးပြီး ပြောက်ကျားအဖြစ် မွေးထားခဲ့တယ်။ အဲဒီ သဘောထားဟာ ဗကပ အောက်မှာတုန်းကလည်းရှိခဲ့တယ်။  နယ်စပ်မှာ သူက နယ်ရုပ်တွေ မွေးထားတယ်။ တကယ်လို့များ ၆၇ ခုနှစ်လို တရုတ်-မြန်မာ အရေးအခင်းလို ကိစ္စမျိုး ဗမာအစိုးရက ကျူးလွန်လာမယ်ဆိုရင် အသုံးချဖို့အတွက် သူက အင်အားကို မွေးထားတာပါ။ ဒါဟာသူ့ရဲ့ အခြေခံသဘောထားပါပဲ။ အခုတော့ ဗကပ မရှိတော့ဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်။ အဲဒီလိုရှိထားတဲ့ အနေအထားတစ်ရပ်ကို သူက သဘောကျတယ်။ သဘောကျတယ်ဆိုတာ ဘယ်ထောင့်ကလဲဆိုရင် ဗမာပြည်က သယံဇာတတွေ ထုတ်လုပ်ဖို့နဲ့ မြန်မာပြည် စစ်အစိုးရကို အမေရိကန်နဲ့ ဥရောပ က စီးပွားရေးပိတ်ဆို့ထားတဲ့အတွက် သူ့ဆီကို တိုးဝင်လာလို့ပါ။ ဒီလို တိုးဝင်လာတဲ့ မြန်မာအစိုးရကို အကြောင်းပြုပြီးတော့ မြန်မာပြည်က သယံဇာတတွေကို ထုတ်ယူဖို့အတွက် မြန်မာပြည်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ သူ့မှာ သဘောထားရှိခဲ့တယ်။ ဒါကြောင့် သူက သူ့နယ်စပ်ဒေသကို ငြိမ်းချမ်းရေး ရစေချင်တယ်။ ငြိမ်းချမ်းရေး ရစေချင်ပေမယ့်လည်း ကိုးကန့်ပြဿ နာဖြေရှင်းမှုမျိုးကို တရုတ်က သဘောမကျဘူး။ ဘာကြောင့်လဲဆိုတော့ ကိုးကန့်က ဖုန်ကြားရှင်တို့ဆိုတာက တရုတ်ပြည်နဲ့ အလွန်နီးစပ်တဲ့ အဆက်အသွယ်တွေ ရှိတယ်။အကျိုးစီးပွားတွေလည်း ရှိတယ်။ ဗကပ ပုန်ကန်မှုတွေ ဘာတွေလုပ်မယ်ဆိုတာတောင် အဲဒီတိုင်းရင်းသားအဖွဲ့တွေအကုန်လုံးက တရုတ်ပြည်နဲ့ တိုင်ပင်ပြီးမှလုပ်တယ်”ဟု တရုတ်-မြန်မာ နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောကြားသည်။ထို့အတူ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတစ်ခုဖြစ်နေသည့်အတွက် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုချဲ့ထွင်ရန် ကြိုးစားနေကြောင်း၊ ရထားလမ်းစီမံကိန်းကို  ရပ်ဆိုင်းသည်ဆိုသော်လည်း ဆိုင်းငံ့ထားသည့်အနေအထားမျိုးသာ ဖြစ်ကြောင်း၊ အလားတူ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံက အပြီးတိုင် ရပ်ဆိုင်းထားခြင်း မဟုတ်ဘဲ ၂၀၁၅ ခုနှစ် နောက်ပိုင်း အစိုးရသစ်လက်ထက်တွင် ပြန်လည်လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန်အတွက် အင်္ဂလန်နိုင်ငံမှ နာမည်ကြီးပီအာရ်ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် လုပ်ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။အဆိုပါ ပီအာရ်ကုမ္ပဏီသည် ပြီးခဲ့သည့် ခြောက်လ ခုနစ်လခန့် မှစ၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာပြီးဖြစ်ကြောင်း၊ ပီအာရ်ကုမ္ပဏီမှ တစ်ဆင့် ဒေသခံများ၊ လွှတ်တော် နှင့် မီဒီယာများကို စည်းရုံးသိမ်းသွင်းကာ မြစ်ဆုံ ပြန်လည်အကောင်အထည်ဖော်ခွင့်ရရေးအတွက် စီစဉ်နေကြောင်း သိရသည်။“တရုတ်နိုင်ငံနဲ့ ပတ်သက်ရင် မဆက်ဆံဘဲ နေလို့တော့မရဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်နိုင်ငံရဲ့အကျိုးစီးပွားကို ဘယ်လိုကာကွယ်မလဲဆိုတာ ပြန်ကြည့်ရမယ်။ ဒါ နိုင်ငံတကာအစိုးရတွေ လုပ်နေတဲ့ နည်းလမ်းပဲ။ ဥပမာ-ဗီယက်နမ်ကို ကြည့်လိုက်ပါ။ ဗီယက်နမ်က တရုတ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပေါ်လစီတွေ ထားလဲဆိုတာ ကြည့်ရင်သိနိုင်ပါတယ်” ဟု မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ဆရာဦးမြင့်သောင်းက ပြောကြားသည်။ ယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်ပါက စနစ်တကျ စိစစ်သင့်သကဲ့သို့ လူထုအား ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။