ပြည်ထောင်စုနေ့ ကတိပြုချက် လက်မှတ်ထိုးရန် ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပါတီများ ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရဆောင်ရွက်မည်

ပြည်ထောင်စုနေ့ ကတိပြုချက် လက်မှတ်ထိုးရန် ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပါတီများ ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရဆောင်ရွက်မည်
Published 15 February 2015

“ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ” ကတိပြုချက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က ကျရောက်သည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် အစိုးရဘက်မှ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ၁၅ ဦး၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ် သုံးဦး၊ တပ်မတော်ကိုယ်စားပြု ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ သုံးဦး၊ နိုင်ငံရေးပါတီ ၅၅ ပါတီ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ၂၉ ဦးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြရာ ယင်းကတိပြုချက်ကို လက်မှတ်ရေးထိုးရန် ကျန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပါတီများ ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်း ပြည်ထောင်စုနေ့ ကတိပြုချက်ကို ပါဝင် လက်မှတ်ရေးထိုးရန်အတွက် နိုင်ငံရေးပါတီ ၁၀ ခုမှ အဆိုပြုမှုရှိသည်ဟုလည်း သိရသည်။ပြည်ထောင်စုနေ့ ကတိပြုချက်ကို အခြားအဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အစိုးရက ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍  Myanmar Peace Center မှ ဦးလှမောင်ရွှေက “တစ်ဖွဲ့ချင်းအနေနဲ့တော့ သူတို့ကို လူကြီးမင်းတို့ အဖွဲ့အစည်းအတွင်းမှာ ဆွေးနွေး တိုင်ပင်ပြီးပါက လက်မှတ်ရေးထိုးနိုင်ရန် ပေးပို့အပ်ပါသည်ဆိုပြီး လာမယ့် တနင်္လာနေ့က စပြီးပေးဖို့ ရှိပါတယ်။ နောက်ထပ်လည်း နိုင်ငံရေးပါတီ ၁၀ ပါတီကျော်ကလည်း သူတို့အနေနဲ့ ထိုးမယ်ဆိုပြီး ပြန်ပြီး အဆိုပြုတာ ရှိတဲ့အတွက် လာမယ့် တနင်္လာနေ့မှာပဲ ပို့ဖို့ စီစဉ်နေပါတယ်။ သူတို့ဆီကို ပို့ပေးမယ်။ သူတို့ ထိုးပြီးတဲ့ဟာကို ဝန်ကြီး ဦးအောင်မင်းရုံး ဒါမှမဟုတ် MPC ကို ပြန်ပေးမယ်။ အဲဒါတွေကို စုပြီးမှပဲ ပြည်သူလူထုကို အသိပေးမှာပါ”ဟု ဖေဖော်ဝါရီ ၁၅ ရက်က ပြောကြားသည်။ဆက်လက်၍ ၎င်းက“တကယ်လို့ မထိုးနိုင်လည်း ဒါက ကတိကဝတ်ဖြစ်တဲ့အတွက် အရေးကြီးတာကတော့ ကျွန်တော်တို့ တာဝန်ရှိတဲ့ တပ်မတော်ကိုယ်စားပြု၊ အစိုးရကိုယ်စားပြု  လွှတ်တော်ကိုယ်စားပြုက တာဝန်ရှိတဲ့သူတွေ ကိုယ်တိုင်က ထိုးပေးထားတဲ့အတွက် ဒါကတော့ ပိုကောင်းမွန်တဲ့ ချဉ်းကပ်မှုလို့ ထင်ပါတယ်”ဟု ပြောကြားသည်။အဆိုပါ ပြည်ထောင်စုနေ့ ကတိပြုချက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်သွားရန် ကတိပြုချက် အပါအဝင် ယခင်က တိုင်းရင်းသားများ တောင်းဆိုထားသည့် အချက်များဖြစ်သောကြောင့် အဖွဲ့ဝင်အဖွဲ့အစည်းများနှင့်အတူ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း လက်နက်ကိုင်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်သည့် ပအို့ဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောကြားသည်။ပြည်ထောင်စုနေ့က အစိုးရ နှင့် ကတိပြုချက် လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားအဖွဲ့အစည်းများမှာ UNFC အဖွဲ့ဝင်အဖြစ်မှ ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ UNFC အဖွဲ့ဝင်မဟုတ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော်  (DKBA) ၊ KNU/KNLA  ငြိမ်းချမ်းရေးကောင်စီတို့ ဖြစ်သည်။RCSS/SSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလက “ဒီ အရေးကြီးတဲ့ ကတိပြုချက်တွေကို လေ့လာကြည်ခြင်းအားဖြင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို များစွာအထောက်အကူပြု နိုင်ပါတယ်ဆိုတဲ့ အကြောင်း ပြောနိုင်ပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent