နိုင်ငံတစ်ဝန်း တောင်သူလယ်သမားများအပါအဝင် တက်ကြွလှုပ်ရှားသူ ၂၀၀ ကျော် နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း တောင်သူလယ်သမားများအပါအဝင် တက်ကြွလှုပ်ရှားသူ ၂၀၀ ကျော် နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရဟု AAPP ထုတ်ပြန်
Published 13 February 2015
ဇာလီမြင့်ဦး

နိုင်ငံတစ်ဝန်း၌ တောင်သူလယ်သမားများအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၂ဝဝ ကျော်သည် နိုင်ငံရေးပုဒ်မများဖြင့် အမှုရင်ဆိုင်နေရကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP )က ၂ဝ၁၅ ဖေဖော်ဝါရီအတွက် လစဉ်အစီရင်ခံစာအဖြစ် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ၎င်းတို့ ပြုစုထားသည့် စာရင်းများအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁၇၇ ဦးခန့်မှာ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဆက်လက် အကျဉ်းကျခံနေရဆဲဖြစ်ပြီး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထောင်ချမှုများသည်လည်း လျော့နည်းသွားခြင်း မရှိသည့်အပြင် ဆက်လက်တိုးပွားလာကြောင်းနှင့် လက်ရှိ အခြေအနေအထိ လက်လှမ်းမီသမျှ ပြုစုထားမှုအရ အမှုရင်ဆိုင်နေရသူဦးရေသည် အနည်းဆုံး ၂၁၃ ဦးရှိကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။ 
 
နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးများအရ ထုတ်ဖော်ဆန္ဒပြခြင်းများအား ပုဒ် မ(၁၈)၊ (၁၉)အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)၊ တောင်သူလယ်သမားများအား ပုဒ်မ ၄၄၇၊ ၄၂၇ အပါအဝင် ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်နေခြင်းကို မီးမောင်းထိုးပြသည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့သည့် AAPP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
အဆိုပါ လက်ရှိအကျဉ်းထောင်အတွင်းရှိသော နိုင်ငံရေးအကျဉ်းသားများနှင့် အမှုရင်ဆိုင်နေရသူများစာရင်းကို ၂ဝ၁၄ ဩဂုတ်လအတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ၏ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ်တွင် အခြေခံ၍ ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်။ 
 
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင်သုံးရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ၊ ကန့်ကွက်ခြင်း၊ ဟောပြောခြင်း၊ ရေးသား ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ မကျေနပ်ကြောင်း၊ ကန့်ကွက်ကြောင်းကို အခြားပုံသဏ္ဌာန်တစ်ခုခုဖြင့် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ဆက်စပ် ပတ်သက်ခြင်း စသည်တို့ကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ၊ ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ် ခံရသူများကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း သိရသည်။ 
 
လက်ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိခြင်းမရှိဟု အစိုးရက ထုတ်ပြန်ထားပြီး ယခင်လက်ကျန် နိုင်ငံရေးအကျဉ်းသားဟောင်းများ စိစစ်ရေးကော်မတီကိုလည်း နိုင်ငံရေးအကျဉ်းသားများ၏ အရေးကိစ္စများနှင့်ပတ်သက်၍ လျင်လျင်မြန်မြန် အောက်ခြေအဆင့်အထိ ကျယ် ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက်ဟုဆိုကာ ၂ဝ၁၅ ဇန်နဝါရီ၌ နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
 

Most Read

Most Recent