ယာယီသက်သေခံလက်မှတ် သက်တမ်းကုန်ဆုံးရက် သတ်မှတ်ခြင်းနှင့် ပြန်လည်အပ်နှံခြင်း အစီအစဉ် အစိုးရကြေညာ

ယာယီသက်သေခံလက်မှတ် သက်တမ်းကုန်ဆုံးရက် သတ်မှတ်ခြင်းနှင့် ပြန်လည်အပ်နှံခြင်း အစီအစဉ် အစိုးရကြေညာ
Published 12 February 2015
ကြည်နိုင်

ယာယီသက်သေခံလက်မှတ် (White Card) များ သက်တမ်းကုန်ဆုံးရက် သတ်မှတ်ခြင်းနှင့် ပြန်လည်အပ်နှံခြင်း အစီအစဉ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ်- ၁၉/၂ဝ၁၅ ကို သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ဖေဖော်ဝါရီ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာအသံနှင့် ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်ခဲ့သည်။
အဆိုပါ အမိန့်ကြော်ငြာစာအရ ယာယီသက်သေခံ လက်မှတ်များသည် ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်းအား ၂ဝ၁၅ ခုနှစ် မေ ၃၁ ရက် နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်သည်။
ယင်းအပြင် လက်မှတ်များအပ်နှံခြင်း၊ စိစစ်မှုခံယူခြင်းတို့အား သက်ဆိုင်သည့်ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များကို လိုက်နာ၍ နည်းလမ်းတကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြပါရှိသည်။
၎င်းကြေညာချက်နှင့် ပတ်သက်၍  ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ဒီယာယီသက်သေခံ လက်မှတ်ဆိုတာက သက်တမ်းရှိတယ်ဗျ။ အဲဒီသက်တမ်းကို သမ္မတက သတ်မှတ်တယ်။ သူ့အလုပ်ကို သူလုပ်တာ ဖြစ်ပါတယ်။ မတ် ၃၁ ရက်မှာ လက်ရှိငါးသိန်းကျော်သော ယာယီသက်သေခံကတ် ကိုင်တဲ့သူတွေက သက်သေခံကတ်အမြင့် ဖြစ်သွားမှာပေါ့။ တခြားနိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကိုတော့ ဆက်လုပ်ဖို့တာဝန်ကတော့ လဝကမှာရှိသွားတာပေါ့။ လဝကလုပ်ငန်းကို ဆက်လုပ်ဖို့ကတော့ သမ္မတကြီး ဖိအားပေးဖို့လိုပါလိမ့်မယ်။ လဝကက နိုင်ငံသားပေးသင့်တဲ့သူကို ယာယီသက်သေခံ ကတ်ပေးတယ်။ နိုင်ငံသား မပေးသင့်တဲ့သူကိုလည်း ယာယီသက်သေခံ ကတ်ပေးတယ်။ အဲဒါမျိုးနဲ့ သူ့ဘာသာသူ အလုပ်ရှုပ်နေတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ဒါကို ပိုမိုဖိဖိစည်းစည်းကြီးကြပ် တာဝန်ယူ ဆောင်ရွက်စေချင်တယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်” ဟု ပြောကြားသည်။
ထို့ပြင် ဝှိုက်ကတ်မဲပေးခွင့် ပယ်ဖျက်ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ဆရာတော် ဦးပါမောက္ခက “ဘုန်းကြီးတို့ကတော့ ဒီကြော်ငြာစာကို ကြိုဆိုပါတယ်။ ဝှိုက်ကတ်ဆိုတာ သတ်မှတ်ထားတဲ့ သက်သေခံ လက်မှတ်သာ ဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံတော်ကို ပြန်အပ်တဲ့အခါမှာ နိုင်ငံတော်က ဝှိုက်ကတ်ထက်မြင့်တဲ့ ပန်းရောင်ကတ် နိုင်ငံသားကတ်ကို ထုတ်ပေးတဲ့အခါမှာ ၁၉၈၂ နိုင်ငံသားဥပဒေနှင့် အညီသာလျှင် ပြန်လည်စိစစ်ပြီးတော့ နိုင်ငံသားဖြစ်သင့်တဲ့ သူကိုသာ ထုတ်ပေးပါ။ ၁၉၈၂ ဥပဒေကိုတော့ မကျော်လွန်ဖို့တော့ အရေးကြီးပါတယ်။ နိုင်ငံသား မဖြစ်သင့်တဲ့သူတွေကို နိုင်ငံသားကတ် ထုတ်ပေးမှာကိုတော့ စိုးရိမ်ပါတယ်။ တချို့တွေက လဝကကို ငွေပေးပြီးလုပ်မှာစိုးလို့ လဝက သူဌေးဖြစ်သွားတဲ့ ဥပဒေဖြစ်သွားမှာလည်းစိုးလို့ ဦးဇင်းတို့ကတော့ စောင့်ကြည့်သွားမယ်” ဟု မိန့်ကြားသည်။
 အမိန့်ကြော်ငြာစာတွင် ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူ များမှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မ ခွဲ (၁) ပါ ပြဋ္ဌာန်းချက်နှင့် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏ နည်းဥပဒေ ၁၃၊ နည်းဥပဒေခွဲ (၃) ပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအချို့သို့ လိုအပ်ချက်အရ ကိုင်ဆောင်ရန် ယာယီသက်သေခံ လက်မှတ်များအား ထုတ်ပေးခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်အား မိုးပွင့်အထူးစီမံချက်ဖြင့် အရှိန်မြှင့် ဆောင်ရွက်နေပြီဖြစ်၍ ယာယီသက်သေခံ လက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်ကို ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက် သတ်မှတ်ပါသည်ဟု ဖော်ပြထားသည်။
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး နည်းဥပဒေများ၏ နည်းဥပဒေ ၁၃ နည်းဥပဒေခွဲ (၄) ပါ ပြဋ္ဌာန်းချက်နှင့်အညီ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်း၊ စိစစ်မှုခံယူခြင်းတို့ကို သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များကို လိုက်နာ၍ နည်းလမ်းတကျ ဆောင်ရွက်ကြရမည်။ သက်တမ်းကုန်ဆုံးသည့် လက်မှတ်များ အပ်နှံခြင်းကို ၂ဝ၁၅ ခုနှစ် မေ ၃၁ ရက်နောက်ဆုံးထား၍ ဆောင်ရွက်ရမည် ဖြစ်ပါသည်ဟု ဖော်ပြထားသည်။
ထို့ပြင် ယာယီသက်သေခံ လက်မှတ်နှင့် စပ်လျဉ်း၍ ရဟန်းရှင်လူ ပြည်သူအပေါင်းက ဝေဖန်သုံးသပ်မှုများ ရှိနေသည့်အတွက် ယာယီသက်သေခံ လက်မှတ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ် အကြံပြုရေးကော်မရှင်ကို ပညာရှင်များ၊ ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းတာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ကြေညာအပ်ပါသည်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။                  
 

Most Read

Most Recent