၂၀၁၅ ရွေးကောက်ပွဲ၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တိုင်းဒေသကြီးများအဓိကထား၍ မြို့နယ် ၁၃၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၁၅ ရွေးကောက်ပွဲ၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တိုင်းဒေသကြီးများအဓိကထား၍ မြို့နယ် ၁၃၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်
Published 12 February 2015
ကျော်ဇင်ဝင်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် တိုင်းဒေသကြီးများအဓိကထား၍ မြို့နယ် ၁၃၅ ခုရှိ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟန်ရွှေက ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြောကြားသည်။ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် မြို့နယ်တစ်ခုလျှင် ပြည်သူလွှတ်တော်တစ်နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နှစ်နေရာ စုစုပေါင်းသုံးနေရာဖြစ်သဖြင့် မြို့နယ် ၁၃၅ ခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ရွေးကောက်ပွဲယှဉ်ပြိုင်ရန်အတွက် အဆင့်နှစ်ဆင့်သတ်မှတ်ထားပြီး ပထမအဆင့်အနေဖြင့် မြို့နယ် ၁၃၅ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ဒုတိယအဆင့်အနေဖြင့် မြို့နယ် ၁၃၅ ခုအပြင် ထပ်တိုးမြို့နယ် ၇၉ ခုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အဆင့် မဲဆန္ဒနယ်များကို ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ထားကြောင်း သိရသည်။"ဥပမာ ချင်းဆိုပါတော့။ ချင်းမှာ လေးပါတီ ငါးပါတီလောက်ရှိတယ်။ အဲဒီတော့ အဲဒီလိုနေရာမျိုးမှာ ကျွန်တော်တို့သွားပြီးလုပ်ဖို့အခက်အခဲရှိတယ်။ တချို့ အပစ်အခတ်တော့ရပ်စဲထားတယ်။ လက်နက်ကိုင်ထားတာတွေရှိတယ်။ ဥပမာ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုရင် လက်နက်ကိုင်ထားတာရှိတယ်။ အစည်းအဝေးတွေဘာတွေလုပ်ဖို့ အခက်အခဲရှိတယ်။ မလွယ်ဘူး။ ကချင်ပြည်နယ်မှာ ၂၀၁၀ တုန်းကဆိုရင် ရှေ့မှာဆွေးနွေးပွဲလုပ်နေတယ်။ နောက်မှာ သေနတ်ထမ်းပြီးလမ်းလျှောက်နေတယ်။ ဘယ်လိုမှ အေးအေးဆေးဆေးနားထောင်နိုင်တဲ့အခြေအနေမရှိဘူး။ အဲဒီလိုနေရာတွေဝင်မပြိုင်ဖို့ လုပ်ရတဲ့သဘောရှိတယ်" ဟု ဦးဟန်ရွှေကဆိုသည်။အလားတူ နယ်မြေအေးချမ်းသွားသည့်ဒေသများတွင်လည်း လူမျိုးရေးအရ တစညပါတီအား ဗမာပါတီဟုစွပ်စွဲပြောကြားမှုများရှိပြီး တစညပါတီသည် ဗမာပါတီမဟုတ်ကြောင်း၊ တစညပါတီထဲသို့ဝင်ရောက်သည့် ဒေသခံတိုင်းရင်းသားများကိုလည်း လူမျိုးရေးအရ သစ္စာဖောက်ဟုစွပ်စွဲပြောကြားကာ ခြိမ်းခြောက်မှုများရှိသဖြင့် တိုင်းဒေသကြီးများတွင်သာ အဓိကယှဉ်ပြိုင်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း ဦးဟန်ရွှေကဆိုသည်။ထို့အတူ ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အောက်ခြေအဆင့်နှင့် အဓိကညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အဖြစ် ဗဟိုကော်မတီဝင်များထဲမှ သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်သွားမည်ဖြစ်ပြီး လူငယ်များ၊ အမျိုးသမီးများကိုလည်း ထည့်သွင်းရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ရွေးကောက်ပွဲအတွက် ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဆင့်ထိ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များအား ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်နေရာအများအပြားတွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် မြို့နယ် ၃၀၅ ခုတွင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များဖွဲ့စည်းထားပြီး လက်ရှိတွင် ပါတီဝင်အင်အား ၄၇၀၀၀၀ ကျော်ရှိသည်။               

Most Read

Most Recent