ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်ဟု သူရဦးရွှေမန်းပြောကြား

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်ဟု သူရဦးရွှေမန်းပြောကြား
Published 12 February 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သတင်းထောက်များအားပြောကြားသည်။    ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အဆောက်အအုံ၌ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယကနှင့် မီဒီယာများတွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။    သတင်းထောက်တစ်ဦးမေးမြန်းသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်လာနိုင်ခြင်း ရှိ မရှိ မေးခွန်းနှင့်ပတ်သက်၍ သူရဦးရွှေမန်းက "ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲက ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်နိုင်ပါ့မလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်နိုင်တယ်လို့ပဲဖြေရမှာဖြစ်ပါတယ်။ ခြောက်ပွင့်ဆိုင်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့လွှတ်တော်အကြား တချို့ကိစ္စတွေ သဘောထားမတိုက်ဆိုင်တာတွေရှိတာနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ လွှတ်တော်ကို သဝဏ်လွှာပေးပို့တဲ့အထဲမှာ ဒီကိစ္စကိုကြိုဆိုတယ်။ ဒါကို ဘယ်ပုံဘယ်နည်း Framework တွေချမှတ်ဆောင်ရွက်မယ်ဆိုတာကို ညှိနှိုင်းပြီးနိုင်မယ့်အချိန်ကျလို့ရှိရင် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မယ်လို့ပဲပြောချင်ပါတယ်" ဟုဖြေကြားသည်။    ဆက်လက်၍ ကျောင်းသားများပြင်ဆင်ပေးရန်တောင်းဆိုနေသည့် အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍လည်း "လွှတ်တော်ရဲ့အဓိကတာဝန်က ဥပဒေပြုရေးတာဝန်ရှိပါတယ်။အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုအစိုးရကတာဝန်ယူပြီးတော့ဆောင်ရွက်တာ။ ပညာရေးဝန်ကြီးဌာနကတင်ပြလာတဲ့ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေကနေပြီးတော့ ပြဋ္ဌာန်းအတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ပြဋ္ဌာန်းအတည်ပြုပြီးသားဥပဒေဟာ ဒီနေ့ တည်ဆဲဥပဒေဖြစ်ပါတယ်။ တည်ဆဲဥပဒေထဲက အချို့၊ ဒီနေ့ဒီအချိန်ကာလနဲ့ ကိုက်ညီမှုမရှိဘူး။ ဆီလျော်မှုမရှိဘူးဆိုလို့ ပြင်ဆင်ချင်တယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် ပြည်ထောင်စုအဆင့်အဖွဲ့တွေကနေပြီးတော့ ပြင်ဆင်ဖို့ ဥပဒေကြမ်းတင်လာမယ်ဆိုရင်တော့ လွှတ်တော်အနေနဲ့ ပြင်ဆင်လိုတဲ့ဥပဒေများကို ပြီးမြောက်အောင်ဆောင်ရွက်ပေးဖို့အစီအစဉ်ရှိပါတယ်။ အဲဒီနည်းတူ ဒီနေ့အများအခေါ်အဝေါ် လေးပွင့်ဆိုင်ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ဘက်က ကိုယ်စားလှယ် ၂၀ ဦးစလွှတ်ပြီးပါပြီ။ ပြည်ထောင်စုလွှတ်တော်၊ နောက်ပြီးတော့ လွှတ်တော်အသီးသီးကနေပြီး နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကိုဖြစ်ထွန်းစေသောဥပဒေများ ပြဋ္ဌာန်းလျက်ရှိပါတယ်။ အဲဒီနည်းတူ ပြဋ္ဌာန်းလိုက်တဲ့ဥပဒေဟာ တရားမျှတပြီး အများပြည်သူလိုက်နာနိုင်တဲ့ဥပဒေဖြစ်ဖို့ ရှေးရှုဆောင်ရွက်နေပါတယ်" ဟုပြောကြားသည်။    ထို့ပြင် ကျောင်းသားသပိတ်များမှတစ်ဆင့် ၈၈ အရေးအခင်းမျိုးမဖြစ်ပေါ်စေလိုကြောင်း သူရဦးရွှေမန်းကပြောကြားသည်။

Most Read

Most Recent