ရန်ကုန်မြို့ရှိ အဆောက်အအုံကြီး/ငယ်များကို ဆောက်လုပ်ခွင့်ပြုထားသော လက်ရှိ နည်းဥပဒေများသည် မြို့ပြအဆောက်အအုံ၊ မြို့ပြလူနေမှုဝန်းကျင်နှင့် မကိုက်ညီတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ရန်ကုန်မြို့ရှိ အဆောက်အအုံကြီး/ငယ်များကို ဆောက်လုပ်ခွင့်ပြုထားသော လက်ရှိ နည်းဥပဒေများသည် မြို့ပြအဆောက်အအုံ၊ မြို့ပြလူနေမှုဝန်းကျင်နှင့် မကိုက်ညီတော့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 10 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ရန်ကုန်မြို့ရှိ အဆောက်အအုံကြီး/ငယ်များကို ဆောက်လုပ်ခွင့်ပြုထားသော လက်ရှိ နည်းဥပဒေများသည် မြို့ပြအဆောက်အအုံ၊ မြို့ပြလူနေမှုဝန်းကျင်နှင့် ကိုက်ညီမှု မရှိတော့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။“မြေလွတ်မကျန်သည့် ဆောက်လုပ်ရေး စီမံကိန်းများ၊ အရည်အသွေးမမီသော ဆောက်လုပ်မှုများ လတ်တလော ဆိုင်းငံ့ထားရန်၊ ရေရှည်တည်တံ့သော မြို့ပြစီမံခန့်ခွဲမှုအတွက် ပညာရှင်များ ပါဝင်သည့် ကောင်စီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်နှင့် မြေအသုံးချမှု အဆောက်အအုံအမြင့် ကန့်သတ်သည့် ဇုန်ခွဲများမှ အစီအမံများ အတည်ပြုပြဋ္ဌာန်းရန် အစီအစဉ် ရှိမရှိ” နှင့် ပတ်သက်သော မေးခွန်းများကို မေးမြန်းခဲ့ခြင်းဖြစ်သည်။“ရန်ကုန်မြို့ လူဦးရေသိပ်သည်းဆ ဘယ်လောက်များလဲဆိုရင် တချို့မြို့နယ်တွေမှာ တစ်ဟက်တာကို လူဦးရေ တစ်ထောင်ကျော် ရှိနေပါတယ်။ အဲဒီလို နေရာမျိုးမှာ မြို့ပြအင်္ဂါရပ်နဲ့ မကိုက်ညီတဲ့ အဆောက်အအုံများ ဆောက်လုပ်နေပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှု ရှေးဟောင်းထိန်းသိမ်းရမယ့် ရွှေတိဂုံစေတီတော် အပါအဝင် သမိုင်းအမွေအနှစ်များ နေရာကို ထိခိုက်လာတဲ့ ဆောက်လုပ်ရေး စီမံကိန်းကလည်း အများအပြား ဖြစ်နေပါတယ်။ အကျိုးဆက်ကတော့ အားလုံး သိတဲ့အတိုင်းပဲ ရန်ကုန်မြို့ကြီးက ရေလျှံတယ်။ ကားရပ်ဖို့နေရာ မရှိဘူး။ မီးလောင်လို့ရှိရင် ပြေးလမ်း မရှိတော့ဘူး။ အဲဒီအပြင် ကျန်းမာရေးတွေ ထိခိုက်ပြီးတော့ လူနေမှု အဆင့်အတန်းတွေကိုပါ ထိပါးလာတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ထည့်သွင်းပြောကြားသည်။အဆိုပါ မေးခွန်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၄) မှ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရည်အသွေးမမီသော ဆောက်လုပ်မှုများ စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရပ်ဆိုင်းစေပြီး ဖြိုဖျက်၍ ပြင်ဆင်စေခြင်း၊ အားဖြည့်စေခြင်းများအား လိုအပ်သလို ဆောင်ရွက်စေလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။ရန်ကုန်မြို့တော် မြေအသုံးချမှု၊ ဇုန်ခွဲခြားသတ်မှတ်မှုနှင့် အဆောက်အအုံအမြင့် ကန့်သတ်သည့် အစီအမံများအား အတည်ပြု ပြဋ္ဌာန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ဆိုသည်။စိမ်းလန်းမြေဧရိယာ သတ်မှတ်ခြင်း၊ မိသားစုလုံးချင်း အဆောက်အအုံ ဆောက်လုပ်မည့် ဧရိယာ သတ်မှတ်ခြင်း၊ ရေရှည်တွင် စနစ်တကျ ထိန်းချုပ်နိုင်မည့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲနိုင်ရေးအတွက် မြို့နယ်အလိုက် မြေအသုံးချခွင့်နှင့် ပတ်သက်သည့် အမြင့်ကန့်သတ်ဇုန်များကို သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ထပ်ဆင့်မေးခွန်း မေးမြန်းရာတွင် “ဒီနေ့ ရန်ကုန်မြို့ရဲ့ အဆောက်အအုံကြီး၊ ငယ်တွေကို ဆောက်လုပ်ခွင့်ပြုတဲ့ လက်ရှိနည်းဥပဒေဟာ ခေတ်မမီတော့ဘဲ ရန်ကုန်မြို့ကြီးကို အန္တရာယ်ရှိပြီးတော့ ကယ်တင်ဖို့အတွက် သက်ဆိုင်သူ တာဝန်သိသူ၊ မြို့တော်ချစ်သူတွေက မြန်မာနိုင်ငံ ဗိသုကာအသင်းနဲ့အတူ ရန်ကုန်မြို့တော်ကို ကယ်တင်ဖို့ ကြိုးပမ်းနေကြပါတယ်။ အဓိကတော့ ပြဿနာရဲ့ အချုပ်ကတော့ ရန်ကုန်မြို့ရဲ့ လက်ရှိ နည်းဥပဒေတွေဟာ အခု မြို့ပြအဆောက်အအုံနဲ့ မြို့ပြလူနေမှုဝန်းကျင်ဟာ မကိုက်ညီတော့ပါဘူး။ ဒါကြောင့် ပြည်ထောင်စု အစိုးရရော၊ ရန်ကုန်တိုင်းအစိုးရရော လက်ရှိအခြေအနေနဲ့ ကိုက်ညီပြီး ရန်ကုန်မြို့ကြီးကို ကယ်တင်နိုင်ဖို့ နည်းဥပဒေများကို အမြန်ဆုံး ပြင်ဆင်နိုင်ဖို့နဲ့ မြို့ပြစီမံကိန်း ထိန်းချုပ်မှု အစီအစဉ်များကို ပညာရှင်များပါဝင်တဲ့ ကောင်စီနဲ့အတူ ဘယ်အချိန်မှာ အကောင်အထည် ဖော်နိုင်မလဲဆိုတာ ရှင်းလင်းပေးပါလို့ ဒုဝန်ကြီးအား မေတ္တာရပ်ခံပါတယ်” ဟု ပြောကြားသည်။အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီး နောက်တစ်ချိန်မှာ ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြောကြားသည်။

Most Read

Most Recent