ပင်မသပိတ်စစ်ကြောင်း အပါအဝင် ရန်ကုန်မြို့သို့ ချီတက်နေသည့် ကျောင်းသားသပိတ် စစ်ကြောင်းများ ယနေ့ပြုလုပ်မည့် ဆွေးနွေးပွဲရလဒ်ကို စောင့်ဆိုင်းနေ

ပင်မသပိတ်စစ်ကြောင်း အပါအဝင် ရန်ကုန်မြို့သို့ ချီတက်နေသည့် ကျောင်းသားသပိတ် စစ်ကြောင်းများ ယနေ့ပြုလုပ်မည့် ဆွေးနွေးပွဲရလဒ်ကို စောင့်ဆိုင်းနေ
Published 10 February 2015
မင်းသိန်းနိုင်၊ ရှိုင်းလင်းအောင်၊ သက်ပိုင်ဇော်၊ ဝေလင်း၊ ဘိုဘိုမြင့်၊ အောင်ကျော်မျိုး

အမျိုးသားပညာရေး ဥပဒေအား သပိတ်မှောက် ဆန္ဒပြကာ ရန်ကုန်မြို့သို့ ချီတက်နေသည့် ကျောင်းသားသပိတ် စစ်ကြောင်းများ အနေဖြင့် ဖေဖော်ဝါရီ ၁၁ ရက် (ယနေ့)တွင် ပြုလုပ်မည့် အစိုးရနှင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ရလဒ်ကို စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။အနယ်နယ် အရပ်ရပ်မှ ချီတက်လာကြသော ကျောင်းသားသပိတ် စစ်ကြောင်းများအနက် မန္တလေးမှ ချီတက်လာသည့် ပင်မသပိတ်စစ်ကြောင်းမှာ ဖေဖော်ဝါရီ ၉ ရက်က ရောက်ရှိနေသည့် ပြည်မြို့တွင် လှည့်လည်ဟောပြောမှုများ ပြုလုပ်ကာ ချီတက်မှု ရပ်နားထားပြီး၊ ပုသိမ်မြို့မှ ချီတက်လာသည့် ဧရာဝတီ သပိတ်စစ်ကြောင်းမှာလည်း မအူပင်မြို့တွင်ပင် ဆက်လက်ရှိနေပြီး မြို့တွင်းရှိ အခြေခံပညာ ကျောင်းများသို့ လှည့်လည်ကာ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ၎င်းတို့ လက်မခံနိုင်သည့် အချက်များကို ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။ရန်ကုန်မြို့သို့ ချီတက်နေသည့် စစ်ကြောင်းများအနက်မှ ဖေဖော်ဝါရီ ၇ ရက်က ပခုက္ကူမြို့မှ ချီတက်လာသော မြေလတ်သပိတ်စစ်ကြောင်းမှာ ညအိပ်ရပ်နားခဲ့သော အောင်လံမြို့မှ နံနက် ၁၀ နာရီတွင် စတင်ထွက်ခွာလာပြီး ပြည်မြို့သို့အရောက် ချီတက်ခဲ့ပြီး ထားဝယ်နှင့် မော်လမြိုင်ဒေသမှ ကျောင်းသားများ ပူးပေါင်းထားသည့် ကျောင်းသားသပိတ် စစ်ကြောင်းမှာလည်း ဖေဖော်ဝါရီ ၁၀ ရက်နံနက်တွင် မော်လမြိုင်မှ စတင်ထွက်ခွာလာနေကြောင်း သိရသည်။ 
ပင်မသပိတ်စစ်ကြောင်းမန္တလေးမှ ချီတက်လာသည့် အမျိုးသားပညာရေး သပိတ်မှောက် ပင်မကျောင်းသား စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၀ ရက် နံနက်က မြို့နှင့် ငါးမိုင်ခန့်အကွာရှိ နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကာ တာဝန်ရှိသူများထံ ဝင်ခွင့်တောင်းခဲ့ရာတွင် ကျောင်းဝင်းထဲသို့ ပေ ၁၀၀ ခန့်မျှသာ ဝင်ခွင့်ပြုဟောပြောစေခဲ့ပြီး ဗကသများ အဖွဲ့ချူပ်ဥက္ကဋ္ဌ ကျော်ကိုကိုက ၎င်းတို့စစ်ကြောင်းသည် လက်ရှိအမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရန် တောင်းဆို လမ်းလျှောက်သပိတ်မှောက်နေခြင်း ဖြစ်ပြီး မည်သည့်အတားအဆီး အခက်အခဲများ ကြုံတွေ့ပါစေ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဟောပြောလှုံ့ဆော်ခဲ့သည်။ပြည်မြို့သို့ ရောက်ရှိနေသော ပင်မသပိတ်မှောက်စစ်ကြောင်း ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းဆုံအဝိုင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ အလေးပြုနေစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
သပိတ်စစ်ကြောင်းတွင် ပါဝင်လာသည့် ကျောင်းသားငါးဦးခန့်ကလည်း လက်ရှိပညာရေးစနစ်၏ ဆိုးရွားနေမှုများ၊ အားနည်းချက်များ၊ သပိတ်မှောက်ရာတွင် ပါဝင်လာစဉ် ကျောင်းမှ ဖိအားပေးမှုများ ရှိနေကြောင်း အသီးသီး ဟောပြောခဲ့ကြသည်။ပင်မသပိတ်စစ်ကြောင်းသည် ပြည်တက္ကသိုလ်သို့ သွားရောက်ပြီး တက္ကသိုလ်ဝင်ပေါက်ရှေ့တွင်လည်း ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။ သပိတ်စစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် ဒေသခံများနှင့်အတူ ပြည်မြို့မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အလေးပြုခဲ့ကာ ဟောပြောမှုများ ပြုလုပ်ခဲ့သလို ရွှေဆံတော်ဘုရား မြောက်ဘက်မုခ်ရှိ နာရီစင်လမ်းဆုံတွင်လည်း ဒေသခံများအား ပညာရေးစနစ်၏ အားနည်းချက်များကို ဟောပြောခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပင်မသပိတ်စစ်ကြောင်းသည် ပြည်မြို့အနီးမှ ရွှေတောင်မြို့သို့ ဆက်လက်ချီတက်ကာ အဆိုပါမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ 
ဧရာဝတီ သပိတ်စစ်ကြောင်းဧရာဝတီ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် အခြားမြို့သို့ ဆက်လက်ချီတက်ခြင်း မပြုဘဲ မအူပင်မြို့အတွင်း အခြေခံပညာကျောင်းများသို့ လှည့်လည်ဟောပြောခဲ့ကြောင်း သိရသည်။ နံနက် ၁၁ နာရီခန့်တွင် ကျောင်းသား ၁၀၀ ခန့်ပါဝင်သော သပိတ်စစ်ကြောင်းသည် မအူပင် အ.ထ.က (၁)ကျောင်းရှေ့တွင် မိနစ် ၂၀ ကြာ ဟောပြောခဲ့သည်။ ထို့နောက် မအူပင် အ.လ.က(၁)ကျောင်းရှေ့သို့ ဆက်လက်ချီတက်ခဲ့ပြီး ဟောပြောရာ ကျောင်းအတွင်းမှ ကျောင်းသား၊ ကျောင်းသူများက စင်္ကြံလမ်းသို့ထွက်ကာ အားပေးခဲ့သည်။ ဟောပြောမှုအပြီးတွင် အ.လ.က (၁) ကျောင်းသားများနှင့် စစ်ကြောင်းမှ ကျောင်းသားများက ဗိုလ်ချုပ်အောင်ဆန်းကဗျာကို သံပြိုင်ရွတ်ဆိုခဲ့ကြသည်။ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် မအူပင် အ.ထ.က(၂)သို့ စစ်ကြောင်းဆက်လက်ထွက်ခွာခဲ့ပြီး ၁၂ နာရီ မိနစ် ၂၀ မှ စတင်ဟောပြောခဲ့သည်။ ဟောပြောမှုအပြီး မအူပင် အ.ထ.က (၃)ရှေ့သို့ ဆက်လက်ချီတက်ကာ မွန်းလွဲ ၁ နာရီမှ စတင်၍ နာရီဝက်ကြာ ဟောပြောခဲ့ပြီး ကျောင်းသားကလေးငယ်များနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းကဗျာကို သံပြိုင်ရွတ်ဆိုပြီးနောက် သပိတ်စစ်ကြောင်း ရပ်နားခဲ့သည်။ မအူပင်မြို့ရှိ အထက်တန်းကျောင်းများသို့ ဧရာဝတီစစ်ကြောင်း ချီတက်ခဲ့ရာတွင် ကျောင်းတံခါးများ ပိတ်ထားခဲ့သော်လည်း ကျောင်းပြင်ပ ဟောပြောမှုကို တစ်စုံတစ်ရာ တားမြစ်ခြင်း မရှိခဲ့ပေ။ ညနေ ၃ နာရီခွဲခန့်တွင် ဧရာဝတီ သပိတ်စစ်ကြောင်းမှ ကျောင်းသား/သူများ တည်းခိုရာ မအူပင်မြို့၊ မေတ္တာရှင်မိဘမဲ့ ပရဟိတ အမျိုးသမီးဂေဟာသို့ ရွှေညဝါဆရာတော်ကြီး လာရောက်သြဝါဒပေးခဲ့သည်။ ထိုကဲ့သို့ သြဝါဒပေးရာ နေရာသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုနှင့် စည်ပင်ဝန်ကြီး ဦးကျော်ဝင်းနိုင်၊ မအူပင်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာခဲ့သည်။မြေလတ်ကျောင်းသား သပိတ်မှောက်စစ်ကြောင်း အောင်လံမြို့အတွင်း ချီတက်လာစဉ်
မြေလတ်ကျောင်းသား သပိတ်စစ်ကြောင်းပခုက္ကူ၊ မုံရွာ၊ ရေနံချောင်း၊ ချောက်၊ မကွေးမြို့များ တက္ကသိုလ်ကျောင်းများမှ ကျောင်းသားများ ပါဝင်သော မြေလတ်ကျောင်းသား သပိတ်စစ်ကြောင်းသည် မကွေးမြို့မှတစ်ဆင့် အောင်လံမြို့သို့ ဖေဖော်ဝါရီ ၉ ရက်က ရောက်ရှိခဲ့ပြီး တစ်ညအိပ်နားခိုကာ ဖေဖော်ဝါရီ ၁၀ ရက်တွင် အောင်လံမြို့တွင်းသို့ လှည့်လည်ပြီး အမျိုးသားပညာရေး ဥပဒေကြမ်းကို သပိတ်မှောက်ရခြင်း အကြောင်းတရားကို ဒေသခံများသို့ ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် အောင်လံမြို့တွင် နေ့လယ်စာ စားသောက်ပြီး ပြည်မြို့သို့ ဆက်လက်ထွက်ခွာလာရာ လမ်းတစ်လျှောက် ကျေးရွာများမှ အားပေးကြိုဆိုခဲ့ကြပြီး ပြည်မြို့သို့ ညနေ ၄ နာရီခွဲခန့်က ရောက်ရှိခဲ့သည်။“အမျိုးသားပညာရေး ဥပဒေကို လွှတ်တော်က ၂၀၁၄ စက်တင်ဘာလမှာ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ စစ်တစ်ပိုင်းလွှတ်တော်က စစ်တပ်က ထောက်ခံပေးထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်း ဖြစ်ပါတယ်။ အိမ်တိုင်း အိမ်တိုင်းမှာ စစ်သားမရှိဘူး။ အိမ်တိုင်းအိမ်တိုင်းမှာ ကျောင်းသားရှိတယ်။ ဒါဆိုရင် စစ်သားတွေ အလိုကျ ဥပဒေ ပြဋ္ဌာန်းမလား ကျောင်းသားတွေအလိုကျ ဥပဒေ ပြဋ္ဌာန်းမလား၊ အခုဟာ စစ်သားတွေ အလိုကျ ဥပဒေကြီး ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လမ်းပေါ်ထွက် သပိတ်မှောက်နေတာ ဖြစ်ပါတယ် ခင်ဗျ” ဟု ကျောင်းသားခေါင်းဆောင်တစ်ဦးက အောင်လံမြို့တွင် ဟောပြောခဲ့သည်။မြေလတ်သပိတ်စစ်ကြောင်း အောင်လံမြို့သို့ ဝင်ရောက်ချိန်တွင် အောင်လံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သရက်ခရိုင် အုပ်ချုပ်ရေးမှူးက ငြိမ်းစုစီဥပဒေနှင့် မညီကြောင်း လာရောက်ပြောကြားခဲ့ပြီး သပိတ်မှောက် ကျောင်းသားများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ မြေလတ်သပိတ်စစ်ကြောင်းနှင့်အတူ ကျောင်းသားအယောင်ဆောင် ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတစ်ဦး လိုက်ပါလာသဖြင့် အောင်လံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ အပ်နှံခဲ့ရကြောင်း သိရသည်။မြေလတ် ကျောင်းသားသပိတ် စစ်ကြောင်းသည် အောင်လံမြို့မှတစ်ဆင့် ပြည်မြို့သို့ ဆက်လက်ထွက်ခွာလာရာ ပြည်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက တီတွတ်ကျေးရွာအထိ လာရောက်အားပေး ကြိုဆိုခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်တွင် ဆွေးနွေးပွဲ ရှိနေသဖြင့် ပြည်မြို့တွင် သပိတ်စစ်ကြောင်းနားပြီး မော်လမြိုင်၊ ထားဝယ်စစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။ 
မော်လမြိုင် ထားဝယ် သပိတ်စစ်ကြောင်းဖေဖော်ဝါရီ ၁၀ ရက် နံနက်က မော်လမြိုင်မှ စတင်ထွက်ခွာလာသော ထားဝယ်ဒေသမှ ကျောင်းသားများနှင့် မော်လမြိုင်မှ ကျောင်းသားများ ပူးပေါင်းထားသည့် သပိတ်စစ်ကြောင်းသည် မွန်ပြည်နယ် သထုံမြို့သို့ ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့သည်။ထားဝယ်ခရိုင် သပိတ်မှောက်စစ်ကြောင်း မော်လမြိုင် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိစဉ်
သပိတ်မှောက် ကျောင်းသားများသည် သထုံမြို့ ရွှေစာရံစေတီ အနီးတွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သပိတ်မှောက် ဆန္ဒပြနေရသည့် အကြောင်းရင်းအား ဒေသခံများကို ဟောပြောခဲ့ပြီး မြန်မာနိုင်ငံ ပညာရေးစနစ်၏ အားနည်းချက်များကို ဝေဖန်ထောက်ပြခဲ့ကြသည်။ ထားဝယ်နှင့် မော်လမြိုင်မှ ကျောင်းသားများ စုပေါင်းထားသော စစ်ကြောင်းများသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် သထုံမြို့၌ ညအိပ်ရပ်နားခဲ့သည်။    

Most Read

Most Recent