နေထိုင်သည့်လူဦးရေ နည်းပါးသော နေပြည်တော်ကောင်စီ နယ်မြေတစ်ခုလုံးကို မြို့ပြဧရိယာ ထပ်မံတိုးချဲ့နေခြင်းကြောင့် လူအများ ဒုက္ခရောက်နေရကြောင်း ဒေါက်တာမြတ်ဉာဏစိုး ဝေဖန်

နေထိုင်သည့်လူဦးရေ နည်းပါးသော နေပြည်တော်ကောင်စီ နယ်မြေတစ်ခုလုံးကို မြို့ပြဧရိယာ ထပ်မံတိုးချဲ့နေခြင်းကြောင့် လူအများ ဒုက္ခရောက်နေရကြောင်း ဒေါက်တာမြတ်ဉာဏစိုး ဝေဖန်
Published 10 February 2015
စိုးမင်းထိုက်

လက်ရှိတွင် နေထိုင်သည့် လူဦးရေ နည်းပါးသည့်အတွက် နေပြည်တော်ကောင်စီနယ်မြေ တစ်ခုလုံးအား မြို့ပြဧရိယာအဖြစ် သွတ်သွင်းကာ ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခြင်းမှာ မသင့်လျော်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဝေဖန်ခဲ့သည်။ဒေါက်တာမြတ်ဉာဏစိုးက “နေပြည်တော် ကောင်စီဆိုတဲ့ နယ်မြေကြီး တစ်ခုလုံးကို ပြည်ထောင်စုနယ်မြေလို့ သတ်မှတ်ထားတယ်။ မြို့ပြကြီး တစ်ခုလုံးအဖြစ် သွတ်သွင်းဖို့ မသင့်ဘူး။ သူရဲ့ဧရိယာကို ပြန်ချုံ့နိုင်ရမယ်။ ရန်ကုန်တိုင်းဒေသကြီးဆိုရင် ၄၅ မြို့နယ် ရှိတယ်။ ဒါပေမဲ့ ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်ဟာ မြို့နယ် ၃၀ ကျော်လောက်ပဲ ရှိတယ်။ အဲဒီလို ဖြစ်ရမှာ။ အခုဟာက မြို့နယ်ရှစ်ခုလုံးရဲ့ ဧရိယာကြီး တစ်ခုလုံးကို သွတ်သွင်းပစ်တယ်။ ဒါဟာ မလျော်ညီဘူးလို့ ထင်တယ်လေ။ ဧရိယာ သိပ်ကြီးနေတယ်။ နေမယ့်ထိုင်မယ့်လူလည်း သိပ်ရှိတာ မဟုတ်ဘူး။ ဒါကြောင့် နေပြည်တော် စည်ပင်သာယာရေး နယ်နိမိတ်ကို ပြန်ပြုပြင် သတ်မှတ်သင့်တယ်။ တိကျကျစ်လျစ်တဲ့ တကယ့်ကို လက်တွေ့ကျတဲ့ နယ်မြေအဖြစ် သတ်မှတ်သင့်တယ်” ဟု ပြောကြားသည်။
မြို့ပြဧရိယာ ထပ်မံတိုးချဲ့နေတဲ့အတွက် မြေသိမ်း၊ ယာသိမ်းတွေနဲ့ ဒုက္ခရောက်နေတဲ့သူတွေ ရှိပါတယ်။ ဖွံ့ဖြိုးမှုလည်း ရှိနေပါပြီ။ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေမှုတွေကို ရပ်တန့်သင့်ပါပြီ . . . . .

နေပြည်တော် ကောင်စီနယ်မြေတွင် လူနေထိုင်မှု နည်းပါးကြောင်း၊ နေပြည်တော်ရှိ ကန်များအား မီးအလှဆင်ရန် ဘတ်ဂျက်တောင်းမှုများ ရှိခဲ့ကြောင်း၊ မန္တလေးကျုံးနံဘေး၊ ရန်ကုန်ရှိ ကန်တော်ကြီးများနှင့် ယှဉ်ပါက အနားယူသူ နည်းပါးကြောင်း၊ ဘတ်ဂျက်သုံးစွဲရာတွင်လည်း အခြားတိုင်းနှင့် ပြည်နယ်များထက် များပြားကြောင်း၊ ထို့အတွက် ဘတ်ဂျက်ဖြတ်တောက်မှုများ လုပ်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက “မြို့ပြဧရိယာ ထပ်မံတိုးချဲ့နေတဲ့အတွက် မြေသိမ်း၊ ယာသိမ်းတွေနဲ့ ဒုက္ခရောက်နေတဲ့သူတွေ ရှိပါတယ်။ ဖွံ့ဖြိုးမှုလည်း ရှိနေပါပြီ။ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေမှုတွေကို ရပ်တန့်သင့်ပါပြီ။ နေထိုင်တဲ့ လူဦးရေကို တိကျစွာ တွက်ချက်လုပ်ဆောင်မယ့် လက်တွေ့ကျတဲ့ မြို့ပြစီမံကိန်းရှိဖို့ လိုပါတယ်” ဟု ပြောကြားသည်။နေပြည်တော်ကောင်စီဝင် ဦးကံချွန်က “နေပြည်တော်ကို မြို့ပြစီမံကိန်းအရ အခြေခံ အဆောက်အအုံတွေ တည်ဆောက်ပြီးသော်လည်း မြို့ပြစီမံကိန်းအရ အပြီးသတ် အကောင်အထည်ဖော်မှုတွေ ဆောင်ရွက်နေတာပါ” ဟု ပြောကြားသည်။ဒေါက်တာမြတ်ဉာဏစိုးက နေပြည်တော်ကောင်စီဝင် ဖြေကြားမှုများသည် ဆင်ဝှေ့ရန်ရှောင်သာ ဖြေသွားကြောင်း၊ မေးမြန်းရန် အချိန်မရသည့်အတွက် ထပ်မံမမေးမြန်းခဲ့ရကြောင်း၊ မေးမြန်းခွင့်ရမည် ဆိုပါက မြို့ပြဧရိယာ တိုးချဲ့မှု ရပ်တန့်မည်လားဟု မေးမြန်းမည်ဖြစ်ကြောင်း၊ စီမံကိန်းများ ရပ်တန့်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်နေမှုများသည် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြားထားသည့် ဆီးသီးဗန်းကိစ္စများကြောင့် ဖြစ်ကြောင်း၊ နေပြည်တော်၏ ဖွံ့ဖြိုးရေး စီမံကိန်းများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း ပြောကြားသည်။                    

Most Read

Most Recent