ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် (၁၀၀) ပြည့်အခမ်းအနားကို လွှတ်တော်၌ကျင်းပမည်ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များအား ဖိတ်ကြားထား

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ် (၁၀၀) ပြည့်အခမ်းအနားကို လွှတ်တော်၌ကျင်းပမည်ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များအား ဖိတ်ကြားထား
Published 9 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀)  ပြည့်မွေးနေ့အခမ်းအနားကို လွှတ်တော်တွင်ကျင်းပမည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များကို ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီမှစတင်ကာ ပြည်ထောင်စုလွှတ်တော် ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် မွေးနေ့အခမ်းအနား စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ နှစ် (၁၀၀) ပြည့်အခမ်းအနားကျင်းပရန် ပြည်ထောင်စုလွှတ်တော်ရုံးမှ ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အခမ်းအနားကျင်းပရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားသည်။"ရည်ရွယ်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းက တို့နိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ အားလုံးရဲ့ရင်ထဲမှာ အမြဲရှိနေတဲ့ ထာဝရအမျိုးသားခေါင်းဆောင်ကြီးပဲလေ။ ဒီအမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ် (၁၀၀) ပြည့်မွေးနေ့မှာ ကြုံတောင့်ကြုံခဲ အန်ကယ်တို့ ဗိုလ်ချုပ်ကို အမှတ်တရအဖြစ်နဲ့သော်လည်းကောင်း၊ ဗိုလ်ချုပ်မှာကြားခဲ့တဲ့ လမ်းညွှန်ချက်တွေ၊ သြဝါဒတွေကို လိုက်နာဆောင်ရွက်ဖို့လည်းကောင်း၊ နောက်ဗိုလ်ချုပ်ဟာ အသက်စွန့်ပြီးတော့ နိုင်ငံတော်ကို လွတ်လပ်ရေးရအောင် ဆောင်ရွက်ပေးသွားတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အဲဒီအချက်တွေကြောင့် ဒီအခမ်းအနားကိုကျင်းပရခြင်းဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်ကပြောကြားသည်။သူရဦးအေးမြင့်က "အဓိက,ကတော့ အားလုံးရဲ့ရင်ထဲအသည်းထဲမှာ ဗိုလ်ချုပ်ဆိုတာကို နှစ် (၁၀၀) ပြည့်မှာ ပြန်ပြီးတော့ ထင်ထင်ရှားရှားပေါ်လာအောင် ဆောင်ရွက်လိုခြင်းဖြစ်ပါတယ်" ဟုဆိုသည်။ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အခမ်းအနားတွင် "အခုလုပ်နေတဲ့ ဗိုလ်ချုပ်ရဲ့မှတ်တမ်းရုပ်ရှင်ပေါ့လေ။ အဲဒါလေးကိုစုဆောင်းထားပြီးတော့မှ ရှစ်မိနစ်၊ ကိုးမိနစ်စာလောက်ပြပါမယ်။ အဲဒါပြီးတဲ့နောက်မှာ ပြည်ထောင်စုလွှတ်တော်နာယကကြီး အမှာစကားပြောပါမယ်။ အဲဒါပြီးတဲ့နောက်မှာ ပါတီ ၁၉ ခုနဲ့ တပ်မတော်သားကိုယ်စားလှယ်ဆိုပြီးတော့ စုစုပေါင်းအဖွဲ့ ၂၀ ရှိပါတယ်။ အဲဒီ ၂၀ က ကိုယ်စားလှယ်တစ်ဦးစီ စာတမ်းဖတ်ပါမယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ဗိုလ်ချုပ်ရဲ့အမှတ်တရပေါ့။ အဲဒါကို ခြောက်မိနစ်စီဖတ်ပါမယ်" ဟု သူရဦးအေးမြင့်ကပြောကြားသည်။လွှတ်တော်၌ကျင်းပမည့် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ နှစ် (၁၀၀) ပြည့်အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ စသည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များကို ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။"တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်းဖိတ်ထားတယ်။ တခြား နိုင်ငံတော်အဆင့်တွေလည်း အကုန်လုံးဖိတ်ထားတယ်။ တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့ နောက် ဒီခုံရုံးဥက္ကဋ္ဌတို့ပေါ့ကွာ။ တက်ဖို့၊ မတက်ဖို့ကတော့ ပြန် Confirm တော့မလာသေးဘူး။ သမ္မတကြီးကိုဖိတ်တာတော့မသိဘူး။ အဲဒါတော့ တို့ကော်မတီအဆင့်လောက်ကဖိတ်လို့မရဘူး" ဟု ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့်အခမ်းအနားကျင်းပရေး ဗဟိုကော်မတီမှအဖွဲ့ဝင် ဦးစောလှထွန်းကပြောကြားသည်။"အဘဗိုလ်ချုပ်ကမှာသွားတယ်။ တို့နိုင်ငံကြီးတိုးတက်ဖို့၊ ကိုယ်ကျိုးတွေစွန့် အကုန်လုံးစည်းလုံးညီညွတ်ဖို့၊ စည်းလုံးညီညွတ်မှသာလျှင် အောင်မြင်မယ်ဆိုတာကို သက်သေသာဓကတွေနဲ့ မိန့်ကြားသွားတာတွေ အများကြီးကြားခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီအချိန်မှာတော့ ကျွန်တော်တို့တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားပြည်သူအားလုံးဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကိုယ့်အမိနိုင်ငံတော်ကြီးတိုးတက်အောင်၊ ဖွံ့ဖြိုးအောင်၊ တည်ငြိမ်အေးချမ်းအောင် အားလုံးပူးပေါင်းဆောင်ရွက်သင့်ပြီလို့ ပြောချင်ပါတယ်" ဟု သူရဦးအေးမြင့်ကပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ နှစ် (၁၀၀) ပြည့်အခမ်းအနားကို အစိုးရဘက်ကဆောင်ရွက်မှုများနှင့်ပတ်သက်၍ "ဒါလဲ သူတို့သဘောပေါ့နော်။ ဒါက ပြည်သူကဆုံးဖြတ်ရမှာပေါ့။ လုပ်သင့်မလုပ်သင့်ဆိုတာ ပြည်သူကသိပါတယ်။ လုပ်တာ၊ မလုပ်တာကတော့ ကာယကံရှင်တွေနဲ့ပဲဆိုင်တာပါပဲ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကိုပြောကြားသည်။ 

Most Read

Most Recent