အမေရိကန်အနေဖြင့် နိုင်ငံရေးအရအဆင်မပြေသည့်နိုင်ငံများအား ဘာသာရေးခွဲခြားဆက်ဆံမှု အထူးစိုးရိမ်ရသောနိုင်ငံများစာရင်းတွင်သွတ်သွင်း၍ ထိုးနှက်သည့်အတွက် မြန်မာနိုင်ငံပါဝင်နေခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဒုဝန်ကြီးပြောကြား

အမေရိကန်အနေဖြင့် နိုင်ငံရေးအရအဆင်မပြေသည့်နိုင်ငံများအား ဘာသာရေးခွဲခြားဆက်ဆံမှု အထူးစိုးရိမ်ရသောနိုင်ငံများစာရင်းတွင်သွတ်သွင်း၍ ထိုးနှက်သည့်အတွက် မြန်မာနိုင်ငံပါဝင်နေခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဒုဝန်ကြီးပြောကြား
Published 9 February 2015
စိုးမင်းထိုက်

အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့နှင့် နိုင်ငံရေးအရအဆင်မပြေသည့်နိုင်ငံများအား ဘာသာရေးခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စရပ်တွင် အထူးစိုးရိမ်ရသောနိုင်ငံများစာရင်းတွင်သွတ်သွင်း၍ ထိုးနှက်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာနိုင်ငံပါဝင်နေခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်ကပြောကြားသည်။ဖေဖော်ဝါရီ ၉ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဦးခင်မောင်ရီက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာရေးလွတ်လပ်ခွင့်အပြည့်အဝရှိသည့် မြန်မာနိုင်ငံကို ဘာသာရေးခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စတွင် အထူးစိုးရိမ်ရသောနိုင်ငံများစာရင်းမှ ပယ်ဖျက်သွားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် မည်သို့စီစဉ်ဆောင်ရွက်သွားမည်ကိုသိရှိလိုကြောင်း မေးမြန်းသည်။ဒုတိယဝန်ကြီးက အမေရိကန်နိုင်ငံသည် IS ကဲ့သို့ အကြမ်းဖက်အဖွဲ့များကိုတိုက်ခိုက်သည့်အချိန်တွင် တစ်ဖက်မှလည်း ၎င်းတို့နှင့် နိုင်ငံရေးအရအဆင်မပြေသည့်နိုင်ငံများအား အဆိုပါခေါင်းစဉ်အောက်တွင် သွတ်သွင်းကာ ထိုးနှက်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံရေးအသွင်ဆောင်သည့် သတ်မှတ်ချက်တစ်ခုဖြစ်ကြောင်း၊ ယင်းကိစ္စသည် အမေရိကန်ကွန်ဂရက်နှင့် အမေရိကန်အစိုးရ၏ သဘောထားများအပေါ်မူတည်၍ သတ်မှတ်ခြင်းဖြစ်ကြောင်း၊ အထူးစိုးရိမ်ရသောနိုင်ငံများစာရင်းမှပယ်ဖျက်ရန်မှာ အမေရိကန်ကွန်ဂရက်နှင့် အမေရိကန်အစိုးရအပေါ်တွင်မူတည်နေကြောင်း ဆက်လက်ပြောကြားသည်။"ဒီစာရင်းက အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ထောင်စုအဆင့် ဘာသာရေးလွတ်လပ်မှုကော်မရှင်က ၂၀၁၄ ခုနှစ် ဇူလိုင်လထဲမှာ ကြေညာထားတာရှိပါတယ်။ အထူးစိုးရိမ်ရတဲ့နိုင်ငံများစာရင်းမှာ မြန်မာအပါအဝင် ကိုးနိုင်ငံရှိပါတယ်။ အဲဒီနိုင်ငံတွေကတော့ တရုတ်၊ အီရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်၊ ဥဇဘက်ကစ္စတန်၊ တာ့ခ်မက်နစ္စတန်နဲ့ မြန်မာနိုင်ငံတို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ ၁၉၉၉ ခုနှစ်ကစကာ အထူးစိုးရိမ်ရသောနိုင်ငံများစာရင်းမှာ ထည့်သွင်းခြင်းခံခဲ့ရပါတယ်" ဟု ဒုတိယဝန်ကြီး ဦးတင်ဦးလွင်ကပြောကြားသည်။မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့် ရှိ မရှိနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံကြီးများကိုပင် အမှန်တကယ် လွတ်လပ်ခွင့် ရှိ မရှိ မေးခွန်းထုတ်စရာများရှိကြောင်း၊ အခြေခံဥပဒေတွင်လည်း ဘာသာရေးလွတ်လပ်ခွင့်အတွက် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ဘာသာရေးခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုကိစ္စရပ်များရှိပါက ဖြေရှင်းလျက်ရှိကြောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ပကတိအခြေအနေများကို အမေရိကန်အစိုးရ၊ အမေရိကန်ကွန်ဂရက်တို့နှင့် ဆွေးနွေးပွဲများပြုလုပ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးကပြောကြားသည်။  

Most Read

Most Recent