ဒေသခံများပါသေဆုံးထိခိုက်မှုရှိခဲ့သည့် တပ်မတော်နှင့် TNLA တို့၏ မိုးမိတ်ဒေသတိုက်ပွဲ ဆက်လက်ဖြစ်ဖွယ်ရှိဟုဆို

ဒေသခံများပါသေဆုံးထိခိုက်မှုရှိခဲ့သည့် တပ်မတော်နှင့် TNLA တို့၏ မိုးမိတ်ဒေသတိုက်ပွဲ ဆက်လက်ဖြစ်ဖွယ်ရှိဟုဆို
Published 9 February 2015

အစိုးရတပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့အကြား ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်အစပ်တွင် ပြင်းထန်သည့်တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သားများ ထိခိုက်ကျဆုံးမှုများပြားခဲ့ပြီး ယင်းဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားမည့်အခြေအနေရှိသည်ဟု သတင်းရရှိသည်။လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများရှိခဲ့သည်ဟုဆိုသော အဆိုပါတိုက်ပွဲဖြစ်ပွားရာဒေသရှိဒေသခံအချို့ လက်နက်ကြီးထိမှန်သေဆုံးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများ မန္တလေးမြို့သို့လာရောက်ဆေးကုသမှုခံယူနေကြရကြောင်း၊ ထို့ပြင် မိုးမိတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ၆၅၀ ကျော်မှာ မိုးမိတ်မြို့ပေါ်သို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။ယင်းတိုက်ပွဲဖြစ်စဉ်အခြေအနေနှင့်ပတ်သက်ပြီး TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က "တိုက်ပွဲက ပြီးခဲ့တဲ့ရက်ပိုင်း မိုးကုတ်-မိုးမိတ်ဘက်မှာဖြစ်သွားတဲ့ တိုက်ပွဲမှာတော့ တိုက်ပွဲပြန်လည်တိုက်ခိုက်တာမျိုးတော့ မရှိသေးဘူး။ ဒါပေမဲ့အဲဒီနေရာတွေမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားမယ့်အခြေအနေမျိုးတော့ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီဘက်မှာ အစိုးရဘက်က အင်အားဖြည့်ထားတာမျိုးတွေရှိတယ်။ ကျွန်တော်တို့တပ်တွေလည်း အဲဒီအနီးဝန်းကျင်မှာပဲရှိနေသေးတယ်။ နှစ်ဖက်စလုံးကတော့ ပြင်ဆင်ထားတဲ့အနေအထားမျိုးမှာရှိတယ်" ဟု ဖေဖော်ဝါရီ ၉ ရက်တွင်ပြောကြားသည်။ဖေဖော်ဝါရီ ၂ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ တိုက်ပွဲဖြစ်စဉ်များတွင် တပ်မတော်သားငါးဦးကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊TNLA အဖွဲ့ထံမှ အလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဖေဖော်ဝါရီ  ၄ ရက်ထုတ် မြဝတီသတင်းစာတွင်ဖော်ပြထားသည်။TNLA အဖွဲ့ကို အစိုးရက ဆွေးနွေးဘက်အဖြစ် အသိအမှတ်ပြုထားပြီး လာမည့်ဖေဖော်ဝါရီ ၁၂ ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုနေ့အခမ်းအနားသို့တက်ရောက်ရန် အစိုးရ၏ဖိတ်ကြားခြင်းခံထားရသည်။ပြည်ထောင်စုနေ့သို့တက်ရောက်ရန် အစီအစဉ် ရှိ မရှိနှင့်ပတ်သက်ပြီး မိုင်းအိုက်ကျော်က "ဖိတ်ကြားစာ ကျွန်တော်တို့လက်ခံရရှိပါတယ်။ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက MPC ကနေရောက်တယ်။ ဒီနေ့ဆိုရင်  ဦးအောင်မင်းဆီကလည်းရပါတယ်။ ကျွန်တော်တို့လူကြီးတွေကြားထဲမှာ ဆွေးနွေးနေတုန်းပါ။ မကြာခင်မှာပြန်လည်ပြီးတော့ အကြောင်းပြန်ကြားသွားဖို့တော့ရှိပါတယ်" ဟုပြောကြားသည်။ဖေဖော်ဝါရီ ၉ ရက်၌လည်း မန်တုံမြို့နယ်၌ တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

Most Read

Most Recent