အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ဆက်လက်ချီတက် ၊ ထောင်နှင့်ချီသော ပြည်သူများ တစ်ခဲနက်ကြိုဆိုကြ၊ တက္ကသိုလ်အချို့မှလွဲ၍ နိုင်ငံအနှံ့ရှိ တက္ကသိုလ်အများအပြား သပိတ်မှောက်

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ဆက်လက်ချီတက် ၊ ထောင်နှင့်ချီသော ပြည်သူများ တစ်ခဲနက်ကြိုဆိုကြ၊ တက္ကသိုလ်အချို့မှလွဲ၍ နိုင်ငံအနှံ့ရှိ တက္ကသိုလ်အများအပြား သပိတ်မှောက်
Published 9 February 2015

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ကျောင်းသားသပိတ်စစ်ကြောင်းများ ဆက်လက်ချီတက်လျက်ရှိရာ ဖြတ်သန်းချီတက်ရာ ဒေသအသီးသီးမှ ထောင်နှင့်ချီသောပြည်သူများ တစ်ခဲနက် ကြိုဆိုခဲ့ကြကြောင်း သိရသည်။  
 
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြရာတွင် ဆေးတက္ကသိုလ်များအပါအဝင် တက္ကသိုလ်အချို့မှလွဲ၍ နိုင်ငံအနှံ့ရှိ တက္ကသိုလ်အများအပြားက သပိတ်မှောက်မှုများ အသီးသီးပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်တလောတွင် ရန်ကုန်မြို့သို့ ဦးတည်ချီတက်နေသော ကျောင်းသားသပိတ်စစ်ကြောင်း လေးကြောင်းရှိနေပြီး မန္တလေးမြို့မှ စတင်ထွက်ခွာသည့် ပင်မသပိတ်စစ်ကြောင်း၊ ပခုက္ကူမြို့မှ ထွက်ခွာသည့် မြေလတ်သပိတ်စစ်ကြောင်း၊ ပုသိမ်မြို့မှ ထွက်ခွာသည့် ဧရာဝတီသပိတ်စစ်ကြောင်းနှင့် ထားဝယ်မြို့မှ ထွက်ခွာသည့် တနင်္သာရီသပိတ်စစ်ကြောင်းဟူ၍ ဖြစ်သည်။
 
ပင်မသပိတ်စစ်ကြောင်း
 
မန္တလေးမြို့မှ ထွက်ခွာလာသည့် ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသားကျောင်းသူများသည် ညအိပ်ရပ်နားနေခဲ့သော မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း ကသစ်ကန်ကျေးရွာရှိ ဉာဏာလင်္ကာရ ဘုန်းကြီးကျောင်းမှ ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့သို့ စတင်ထွက်ခွာခဲ့သည်။
 
ထို့သို့စတင်ထွက်ခွာခဲ့ပြီး ယင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းရှေ့တွင် မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားနှစ်ဦးက ကျောင်းဆရာ၊ ဆရာမများသည် ကျောင်းဂိတ်ပေါက်တွင် စောင့်နေသည်ကို မြင်ရကြောင်း၊ ယင်းမှာ မဖြစ်သင့်ကြောင်း၊ ထို့အပြင် ချမ်းသာပြီး ကျူရှင်တက်နိုင်သော ကျောင်းသားများအနေဖြင့် စာမေးပွဲကို များသောအားဖြင့် ကောင်းစွာဖြေနိုင်ပြီး ဆင်းရဲပြီး ကျူရှင်မတက်နိုင်သော ကျောင်းသားများမှာ စာပုဒ်ရေပုဒ်စေ့ မဖြေနိုင်သည်မှာ မဖြစ်သင့်ကြောင်း၊ ယင်းသို့ စာမေးပွဲမေးခွန်းကို ကြိုတင်ပြောကြား အသိပေးသည့် ပညာရေးစနစ်ကို ရှုတ်ချကြောင်း အသီးသီးပြောခဲ့ပြီး  ဗ.က.သ များအဖွဲ့ချုပ်ဥက္ကဠ ကျော်ကိုကို ကလည်း စာရေးသောက်ရေး၊ နေရေးထိုင်ရေး အဆင်ပြေအောင် စီစဉ်ပေးကာ သပိတ်စစ်ကြောင်းအား ထောက်ခံအားပေးမှု ပြုလုပ်ခဲ့ကြသည်ကို အားရဖွယ်ရာကောင်းကြောင်း၊  ပြည်သူများကလည်း ၎င်းတို့နှင့်အတူ လိုက်ပါအားပေးစေလိုကြောင်း ဟောပြောခဲ့သည်။
 
သပိတ်မှောက် လမ်းလျှောက်ဆန္ဒပြခဲ့သည့် ကျောင်းသားကျောင်းသူများမှာ အောင်ညီသာကျေးရွာသို့ မွန်းတည့် ၁၂ နာရီခန့် တွင်ရောက်ရှိခဲ့ပြီး ရပ်နားနေသည့် အချိန်တွင် ပြည်မြို့နယ် နည်းပညာတက္ကသိုလ်မှ ကျောင်း သား ၆ဝဝ ကျော်အပါအဝင် နိုင်ငံရေးအင်အားစုများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများက ပင်မကျောင်းသားသပိတ်စစ်ကြောင်းအား ကြိုဆိုပူးပေါင်းရန် မကွေး -ပဲခူးတိုင်းတို့အား ပိုင်းခြားထားသည့် နယ်စပ်ခြားနေရာအနီး ယုန်ဖြူတောင်အနီးတွင် စောင့်ဆိုင်းနေခဲ့ကြသည်။
 
“ကျွန်တော်တို့ကျောင်းမှာ ဒီရက်နဲ့ ကိုက်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟောပြောပွဲဆိုပြီး လုပ်တယ်။ ဒါပေမဲ့ ကျောင်းမှာရှိတဲ့ သမဂ္ဂအဖွဲ့ဝင် ၅ဝ လောက်က စုပြီး လှည့်လည်ဟောပြောပြီး ရအောင်ထွက်လာခဲ့တယ်။ သမဂ္ဂအဖွဲ့ဝင်တွေရဲ့မိဘတွေကို ဖိအားပေးခြင်း ခံရတယ်။ ခင်ဗျားတို့သားသမီးတွေကို ကျောင်းထုတ်ပစ်လို့ရတယ်လို့ ပြောတယ်။အဆင့်ဆင့် ဖိအားပေးခြင်းခံရတယ်။ အချို့ သမဂအဖွဲ့ဝင်တွေ မလာနိုင်ကြဘူး”ဟု ပြည်မြို့ နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဠ ကိုသန့်ဇင်ထွန်းက ပြောကြားသည်။
 
မွန်းလွဲ ၁ နာရီခန့်တွင် ပင်မသပိတ်စစ်ကြောင်းမှာ နေ့လယ်စာ စားရပ်နားခဲ့သည့် ဘုန်းကြီးကျောင်းမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ ခန့်တွင် ယုန်ဖြူတောင်အနီး လာရောက်ကြိုဆိုသည့် ပြည်မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အနီးအနားရွာများရှိ ဒေသခံများနှင့် ပူးပေါင်းခဲ့ကြသည်။
 
ယင်းသို့ ပြည်မြို့မှ ကျောင်းသားကျောင်းသူများ၊ အဖွဲ့အစည်းများ၊ ဒေသခံများ လာရောက်ကြိုဆို ပူးပေါင်းမှုကြောင့် သပိတ်မှောက်လမ်းလျှောက်သူ အင်အားမှာ ၆ဝဝဝ ခန့်ရှိလာခဲ့ကာ ပြည်မြို့သို့ ဆက်လက်ချီတက်လျက် ရှိကြောင်း သိရသည်။
 
ပင်မသပိတ်စစ်ကြောင်းသည် ပြည်မြို့ သို့ ည ၇ နာရီ ၁၇ မိနစ်တွင် ဝင်ရောက်ခဲ့ပြီး အောင်လံ-ပြည်- ရန်ကုန်လမ်းမကြီးပေါ်ရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားကြီး ဘုရား၊ အဝေးပြေးကားကြီးဝန်းဘေးတို့တွင် ဒေသခံလူထုအား လှုံ့ဆော်ဟောပြောခြင်းများ ပြုလုပ်ခဲ့ကာ သောင်းချီသည့် မြို့ခံလူထုများက လိုက်လံပို့ဆောင်ခဲ့ကြသည်။ သပိတ်မှောက်စစ်ကြောင်းမှာ ဖေဖော်ဝါရီ ၁ဝ ရက်တွင် ပြည်မြို့တွင်း လှည့်လည်ဟောပြောမည် ဖြစ်ကြောင်း သိရသည်။
 

 
မြေလတ်သပိတ်စစ်ကြောင်း
 
မြေလတ်ဒေသ ကျောင်းသားသပိတ်စစ်ကြောင်းသည် ညအိပ်တည်းခိုရာ မကွေးမြို့နယ် ကံပြားကျေးရွာ ရှားတောဘုန်းကြီးကျောင်းမှ ဖေဖော်ဝါရီ ၉ ရက် နံနက် ၈ နာရီခန့်တွင် ၎င်းတို့ထံ လာရောက်တွေ့ဆုံခဲ့သော ဆရာ၊ ဆရာမများအား ကန်တော့၍ စစ်ကြောင်းဆက်လက် ချီတက်ခဲ့ကြောင်း၊ ထိုနေ့ နံနက် ၉ နာရီခန့်က မကွေး နည်းပညာတက္ကသိုလ်အတွင်း လှည့်လည်ဆန္ဒပြ၍ ပညာရေးဥပဒေနှင့် လက်ရှိပညာရေး၏ အားနည်းချက်များကို ဟောပြောခဲ့ကြောင်း၊ ထိုသို့ဟောပြောအပြီး ထိုတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ရာနှင့်ချီ၍ စစ်ကြောင်းနှင့်အတူ လိုက်ပါလာခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် မကွေးမြို့ မြို့ပတ်လမ်း၊ ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းတို့မှတစ်ဆင့် ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံသို့ ရောက်ရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံအတွင်း ရောက်ရှိစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြောင်း၊ ဒီမိုကရေစီတိုက်ပွဲ အဆက်ဆက်တွင် ကျဆုံးခဲ့ရသူများအတွက် တစ်မိနစ် ငြိမ်သက် အရိုအသေပေးခဲ့ပြီး နေ့လယ်စာစား ရန်နားနေခဲ့ကြောင်း သိရသည်။
 
ယင်းစစ်ကြောင်းသည် ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံမှ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် စတင်ထွက်ခွာလာခဲ့ပြီး မကွေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ရှေ့သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုတက္ကသိုလ် မှ ဝင်ပေါက်ထွက်ပေါက်များ ပိတ်ထားသောကြောင့် ထိုတံခါးများ ဖွင့်ပေးရန် တက္ကသိုလ်ရှေ့တွင် ၁၅ မိနစ်ကြာ ထိုင်သပိတ်ဖြင့် တောင်းဆိုခဲ့သော်လည်း တံခါးများကို ဖွင့်မပေးသည့်အပြင် တာဝန်ရှိဆရာဆရာမများက တွေ့ဆုံဆွေးနွေးမှု မရှိခဲ့ကြောင်း၊ ထို့ကြောင့် သပိတ်မှောက်ကျောင်းသား ကျောင်းသူများနှင့် မကွေးမြို့ခံပြည်သူများက ကြွေးကြော်ခဲ့ကြကာ ထိုတက္ကသိုလ်ရှေ့တွင် ကျောင်းသူကျောင်းသားများက ကျောင်းသားအလံများဖြင့် ကျောင်းသားသပိတ်ကို ကြိုဆိုခဲ့ကြပြီး မကွေးမြို့ခံလူထု ထောင်နှင့်ချီ၍ ဝန်းရံခဲ့ကြကြောင်း သိရသည်။
 
ပခုက္ကူ၊ မုံရွာ၊ ချောက်၊ ရေနံချောင်း နှင့် မကွေးမြို့များရှိ တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများပါဝင်သည့် မြေလတ်သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၇ ရက် တွင် ပခုက္ကူမြို့မှ စတင်ချီတက်လာခဲ့ပြီး ၎င်းတို့ချီတက်ရာ လမ်းတစ်လျှောက်ရှိ မြို့များမှ ဒေသခံ အများအပြားကလည်း အမျိုးသားပညာရေးဥပဒေကြမ်း ကန့်ကွက်သပိတ်မှောက်မှုအား ကြိုဆိုထောက်ခံခဲ့ကြသည်။ 
 
မကွေးအဝင် ကံကြီးကျေးရွာ၌ နားခိုနေချိန်တွင် မြေလတ်သပိတ်စစ်ကြောင်း၌ ပါဝင်ချီတက်နေသည့် ပခုက္ကူတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများအား ၎င်းတို့၏ ဘာသာရပ်ဆိုင်ရာဌာနမှူးများက ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 
 
ယင်းကဲ့သို့ သက်ဆိုင်ရာဌာနမှူးများ၏ လာရောက်တွေ့ဆုံမှုမှာ ကျောင်းသားများအား ပြန်လည်ခေါ်ယူရန် လာရောက်ခြင်းဖြစ်ကြောင်းနှင့် သပိတ်မှောက်ကျောင်းသားများ၏ မိဘများမှာလည်း လုံခြုံရေးရဲတပ်ဖွဲ့များ၏ ဖိအားပေးခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရကြောင်း သပိတ်မှောက်ကျောင်းသားများထံမှ သိရသည်။ 
 
“ဂန့်ဂေါမှာ ကျန်ခဲ့တဲ့ ကျွန်တော့်မိဘတွေက နယ်မြေခံထောက်လှမ်းရေးက ခေါ်ပြီး မေးတာတွေလုပ်နေတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော့်ကိုပြန်ခေါ်ဖို့ ဖိအားပေးတာတွေ လုပ်နေတယ်။ ကျွန်တော့်အဖေ က အလယ်တန်းကျောင်းဆရာဆိုတော့ အဖေ့ အလုပ် ထိခိုက်နိုင်တယ်ဆိုပြီး ပြောတာတွေအထိ ရှိလာတယ်။ အခုလည်း ဆရာမတွေ ကျွန်တော်တို့ဆီ လိုက်လာတာ အုပ်ချုပ်ရေးရဲ့ ဖိအားပေးမှုကြောင့်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုခြိမ်းခြောက်မှုတွေရှိပါစေ သပိတ်ကို ဆက်လက်လုပ်ဆောင်သွားမယ်”ဟုပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဠ ကိုရှိန်းထက်စိုးက ဆိုသည်။ 
 
“ဖိအားပေးလို့ လာခေါ်တာ မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ ကျန်းမာရေး၊ နေထိုင်ရေး အဆင်ပြေလား လာကြည့်တာပါ။ ပြန်ချင်သူရှိရင် စီစဉ်ပေးရအောင်လို့ပါ။ မပြန်ဘူးဆိုရင်လည်း အတင်းခေါ်သွားဖို့ မရှိပါဘူး”ဟု ပခုက္ကူတက္ကသိုလ် သင်တန်းရေးရာမှ ဆရာဦးဝဏ္ဏက ပြောကြားသည်။ 
 
ကျောင်းသားများက နေထိုင်ရာကျောင်းတိုက်အတွင်း ဆရာဆရာမများနှင့် အုပ်ချုပ်ရေးမှူးများမှလွဲ၍ ကျန်သူများအား ဝင်ခွင့်မပြုခဲ့ဘဲ ဆရာဆရာမများအား ၎င်းတို့ နေထိုင်မှုအဆင်ပြေကြောင်း၊ ပြန်မလိုက်လိုကြောင်း ပြောကြားခဲ့ပြီး လက်အုပ်ချီကန်တော့ တောင်းပန်ရာ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ ငိုကြွေးခဲ့ကြသည်။ 
 
မကွေးမြို့မှ ချီတက်လာခဲ့သည့် အမျိုးသားပညာရေးဥပဒေကြမ်း သပိတ်မှောက် မြေလတ်ကျောင်းသားစစ်ကြောင်းသည် ဖေဖော်ဝါရီ ၉ ရက် ည ၁ဝ နာရီ ဝန်းကျင်ခန့်က အောင်လံမြို့ကို ရောက်ရှိလာရာ သောင်းနှင့်ချီသော လူထုကကြိုဆိုအားပေးခဲ့ကြသည်။
 

 
ဧရာဝတီသပိတ်စစ်ကြောင်း
 
ဧရာဝတီသပိတ်စစ်ကြောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရမည့် ကျောင်းသားခြောက်ဦးအား မိဘများထံ ပြန်လည်အပ်နှံခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် မအူပင်မြို့တွင်း တက္ကသိုလ်များ၌ လှည့်လည်ဟောပြောခဲ့ကြောင်း၊ သပိတ်စစ်ကြောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် ယခင်ညများက တည်းခိုသော မေတ္တာရှင် မိဘမဲ့အမျိုးသမီးဂေဟာ၌ပင် ဖေဖော်ဝါရီ ၉ ရက်တွင် တည်းခိုညအိပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ဝ ရက်တွင် ကျိုက်လတ်မြို့သို့ ချီတက်ကြမည်ဖြစ်ကြောင်း သိ ရသည်။
 
ဧရာဝတီသပိတ်စစ်ကြောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရမည့် ကျောင်းသား ကိုးဦးရှိသည့်အနက် ပုသိမ် အ.ထ.က(၁) မှ မချောစုစံအား ဖေဖော်ဝါရီ ၈ ရက်က မိဘထံ ပြန်လည်အပ်နှံခဲ့ပြီးနောက် ဖေဖော်ဝါရီ ၉ ရက် တွင် ကန်ကြီးထောင့်မြို့နယ်မှ လိုက်ပါလာသည့် ကျောင်းသားခြောက်ဦးအား အုပ်ထိန်းသူများ ကိုယ်စား မိဘနှစ်ဦးထံ သပိတ်ကော်မတီမှ အပ်နှံခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသည့် နှစ်ဦးမှာမူ ကာယကံရှင်များနှင့် မိဘများ၏ဆန္ဒအရ သပိတ်စစ်ကြောင်း ပြီးဆုံးသည်အထိ ဆက်လက်လိုက်ပါရန် ရှိနေကြောင်း သိရသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရမည့် ကိုးဦးအနက် မချောစုစံတစ်ဦးတည်းသာ မိန်းကလေးဖြစ်ပြီး ကျန်ရှစ်ဦးမှာ ယောကျ်ားလေးများ ဖြစ်သည်။  တက္ကသိုလ်အဆင့် ကျောင်းသားများထဲတွင် ကာယကံရှင်နှင့် ၎င်းတို့၏ မိဘများ၏ သဘောဆန္ဒအရ ကျောင်းကုန်းမြို့မှ ကျောင်းသားနှစ်ဦးသာ ဖေဖော်ဝါရီ  ၅ ရက်က ပြန်သွားပြီး ကျန်ရှိသူများမှာ ပြန်သွားသူမရှိသေးဘဲ ထပ်တိုးလာမှုသာရှိနေကြောင်း သိရသည်။
 
ဧရာဝတီသပိတ်စစ်ကြောင်းသည် မအူပင်မြို့သို့ရောက်ရှိသည့် တတိယမြောက်နေ့ဖြစ်သော ဖေဖော်ဝါရီ ၉ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် မအူပင်တက္ကသိုလ်၊ မွန်းလွဲ ၁၂ နာရီခွဲတွင် မအူပင်နည်းပညာတက္ကသိုလ်၊ မွန်းလွဲ ၂ နာရီတွင် မအူပင်ကွန်ပျူတာတက္က သိုလ်တို့ကို သွားရောက်ပြီး စီတန်းလမ်းလျှောက်ကာ ဟောပြောမှုများပြုလုပ်ခဲ့သည်။ ဟောပြောပြီးချိန်တွင် နယ်မြေခံကျောင်းသားများ လိုက်ပါလာမှုကြောင့် ဝန်းရံအင်အားအပါအဝင် စုစုပေါင်းအင်အား ၅ဝဝ ခန့်အထိ ရှိလာခဲ့ပြီးနောက် တည်းခိုသော မေတ္တာရှင် မိဘမဲ့အမျိုးသမီးဂေဟာတွင် ထမင်းစား ရပ်နားခဲ့သည်။ မအူပင်မြို့ရှိတက္ကသိုလ်များသို့ ချီ တက်ခဲ့ရာတွင် ပိတ်ဆို့တားဆီးမှု မရှိခဲ့ဘဲ မအူပင်တက္ကသိုလ်ဆရာ၊ ဆရာမများသမဂ္ဂမှလည်း သပိတ်စစ်ကြောင်းအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။ 
 

 
ထားဝယ်သပိတ်စစ်ကြောင်း
 
အမျိုးသားပညာရေးဥပဒေအား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မွန်ပြည်နယ် ကျောင်းသားများသမဂ္ဂနှင့် ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂပူးပေါင်းကာ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းအဖြစ် မော်လမြိုင်မြို့အတွင်း ဖေဖော်ဝါရီ ၉ ရက် က လှည့်လည်ဆန္ဒပြခဲ့ကြသည်။
 
အဆိုပါနေ့နံနက် ၁ဝ နာရီမှစ၍ မော်လမြိုင် သာသနာ့ဗိမာန်တော်ကြီးမှ စတင်ကာ အထက်လမ်းမကြီးတစ်လျှောက် ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်း ချီတက်လာကြရာ လမ်းတစ်လျှောက် မော်လမြိုင်မြို့ခံများမှ ထောက်ခံ ကြိုဆိုခဲ့ကြသည်။
 
မွန်းတည့် ၁၂ နာရီခွဲတွင် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သို့ ရောက်ရှိပြီး သပိတ်မှောက်ကျောင်းသားများက အလေးပြုပြီးနောက် မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂမှ ကိုဘုန်းမြတ်မိုးက ဒီမိုကရေစီပညာရေး သပိတ်မှောက်ရခြင်းအကြောင်းရင်း၊ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂမှ သပိတ်မှောက်ကျောင်းသားတစ်ဦးက အမျိုးသားပညာရေးဥပဒေပါ အကြောင်းအရာများ၏ အားနည်းချက်များ၊ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ တာဝန်ခံ မင်းဟံတလမွန်မှ တိုင်းရင်းသား စာပေသင်ကြားရေးနှင့် ပညာရေးစနစ်စိန်ခေါ်မှုများဆိုင်ရာ ပညာရေးဆွေးနွေးပွဲမှ ကြေညာချက်အားလည်းကောင်း ဟောပြောခဲ့ကြသည်။
 
ထို့နောက် မော်လမြိုင်တက္ကသိုလ်သို့ ဆက်လက်ချီတက်ခဲ့ကြရာ မွန်းလွဲ ၂ နာရီခွဲတွင် မော်လမြိုင်တက္ကသိုလ်ရှေ့ ရောက်ရှိခဲ့သော်လည်း ကျောင်းဝင်းအတွင်း ဝင်ခွင့်မရရှိခဲ့သဖြင့် လူထုဟောပြောပွဲသာ ပြုလုပ်ခဲ့ကြရသည်။
 
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၉ ရက်ကပြုလုပ်ခဲ့သော အမျိုးသားပညာရေးဥပဒေအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းအား မွန်အမျိုးသားပါတီမှ မော်လမြိုင်တက္ကသိုလ်အနီးတွင် အားပေးကြိုဆို ထောက်ခံမှုများ ပြုလုပ်ခဲ့သည်။
 
ထားဝယ် သပိတ်မှောက်ကျောင်းသားစစ်ကြောင်းနှင့် မော်လမြိုင်ကျောင်းသားသမဂ္ဂများ မော်လမြိုင်မြို့တွင် ပူးပေါင်းကာ သပိတ်မှောက် ဆန္ဒထုတ်ဖော်ပြီး တန်ပြန်ဆန္ဒထုတ်ဖော်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
 
“မြို့ခံတွေကိုကြည့်ရင် အဖြေရှင်းရှင်းလေးပါ။ ပြည်သူတွေက ပညာရေးစနစ်ကို ဘယ်လောက်တောင် ပြောင်းလဲနေချင်ပြီလဲဆိုတာ သက်သေအဖြစ် တွေ့ရပါတယ်။ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပါတီကလည်း ကျွန်တော်တို့ကို ထောက်ခံကြိုဆိုပေးတယ်။ ကျွန်တော်တို့ သပိတ်စစ်ကြောင်း ချီတက်ရာလမ်းတစ်လျှောက်မှာ အဆင်ပြေပါတယ်။ ပြည်သူတွေလည်း လာရောက် ဝန်းရံပေးကြပါတယ်”ဟု သပိတ်မှောက်ကျောင်းသား ကိုဘုန်းမြတ်မိုးက ဆိုသည်။
 
 ၎င်းကဆက်လက်ပြီး “ကျွန်တော်တို့ သပိတ်စစ်ကြောင်း မထွက်ခင်ကပဲ မြို့မိမြို့ဖဆိုသူတွေက တက္ကသိုလ်ထိကို မသွားပါနဲ့။  သံလွင်ဥယျာဉ်ထဲက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အလေးပြုပြီး ပြန်ပါလားလို့လာပြောကြပါတယ်။ အဲဒါပြီးတော့ ကျွန်တော်တို့က ကျိုက်သလ္လန်စေတီတော်ကို ဖူးမြော်ဖို့သွားတာလည်း အတားခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရောက်အောင်သွားပြီး ဘုရားဖူးခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့သပိတ်မှောက်ကျောင်းသားတွေ မော်လမြိုင်တက္ကသိုလ်ထဲကို ဝင်ခွင့်မရခဲ့ဘူး။ ကျွန်တော်တို့ ကျောင်းဝင်းထဲဝင်ရင် နယ်ထိန်းတွေကို အလုပ်ထုတ်ပစ်မယ်လို့မော်လမြိုင်တက္ကသိုလ်က ပါမောက္ခချုပ်က ပြောထားတယ်လို့ ကြားရလို့ ကျွန်တော်တို့က နယ်ထိန်းတွေရဲ့ဘဝကို စာနာပြီး ကျောင်းဝင်းထဲ မဝင်တော့ဘဲ ပြန်လာခဲ့ကြပါတယ်”ဟု ပြောကြားသည်။
 
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းအား ရာနှင့်ချီသော ပြည်သူများက ဝန်းရံပေးခဲ့ကြပြီး မော်လမြိုင်တက္ကသိုလ်ရှေ့မှ ညနေ ၃ နာရီခွဲတွင် သပိတ်မှောက်ကျောင်းသားများ မူလတည်းခိုရာ မော်လမြိုင်တောင်ရိုးတန်းရှိ တောင်ပေါက်ကျောင်းတိုက်သို့  ပြန်လာခဲ့ကြသည်။
 
သတင်းနှင့် ဓာတ်ပုံ-အောင်သူငြိမ်း၊  သက်ထိန်ဝင်း၊ ဝေလင်း၊ ဘိုဘိုမြင့်၊ မောင်မောင်ရွှေမြိုင်၊ မင်းသိန်းနိုင်၊ သက်ပိုင်၊ ရှိုင်းလင်းအောင်
 
 

Most Read

Most Recent