ကျောင်းသားသပိတ် စစ်ကြောင်းများကို ထောက်ခံသည့် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင် အင်အား ၆၀၀ ခန့်ဖြင့် မြို့တော်ခန်းမအထိ လမ်းလျှောက် ဆန္ဒပြ

ကျောင်းသားသပိတ် စစ်ကြောင်းများကို ထောက်ခံသည့် လူထုလှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင် အင်အား ၆၀၀ ခန့်ဖြင့် မြို့တော်ခန်းမအထိ လမ်းလျှောက် ဆန္ဒပြ
Published 8 February 2015
သက်မင်း၊ ကြည်နိုင်

ကျောင်းသားသမဂ္ဂများ၏ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို ပြည်သူလူထုထောက်ခံမှု မြင့်တက်လာပြီး ရန်ကုန်မြို့တွင် အင်အား ၆၀၀ ခန့်က ကျောင်းသားသပိတ်စစ်ကြောင်း ထောက်ခံဆန္ဒပြပွဲကို ပြုလုပ်ခဲ့သည်။ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ အလုပ်သမား အဖွဲ့အစည်းများ အရပ်ဘက် အဖွဲ့အစည်းများ၊ ကျောင်းသားသပိတ်ကို ထောက်ခံသော ပြည်သူများသည် တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းရှေ့မှ မြို့တော်ခန်းမရှေ့အထိ ကျောင်းသားသပိတ်အား ထောက်ခံကြောင်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။အဆိုပါ အလွှာစုံပါဝင်သည့် ထောက်ခံသူများကို ဖြတ်သန်းသွားလာရာ လမ်းတစ်လျှောက်ရှိ ပြည်သူများကလည်း လက်ခုပ်တီး အားပေးခြင်း၊ ရေသန့်ဘူးနှင့် အစားအသောက်များ လှူဒါန်းခြင်း၊ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းအတွက် အလှူ ငွေများ လှူဒါန်းခြင်းများ ပြုလုပ်ကာ ကျောင်းသားသပိတ်ကို ထောက်ခံခဲ့ကြသည်။ဖေဖော်ဝါရီ ၈ ရက်က ဒေသအသီးသီးမှ ကျောင်းသားသပိတ် စစ်ကြောင်းများကို ထောက်ခံသည့်အနေဖြင့် ရန်ကုန်တွင် လူထုလှုပ်ရှားမှုအဖြစ် လမ်းလျှောက် ဆန္ဒပြနေကြစဉ်
“အစိုးရက အခုနောက်ကွယ်က အဖွဲ့အစည်းတွေ ရှိနေတယ်လို့ ပြောနေပါတယ်။ ဒီနေရာကနေ ပြောပါမယ်။ ဘာနောက်ကွယ်က အဖွဲ့အစည်းမှ မရှိပါဘူး။ ဘာကြိုးမှ မရှိပါဘူး။ အာဏာစက်ကို ထိပါးဖို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ပညာရေးဥပဒေ သက်သက်ကိုပဲ ဆန္ဒပြ တောင်းဆိုနေတာပါ။ ရန်ကုန်ကို ချီတက်နေတဲ့ သပိတ်စစ်ကြောင်းက ကျောင်းသားလူငယ်တွေဟာ သူတို့လိုချင်တဲ့ ဒီမိုကရေစီ ပညာရေးအတွက် ကိုယ်ကျိုးမပါဘဲ ခြေထောက်သွေးခြေဥအောင် လမ်းလျှောက်နေကြတာပါ။ ဒါကို အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်လာရင်လည်း ကျွန်တော်တို့ ကျောင်းသားတွေ အနေနဲ့ တစ်ဗိုလ်တက်၊ တစ်ဗိုလ်ဆင်း စနစ်နဲ့ သပိတ်ကို ရန်ကုန်အရောက် ဆက်ချီတက်သွားပါမယ်” ဟု ထောက်ခံပွဲတွင် ပါဝင်သော ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုနန္ဒာစစ်အောင်က ဟောပြောခဲ့သည်။ထို့ပြင် ကျောင်းသားသပိတ်အား ကြိုဆိုထောက်ခံကြသူများသည် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက်ကျောင်းသားများက အစိုးရထံ တောင်းဆိုထားသော တောင်းဆိုချက် ၁၁ ချက်ပါ စာရွက်များကို လမ်းတစ်လျှောက် ပြည်သူများထံသို့ ဝေငှခဲ့ကြသည်။
“ဥပဒေမှာပါတဲ့ အမျိုးသားပညာရေး ကော်မရှင်ရဲ့ အခန်းက ဗဟိုဦးစီးချုပ်ကိုင်မှု ဖြစ်တယ်။ ကျန်တဲ့ ဥပဒေ အချက်တွေမှာ ဘယ်လိုပဲ အပေါ်ယံ ထည့်သွင်းထားသည် ဖြစ်စေ၊ ကော်မရှင်ရဲ့ အခန်းကဏ္ဍ တစ်ချက်တည်းနဲ့တင် ဗဟိုဦးစီးချုပ်ကိုင်မှုက ထင်ရှားနေတယ်။ ဗဟိုဦးစီးချုပ်ကိုင်မှု ရှိနေသမျှ ပညာရေးဟာ တိုးတက်လာမှာ မဟုတ်သလို ကျောင်းသားတွေက ဖိနှိပ်မှုကို ဆက်ခံနေရဦးမှာပဲ။ ပညာရေးဘတ်ဂျက်လည်း ဗဟိုချုပ်ကိုင်မှု ရှိနေသမျှ ပြည့်ပြည့်၀၀ရမှာ မဟုတ်သလို ဒီဘတ်ဂျက်တွေကလည်း ကျောင်းသားတွေဆီကို ရောက်လာမှာ မဟုတ်ဘူး။ အခုလည်း အစိုးရက ကျောင်းသားတွေ စာမေးပွဲ နီးနေလို့ပါဆိုပြီး ပြောနေတယ်။ တကယ် ဆယ်တန်းစာမေးပွဲကို အားပေးတယ် ဆိုတဲ့သူတွေက မီးတောင်မှန်အောင် ပေးခဲ့ဖူးသလား” ဟု သပိတ်မှောက် ကျောင်းသားတစ်ဦးဖြစ်သည့် ဗိုလ်တထောင် အမျိုးသားစီမံခန့်ခွဲမှုကောလိပ်မှ ကိုကျော်ဇင်လင်းက ဟောပြောခဲ့သည်။လက်ရှိအချိန်တွင် မန္တလေးသပိတ်စစ်ကြောင်း၊ ပခုက္ကူသပိတ်စစ်ကြောင်း၊ ဧရာဝတီသပိတ်စစ်ကြောင်းတို့သည် အရှိန်အဟုန်ဖြင့် ရန်ကုန်သို့ ချီတက်လာသည်ဖြစ်ရာ လမ်းတစ်လျှောက်တွင် ပြည်သူများ၏ ထောက်ခံမှု တစ်နေ့တခြား မြင့်မားလာကြောင်း သိရသည်။

Most Read

Most Recent