မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ရန် အဓိက စိန်ခေါ်နေသည့် အချက် ၃၄ ချက် ရှိကြောင်းနှင့် ယင်းအနက် အကျင့်ပျက်ခြစားမှု (Corruption) သည် နံပါတ်(၁)အဆင့်တွင် ရှိနေသောကြောင့် အဓိက စိန်ခေါ်နေသည့် အတားအဆီးတစ်ခု ဖြစ်ကြောင်း OECD၊ UMFCCI၊ UNESCAP-2014 နှင့် Myanmar Business Survey တို့တွင် ဖော်ပြချက်များအရ သိရသည်။အဆိုပါ စစ်တမ်းတွင် ဖော်ပြချက်များအရ အကျင့်ပျက် ခြစားမှုသည် နံပါတ်(၁) ရင်ဆိုင်ကြုံတွေ့နေရသော အတားအဆီးတစ်ခု ဖြစ်ကြောင်းနှင့် ဒုတိယအနေဖြင့်မူ နည်းပညာ အားနည်းမှု၊ တတိယအချက်အားဖြင့် မြေနေရာ အခက်အခဲရှိမှု၊ စတုတ္ထအနေဖြင့် အတိုးနှုန်း ကြီးမားနေမှု၊ ပဉ္စမအနေဖြင့် ကျွမ်းကျင်လုပ်သား ရှားပါးမှုနှင့် နိုင်ငံရေးအရ မတည်ငြိမ်ကိုမူ ဆဋ္ဌမအချက် အနေဖြင့် ဖော်ပြထားသည်။“မြန်မာနိုင်ငံမှာ တစ်ချိန်တုန်းက အကျင့်ပျက် ခြစားမှုတွေ ရှိခဲ့တယ် ဆိုပေမယ့်လည်း အခုလို Emocratic Government လက်ထက်မှာတော့ အစိုးရကနေ မူဝါဒနဲ့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်ပါတယ်။ ဥပဒေရှိပြီး ဥပဒေအတိုင်း လိုက်နာဖို့လည်း လိုအပ်သလို အကျင့်ပျက်ခြစားမှုတွေ ရှိရင်လည်း မျက်နှာကြီး မျက်နှာငယ် မလိုက်ဘဲ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် အစိုးရကလည်း ပြတ်ပြတ်သားသား လုပ်ရမှာ ဖြစ်ပါတယ်။ ပြည်သူတွေလည်း ပူးပေါင်းပါဝင်ရမှာပါ။ အခုက ပါရာဒိုင်းက ပြောင်းသွားပါပြီ။ သိတဲ့အတိုင်းပဲ တရုတ်ပြည်မှာ ဆိုရင်လည်း ကြပ်ကြပ်မတ်မတ် လုပ်နေပါတယ်။ တစ်ခုရှိတာက ဒီလို အကျင့်ပျက် ခြစားမှုဆိုတာ အမေရိကားလို နိုင်ငံမှာလည်း ရှိတယ်။ Nordic Country တွေဖြစ်တဲ့ ဆွီဒင်တို့ ဒိန်းမတ်တို့ နော်ဝေတို့လို နိုင်ငံတွေမှာတောင် ရှိနေသေးတယ် ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာလည်း ရှိနေမှာပါပဲ။ ဒါပေမဲ့ ဒါကို စနစ်တကျ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ လူတွေရဲ့ ယုံကြည်မှုကို ရအောင်လုပ်ရမယ်။ ဒီကိစ္စကို အကောင်အထည်ဖော်တဲ့ နေရာမှာ Public Private ပုံစံမျိုးနဲ့ နှစ်ပေါင်းများစွာ စနစ်တစ်ခုထဲမှာ အသားကျနေတဲ့ ပုံစံကို အချိန်ယူပြီး တိုက်ဖျက်နိုင်ဖို့ လိုပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း ဒီကိစ္စက Platform တစ်ခု ဖြစ်လာမှာပါ။ ဥပမာတစ်ခု ပြောရရင် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာလည်း ပြတ်ပြတ်သားသား အရေးယူနေပါတယ်။ အိန္ဒိယမှာလည်း အခုတက်လာတဲ့ မိုဒီအစိုးရကလည်း ဒီကိစ္စကိုပဲ ကိုင်တွယ်နေတာပါ။ နိုင်ငံတကာ အစိုးရ တော်တော်များများက အကျင့်ပျက် ခြစားမှုဆိုတဲ့ Case ကို ကိုင်တွယ်နေကြပါပြီ” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။မြန်မာနိုင်ငံတွင် အကျင့်ပျက် ခြစားမှု ပုံစံသည် အရိုးစွဲနေသည့် ပုံစံတစ်ခု ဖြစ်ကြောင်း၊ ယခင် စနစ်ဟောင်းက ရှိခဲ့သည့် အနေအထား တစ်ရပ်သည် ဒီမိုကရေစီ အစိုးရ မဟုတ်သည့် ကာလ ဖြစ်နေသည့်အတွက် တိုက်ဖျက်ရန် ခက်ခဲသော်လည်း လက်ရှိဒီမိုကရေစီအစိုးရ လက်ထက်တွင် စနစ်တကျ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှု တစ်ခုသာ မဟုတ်ဘဲ လာဘ်ပေးလာဘ်ယူမှုများလည်း ရှိနေကြောင်း စီးပွားရေးပညာရှင်တို့က သုံးသပ်ကြသည်။“လာဘ်ပေးလာဘ်ယူမှုက တရားဥပဒေ စိုးမိုးမှုနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ ဥပမာ-တရားစီရင်ရေး တစ်ခုမှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတယ်ဆို ဘယ်လိုလုပ်မလဲ။ ဒါမျိုးတွေရှိလည်း ရှိနိုင်တာပဲ။ လာဘ်ပေးလာဘ်ယူမှုကြောင့် ကိုယ်လိုချင်တဲ့ဘက်ကို ယိမ်းယိုင်အောင်ဆိုပြီး လုပ်ကြတဲ့အတွက် ဒီလာဘ်ပေးလာဘ်ယူတဲ့ ကိစ္စက ပေါ်လာတာပဲ။ ဘယ်ကဏ္ဍမဆို ဖြောင့်မတ်တည့်မတ်အောင် ဆောင်ရွက်ရမယ့် တရားစီရင်ရေးက ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် လာဘ်ပေးလာဘ်ယူမှုကို စနစ်တကျ တိုက်ဖျက်နိုင်ဖို့ လိုပါတယ်။ အခက်အခဲ အတားအဆီးတွေ ရှိနိုင်ပေမယ့် တကယ်ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်ပါတယ်။ ဒါက ကင်ဆာလို အမြစ်တွယ်နေတာဆိုတော့ ရောဂါအနုနဲ့ အရင့်မှာ ရင့်ရင်တော့ ကုရခက်ပါတယ်။ ပျောက်အောင်ကုလို့ရတဲ့ အခြေအနေမှာ ပျောက်အောင်ကုသင့်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အစိုးရက ဖြေကို ဖြေရှင်းရမယ့် ကိစ္စပါ။ ဒီမိုကရက်တစ် အစိုးရလက်ထက်မှာ ဒီအကျင့်ပျက် ခြစားမှုတွေ ရှိတာကို ဖော်ထုတ်လာပြီ ဆိုကတည်းက အစိုးရထဲမှာ ရှိနေတယ်ဆိုတာကို တစ်နည်းအားဖြင့် ဝန်ခံလိုက်တာပဲ။ ဒါဆိုတော့ မထားသင့်တဲ့ ကိစ္စပါ” ဟု စာရေးဆရာ ဦးအောင်မျိုးက သုံးသပ်ပြောကြားသည်။
အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ရင်တော့ မြန်မာနိုင်ငံအတွက် ဘယ်လောက်အတိုင်းအတာအထိ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေလဲဆိုတာ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခု အဖြစ်တော့ လက်ခံထားပါတယ်။ လာဘ်လာဘအနေနဲ့ ပေါ်တင်ယူတာမျိုးတွေ မရှိရင်တောင် အကျင့်ပျက် ခြစားမှုလို့ခေါ်တဲ့ နီးစပ်ရာ နီးစပ်ရာ . . . . .
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘတ်ဂျက်များကို မလိုဘဲတောင်းခံခြင်း၊ ဘတ်ဂျက်ပိုငွေများအား ကိုယ်ပိုင်ငွေစုစာအုပ်တွင် ထည့်သွင်းပြီး အတိုးပေးထားခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဝန်ကြီးဌာနများ၏ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှုများကို အရေးယူနိုင်မည့် ဥပဒေ ရေးဆွဲသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဖေဖော်ဝါရီ ၃ ရက်တွင် တင်ပြခဲ့ကြသည်။ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လပတ် နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက် အစီရင်ခံစာ (၁/၂၀၁၅) နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“မြန်မာပြည်မှာ Corruption တစ်ခုပဲလားလို့ ပြန်သုံးသပ်တဲ့ အခါကျတော့ Corruption ထက် Bribe က ပိုများနေတယ်။ ခြစားတာနဲ့ လာဘ်စားတာပေါ့။ အဲဒီတော့ ခြစားတယ်ဆိုတာက မလောက်လို့။ လာဘ်စားတယ် ဆိုတာကတော့ လောဘသက္ကာယနဲ့ ဆိုင်သွားပြီ။ ကျွန်တော်တို့ဆီမှာ Corruption ကိုကျတော့ သူတို့က နှိမ်တယ်။ လာဘ်စားတဲ့ Bribe ကကျတော့ ပေါ်တင်ကြီး ဖြစ်နေတယ်။ ဆိုတော့ တိုင်းပြည်က Corruption ကို ရှင်းမှာလား၊ Bribe ကိုရှင်းမှာလားဆိုတဲ့ ပြဿ နာ ဖြစ်လာတယ်။ နောက်တစ်ခါ ထပ်လာတယ်။ ရှင်းသင့်တာကို မရှင်းဘဲနဲ့ မရှင်းသင့်တာကို ရှင်းရင်လည်း အဆင်မပြေဘူး။ ဆိုတော့ လာဘ်ပေးလာဘ်ယူမှုတွေ သိပ်များလာပြီဆိုရင် Technology Failure သွားတွေ့တယ်။ ဘာမှ နည်းပညာတွေ တိုးတက်တာတွေ မတိုးတက်တာတွေ မတွေးတော့ဘူး။ ငါစားရ ပြီးရော ဆိုတာမျိုးတွေ ဖြစ်လာတယ်။ အလားတူပဲ မြေကစားတဲ့ ပြဿနာ တွေရော၊ ဒါတွေပါ တောက်လျှောက်ဝင်လာတယ်။ တစ်ခုနဲ့ တစ်ခုက ချိတ်ဆက်နေတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဆိုတော့ ဒီကိစ္စတွေကိုလည်း ဖြေရှင်းသင့်ပါတယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အသုံးချ ဘောဂဗေဒဌာန၊ ပါမောက္ခ၊ ဌာနမှူး (ငြိမ်း) ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။“အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ရင်တော့ မြန်မာနိုင်ငံအတွက် ဘယ်လောက်အတိုင်းအတာအထိ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေလဲဆိုတာ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခု အဖြစ်တော့ လက်ခံထားပါတယ်။ လာဘ်လာဘအနေနဲ့ ပေါ်တင်ယူတာမျိုးတွေ မရှိရင်တောင် အကျင့်ပျက် ခြစားမှုလို့ခေါ်တဲ့ နီးစပ်ရာ နီးစပ်ရာ လက်ဆင့်ကမ်းပေးတဲ့ အကျင့်တွေကလည်း ရှိနေသေးတယ်။ အချို့ကိစ္စတွေကျတော့ လာဘ်ဆိုပြီးပေးတာ မဟုတ်ဘူး။ တပည့်မွေး၊ ဆရာမွေးတွေ ရှိသလို နီးစပ်ရာလူတွေကို အခွင့်အရေးတွေပေးတာ လူကြီးသားသမီးတွေမို့လို့ဆိုပြီး ပေးတာ။ မကင်းရာ မကင်းကြောင်းမို့လို့ ပေးတာမျိုးတွေက အခုထိ ရှိနေသေးတယ်။ အဲဒီတော့ ဒီကိစ္စက နှိမ်နင်းသင့်ပါတယ်။ ဒီနေရာမှာ ဥပဒေတွေ ဘယ်လိုထုတ်ထုတ် ညွှန်ကြားချက်တွေ အမိန့်တွေ ဘယ်လိုထုတ်ထုတ် ဒီဘက်ခေတ်မှာ ဟိုဘက်ခေတ်ကလူတွေ ပါနေသေးသရွေ့ ဒီအမူအကျင့်တွေက ဖျောက်လို့ရမှာ မဟုတ်ပါဘူး။ အနည်းနဲ့အများတော့ ကျန်နေဦးမှာပါ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံက Leadership အပိုင်းမှာ တော်တော်များများ အပြောင်းအလဲ လုပ်ရမှာပါ။ မလဲဘူး ဆိုရင်တောင် အရင်တုန်းက စိတ်ဓာတ်တွေ ခဝါချနိုင်ဖို့ လိုတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောကြားသည်။လက်ရှိတွင် လွှတ်တော်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းထားသော်လည်း အရေးယူဆောင်ရွက်မှုအပိုင်း အားနည်းနေကြောင်း၊ လွှတ်တော်ဆိုသည်မှာ တိုက်ရိုက်အရေးယူသည့် အဖွဲ့အစည်း မဟုတ်ကြောင်း၊ လွှတ်တော်၏ အဆင့်သည် စောင့်ကြည့်၍ တင်ပြရသော အဆင့်တွင်သာ ရှိကြောင်း၊ အရေးယူခြင်း အရေးမယူခြင်း အပိုင်းသည် တရားဥပဒေ စိုးမိုးမှု ရှိခြင်းမရှိခြင်း အပိုင်းနှင့်သာ သက်ဆိုင်ကြောင်း၊ ထို့အတွက် အုပ်ချုပ်ရေးအပိုင်း အနေဖြင့် အစဉ်တစိုက် ထင်သာမြင်သာရှိရှိ အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အချို့ လုပ်ငန်းရှင်များ လူတစ်ယောက်တည်းဖြင့် လုပ်ငန်းမျိုးစုံ လုပ်နိုင်သည့် လုပ်ပိုင်ခွင့်များ ရှိနေကြကြောင်း၊ မြန်မာ့စီးပွားရေးသည်လည်း လက်တစ်ဆုပ်စာ၏ အင်အားဖြင့် လည်ပတ်နေကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရပ်များသည် လာဘ်ပေးလာဘ်ယူမှု အကျင့်ပျက်ခြစားမှုတို့နှင့် ပတ်သက်ဆက်နွှယ်နေကြောင်း ၎င်းက ပြောကြားသည်။
လက်တွေ့ အကောင်အထည်ဖော်တဲ့ ဝန်ကြီးဌာနတွေက ဆောင်ရွက်ရမှာပါ။ ဒါကို ကျွန်တော်တို့ လွှတ်တော်ကနေ စိစစ်ပြီး ထောက်ပြပြန်တော့လည်း နောင် ဒီထက်ကောင်းမွန်အောင် ပိုမိုလုပ်ပါ့မယ်လို့ ပြောသွားတာကလွဲပြီး ဒီအပေါ်မှာ တာဝန်ယူ တာဝန်ခံပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာက တော်တော်လေး အားနည်းပါတယ်။ ဒါတွေကတော့ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ် . . . . .
မြန်မာနိုင်ငံတွင် အကျင့်ပျက် ခြစားမှုများသည် ပုံစံမျိုးစုံဖြင့် ရှိနေကြောင်း၊ ဝန်ကြီးဌာနများတွင်လည်း ရှိနေပြီး အလားတူ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကဲ့သို့ အဖွဲ့အစည်းများတွင်လည်း အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း၊ ထို့အတူ လူထုနှင့် တိုက်ရိုက်ဆက်ဆံနေရသော အဖွဲ့အစည်းများသည် လာဘ်ပေးလာဘ်ယူမှုများ ရှိနေကြောင်း၊ ရဲစခန်း၊ တရားရုံး စသည်တို့တွင်လည်း ရှိနေကြောင်း သိရသည်။“မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှုတွေ အကျင့်ပျက် ခြစားမှုတွေ ပုံစံမျိုးစုံနဲ့ ရှိပါတယ်။ ကျွန်တော် အဓိက ဇောင်းပေးပြီး ပြောချင်တာက နိုင်ငံတော်ဘတ်ဂျက် ကိစ္စပါ။ ပြည်သူလူထုရဲ့ အခွန်ငွေတွေက နေပြီးတော့ နိုင်ငံတော်ရဲ့ ရငွေတွေကို ပြန်လည်သုံးစွဲတဲ့ အခါမှာ ဥပဒေနဲ့အညီ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သုံးစွဲကြရမယ်ဆိုတာ ပြဋ္ဌာန်းထားပြီးသားပါ။ ဘဏ္ဍာရေးကော်မရှင်ရဲ့ ဥက္ကဋ္ဌကလည်း နိုင်ငံတော် သမ္မတကြီးပါ။ ဒုတိယသမ္မတ နှစ်ဦးကလည်း ဒုတိယဥက္ကဋ္ဌတွေ အနေနဲ့ ပါဝင်နေပါတယ်။ ဒီကနေပြီးတော့ ရရှိတဲ့ ဘဏ္ဍာငွေတွေကို ဝန်ကြီးဌာနတွေ သုံးစွဲဖို့အတွက် ခွဲဝေချထားပေးပါတယ်။ ဒါပေမဲ့ ချထားပေးလိုက်တဲ့ ငွေတွေကို ဘယ်လောက်မှန်မှန်ကန်ကန် သုံးစွဲသလဲဆိုတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး စာရင်းစစ်ရုံးကနေပြီး စစ်ဆေးပါတယ်။ ဒီနေရာမှာ ထူးခြားတာကတော့ ၂၀၁၃-၂၀၁၄ ဒုတိယခြောက်လပတ် အစီရင်ခံစာမှာ ကြည့်မယ်ဆိုရင် စာမျက်နှာ ၄၀၀ ကျော်လောက် ပါပါတယ်။ တော်တော်ကို ပြည့်ပြည့်စုံစုံနဲ့ကို ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီမှာ ဖော်ပြထားတာတွေက စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့ လိုက်နာဆောင်ရွက်မှု ဝန်ကြီးဌာနတွေမှာ အင်မတန် အားနည်းတာ တွေ့ရပါတယ်။ ဝန်ကြီးဌာနမှာ ရှိနေတဲ့ ဝန်ကြီးတွေ အပါအဝင် အဆင့်ဆင့် တာဝန်ယူ တာဝန်ခံမှုလည်း အင်မတန် အားနည်းပါတယ်။ အဲဒါကြောင့် စာရင်းစစ် ကန့်ကွက်ချက်တွေက တစ်နှစ်ထက်တစ်နှစ် လျော့သွားတယ်လို့ မရှိပါဘူး။ တိုးသာလာပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ အလွဲသုံးစားမှုတွေကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော်ဘဏ္ဍာကို အလွဲသုံးစားပြုနေတဲ့ ကိစ္စရပ်တွေကို ဝန်ကြီးတွေကနေပြီးတော့ ဘာပဲပြောပြော ကိုယ့်ဝန်ကြီးဌာနကိုတာ ဝန်ခံရမှာပါ ဝန်ကြီးတွေ အားလုံးကိုတော့ နိုင်ငံတော်သမ္မတကြီးက တာဝန်ယူရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘဏ္ဍာရေးကော်မရှင် အနေနဲ့လည်း နိုင်ငံတော်ဘဏ္ဍာကို အလွဲသုံးစားလုပ်တဲ့ ဝန်ကြီးဌာနတွေအပေါ်မှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု တော်တော်လေးကို အားနည်းပါတယ်။ ဒီလို အားနည်းတဲ့အတွက် ဥပဒေ စိုးမိုးမှုတွေလည်း ပျောက်လာပါတယ်။ ဘယ်လိုဖြစ်လဲဆိုတော့ ဥပဒေတွေ ဘယ်လိုပင် ရှိစေကာမူ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ အဖြစ်မျိုးတွေကို ရောက်လာတယ်။ ဒါတွေကို ဘယ်သူတွေက ပြုတာလဲဆိုတော့ တကယ့်ကို ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကိုယ်တိုင်က မလိုက်နာတော့ဘူး ဆိုတာမျိုး ဖြစ်လာပါတယ်” ဟု လှည်းကူးမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ အတွင်းရေးမှူး ဦးဖြိုးမင်းသိန်းက ပြောကြားသည်။“တချို့ ပိုက်ဆံတွေဆိုရင် Saving လုပ်ထားတယ်လို့ ပြောတယ်။ ဒါဆိုရင် အဲဒီအတိုးငွေတွေ ဘယ်သူယူသလဲဆိုတာ မေးရတော့မယ်။ နောက်ပြီးရင် လုပ်ငန်းတွေကို အaကာင်အထည်ဖော်တဲ့ နေရာမှာ အရမ်းနောက်ကျတယ်။ နောက်ကျတော့ အချိန်မီ မပြီးစီးတော့တဲ့ အခြေအနေမှာ အရည်အသွေးက မပြည့်မီတော့ဘူး။ ဒီလိုမျိုး တစ်ဆက်တစ်စပ်တည်း လုပ်ငန်းတွေ အများကြီး ပေါ်ထွန်းလာတယ်။ တိုင်းပြည်မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် တော်တော်လေးကို အဟန့်အတား ဖြစ်နေပါတယ်။ လူထုက ဘတ်ဂျက်ငွေစာရင်းတွေကို ကြည့်လိုက်ရင် ဘီလျံနဲ့ချီပြီးတော့ လုပ်နေတယ်လို့မြင်ပြီး တကယ်တမ်းကျတော့ သူတို့ မရဘူး။ အဲဒါကို လက်တွေ့ အကောင်အထည်ဖော်တဲ့ ဝန်ကြီးဌာနတွေက ဆောင်ရွက်ရမှာပါ။ ဒါကို ကျွန်တော်တို့ လွှတ်တော်ကနေ စိစစ်ပြီး ထောက်ပြပြန်တော့လည်း နောင် ဒီထက်ကောင်းမွန်အောင် ပိုမိုလုပ်ပါ့မယ်လို့ ပြောသွားတာကလွဲပြီး ဒီအပေါ်မှာ တာဝန်ယူ တာဝန်ခံပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာက တော်တော်လေး အားနည်းပါတယ်။ ဒါတွေကတော့ အင်မတန် အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်သုံးသပ် ပြောကြားသည်။တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာဖြင့် ပြည်သူလူထု၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သည့် နေရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများ အလွဲသုံးစား ပြုလုပ်မှုများ ရှိနေပက ဆင်းရဲမွဲတေမှုကိုလည်း လျှော့ချနိုင်မည် မဟုတ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုများသည် ပြည်သူလူထု၏ နေ့စဉ်ဘဝများအပေါ်တွင် သက်ရောက်မှု ရှိနေသည့် အကြောင်းတရားများဖြစ်ကြောင်း၊ ယင်းပြဿနာများအား ဖြေရှင်းရန် တရားဥပဒေ စိုးမိုးမှုမှာလည်း များစွာအရေးပါကြောင်း သုံးသပ်ပြောကြားသည်။ဝန်ကြီးဌာနများ အနေဖြင့်လည်း မိမိတာဝန်ယူသည့် ဝန်ကြီးဌာနများတွင် အောင်မြင်အောင် ဆောင်ရွက်နိုင်မှု မရှိဟု ဆိုပါက ၎င်းတို့တွင်လည်း တာဝန်ရှိကြောင်း၊ နိုင်ငံတကာတွင် ယင်းကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက နုတ်ထွက်သွားလေ့ရှိကြောင်း၊ ယင်းကဲ့သို့ အကျင့်ပျက် ခြစားမှုများကို အသိဖြင့် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော်ထဲတွင် ပြည်သူ့ငွေစာရင်း ကော်မတီ ရှိနေပြီး ယင်းကော်မတီ အနေဖြင့်လည်း အစီရင်ခံစာပေါ်တွင် ထောက်ပြပြောဆိုမှုများ ရှိနေကြောင်း၊ သို့သော် အရေးယူ ဆောင်ရွက်မှုအပိုင်း မရှိကြောင်း သိရသည်။လက်ရှိအချိန်၌ တိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်သည့်ကာလတွင် အပြောသက်သက်သာ ဖြစ်နေပြီး လက်တွေ့မပါဘူး ဆိုပါက တိုင်းပြည်တွင်လည်း လက်တွေ့အပြောင်းအလဲ ဖြစ်လာမည်မဟုတ်ကြောင်းလည်း သုံးသပ်ကြသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနများနှင့် ဘတ်ဂျက်အများဆုံး သုံးစွဲခဲ့သည့် ဌာနမှာ ဘဏ္ဍာရေး ဝန်ကြီးဌာန ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးဌာနများ၏ ဘတ်ဂျက်များအား ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် ထည့်လိုက်သောကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အများဆုံး သုံးစွဲခဲ့ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနပြီးလျှင် စွမ်းအင်နှင့် ကာကွယ်ရေးတို့ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ အကျင့်ပျက်ခြစားမှုများ ရှိနေခြင်းသည် တရားဥပဒေ စိုးမိုးမှုနှင့် ပတ်သက်ဆက်နွှယ်နေကြောင်း၊ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကိုလည်း ဝန်ကြီးဌာနများက လိုက်နာရန် လိုအပ်ကြောင်း သိရသည်။“ဒီနေရာမှာ တစ်ခုရှိတာက ဝန်ထမ်းတွေကို အဂတိလိုက်စားမှု မရှိရဘူးဆိုရင် သူတို့ကို ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့ လစာမျိုးပေးဖို့လည်း လိုပါတယ်။ အဲဒီနေရာမှာလည်း ဖုံးကွယ်လေးပါး မရှိဖို့ လိုပါတယ်။ လူနှစ်ယောက်လောက် ခန့်ရမယ့် အလုပ်ကို လူ ၁၀ ယောက်လောက် ခန့်ထားတာတွေလည်း ရှိပါတယ်။ လိုအပ်တဲ့နေရာမှာတော့ ကိစ္စမရှိဘူး။ ဥပမာ-ဆရာ၊ ဆရာမ ဆိုရင်တော့ လုံလုံလောက်လောက် မရှိဘူး။ ဒါပေမဲ့ တချို့စက်ရုံ အလုပ်ရုံတွေက အရှုံးပေါ်နေတယ်။ အဲလိုမျိုးတွေ ဆောင်ရွက်တဲ့အတွက် ဘတ်ဂျက်ငွေတွေ အလေအလွင့်ဖြစ်တော့ တကယ်လိုအပ်တဲ့ ဝန်ကြီးဌာနကို လုံလောက်တဲ့ငွေတွေ မပေးနိုင်တာလည်း ရှိတယ်။ ဒီလိုနေရာမှာ အကျင့်ပျက် ခြစားမှုတွေ ရှိလာတယ်။ ဥပဒေစိုးမိုးမှု ပျက်ပြားမှုနဲ့အတူ ရဲတပ်ဖွဲ့တွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့လည်း လိုပါတယ်။ အထူးသဖြင့် လဝကလို ကိစ္စမျိုးတွေဆိုရင် အထူးဂရုပြု ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီကိစ္စတွေက တော်တော်လေး ဂယက်ရှိပါတယ်။ အခုဖြစ်နေတဲ့ White card လိုကိစ္စမျိုး၊ တကယ်က White card တစ်ခုကို ခြောက်လထက်ပိုပြီး ကိုင်ထားလို့ မရဘူး။ ဒါကို ဦးစီးဌာနက စိစစ်ပြီးတော့ ပြန်လုပ်ပေးရမယ်။ ဒါနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်တစ်စုကျော်အောင် White card နဲ့ပဲ နေနေတဲ့သူတွေ ရှိနေတယ်။ ဆိုတော့ ဒီလို ဥပဒေနဲ့အညီ ဖော်ပြထားသော်ငြားလည်း ဒီဥပဒေကို လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက် ဒီအခြေအနေတွေဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေပါတယ်။ တရားဥပဒေစိုးမိုးမှု ပျက်ပြားတာနဲ့အမျှ တစ်ဖက်တွင် အကျင့်ပျက်ခြစားမှုများ ပြားလာပါတယ်။ ဒါကြောင့်မို့လို့ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။“ပြောရရင်တော့ တစ်လျှောက်လုံး အားပြုထားတဲ့ မဏ္ဍိုင်ဆိုတဲ့ တပ်မတော် အခန်းကဏ္ဍ ပါလာမှာပေါ့။ တစ်နည်းအားဖြင့် တပ်မတော်က အာဏာယူခဲ့တဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းကတည်းက မြန်မာနိုင်ငံမှာ စပြီးဖြစ်လာခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ အဲဒီမှာ ဖြစ်ခဲ့တယ် ဆိုပေမယ့် ဒီလောက်အထိ အားမကောင်းခဲ့သေးဘူး။ ပြောရရင် ၁၉၈၈ ခုနောက်ပိုင်း စစ်တိုင်းမှူးတွေကို လုပ်ကိုင်ခွင့်တွေ ချထားပေးတယ်။ အကျင့်ပျက် ခြစားမှုတွေဟာ တစ်ဟုန်ထိုး ကြီးထွားလာခဲ့တယ်။ ဒီလိုမျိုး ကြီးထွားလာတဲ့အတွက် တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်အုပ်စုကို လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားတဲ့ ခေတ်စနစ်အောက်မှာ နေခဲ့ရတဲ့အတွက် သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေဟာ အကျင့်ပျက် ခြစားမှုတွေကို အကြီးမားဆုံး ဖြစ်ပေါ်စေခဲ့တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ အဲဒီအကျိုးဆက်က အခု ပြုပြင်ပြောင်းလဲရေးကာလလို့ ပြောတဲ့ အချိန်မျိုးမှာတောင် ဒီအကျိုးစီးပွားတွေကို မစွန့်လွှတ်နိုင်တဲ့၊ အကျိုးစီးပွားပေါ်မှာ အခြေခံထားတဲ့ တည်ဆောက်မှုမျိုးတွေဟာ အခိုင်အခံ့ ရှိနေတဲ့အတွက် ဒီဟာကို ပြောင်းလဲဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ တပ်မတော်က စီးပွားရေးလုပ်တယ်ဆိုတဲ့ ကိစ္စကို မလျှော့ချလို့ မရပါဘူး။ တပ်မတော်လို့ ပြောတဲ့နေရာမှာ ဒီလိုလုပ်တဲ့ လူကလည်း တပ်မတော်တစ်ခုလုံး မဟုတ်ပါဘူး။ တပ်မတော်ခေါင်းဆောင် အချို့နဲ့ တစ်ချိန်တုန်းက စစ်တိုင်းမှူးတွေဘဝကို ရောက်ခဲ့တဲ့လူတွေသာ လုပ်ကိုင်ခွင့်တွေ အများအပြား ရထားခဲ့တဲ့ လူတွေက အဓိကကျတယ်လို့ မြင်ပါတယ်။ ဥပမာ - မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဆိုတာက တပ်မတော်သားတွေ အားလုံးခံစားနေရတာ မဟုတ်ပါဘူး။ ဒါတွေက ၁၉၈၈ ခုနှစ်နောက်ပိုင်း အာဏာယူခဲ့တဲ့ နဝတအစိုးရ လက်ထက်နဲ့ တပ်မတော်အစိုးရ လက်ထက်က ဖြစ်လာခဲ့တာတွေပါ။ ဒါတွေကို မပယ်ဖျက်နိုင်သရွေ့ ဒီကိစ္စကို အမှီပြုပြီးတော့ အဂတိလိုက်စားမှုတွေက ဒုနဲ့ထည်လိုက် ရှိနေဦးမှာပဲလို့ သတ်မှတ်လို့ရပါတယ်။ အမှန်တော့ တပ်မတော်ကို စီးပွားရေးလုပ်စရာ မလိုအောင် စစ်စရိတ်တွေ ပေးထားပြီးသားပါ။ ဘတ်ဂျက်ထဲမှာလည်း ကာကွယ်ရေးစရိတ်ဆိုတာ အပြည့်အ၀ ပေးထားပြီးသားပါ။ ဘတ်ဂျက်တွေလည်း တိုးနေပါတယ်။ တိုးနေတဲ့အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဆိုပြီးတော့ လုပ်ပိုင်ခွင့်တွေကိုလည်း ရယူထားပါတယ်။ အဲဒါတွေက နိုင်ငံရဲ့ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုကြီးတွေ ဖြစ်တယ်။ အဲဒီအပေါ်မှာ လုပ်ကိုင်ခွင့်တွေ ရဖို့အတွက် အကြီးမားဆုံးသော အဂတိလိုက်စားမှုတွေ ရှိနေတယ် ဆိုတာလည်း ငြင်းမရတဲ့ အခြေအနေပဲလို့ ကျွန်တော် လက်ခံပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက သုံးသပ်ပြောကြားခဲ့သည်။