အိန္ဒိယပဲဈေးကွက် ပြောင်းလဲမှု မသိသာသော်လည်း ဝယ်လက်စောင့်ကြည့်နေခြင်းကြောင့် ပဲသစ်ပေါ်စ ရန်ကုန်ဈေးကွက်တွင် မတ်ပဲဈေး တစ်တန်လျှင် ကျပ် ၆၀၀၀၀ ခန့် ပြုတ်ကျ

အိန္ဒိယပဲဈေးကွက် ပြောင်းလဲမှု မသိသာသော်လည်း ဝယ်လက်စောင့်ကြည့်နေခြင်းကြောင့် ပဲသစ်ပေါ်စ ရန်ကုန်ဈေးကွက်တွင် မတ်ပဲဈေး တစ်တန်လျှင် ကျပ် ၆၀၀၀၀ ခန့် ပြုတ်ကျ
Published 8 February 2015
ဇော်ဝေ

မြန်မာနိုင်ငံမှ ပဲတင်ပို့မှု အဓိက ဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်ဈေးကွက် ပြောင်းလဲခြင်း မရှိသော်လည်း ပြည်တွင်းပဲဈေးကွက်တွင် မတ်ပဲဈေးမှာ ဝယ်လက်များ စောင့်ကြည့်နေခြင်းကြောင့် ပဲသစ်ပေါ်စ ရန်ကုန်ဈေးကွက်တွင် တစ်တန်လျှင် ကျပ် ၆၀၀၀၀ ဝန်းကျင် ဈေးကျဆင်းသွားကြောင်း သတင်းရရှိသည်။တစ်နိုင်ငံလုံး အတိုင်းအတာနှင့် မတ်ပဲထွက်ရှိမှုမှာ မတ်နှင့် ဧပြီလများတွင်မှသာဖြစ်ပြီး ယခုအချိန်တွင် ပဲခူးနှင့် ဧရာဝတီတိုင်းတို့မှသာ အဓိက မတ်ပဲထွက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ပဲသစ်စပေါ်ချိန်နှင့် အိန္ဒိယမှ စောင့်ကြည့်နေခြင်းကြောင့် ဈေးနှုန်းကျဆင်းသွားရခြင်းဖြစ်ပြီး အိန္ဒိယ ပဲလိုအပ်ချက်မှာ ပြောင်းလဲခြင်း မရှိသဖြင့် ရေရှည် ဈေးကျဆင်းဖွယ် မရှိကြောင်း မြန်မာနိုင်ငံ ပဲ၊ နှမ်းကုန်သည်များ အသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။“ဒီနေ့ မတ်ပဲဈေးက ရှစ်သိန်းနဲ့ ၈၁၀၀၀၀ ဝန်းကျင်ပေါ့။ အရင်ပတ်က ကျပ် ၈၅၀၀၀၀၊ ကျပ် ၈၆၀၀၀ ပေါ့။ အဓိက,ကတော့ စပ်ကူးမပ်ကူး အချိန်မို့လိုပါ။ ဒီဘက်ကလည်း ပဲစထွက်တဲ့အချိန် အိန္ဒိယဘက်ကလည်း မတ်ပဲထွက်လာမှာ ဖြစ်တဲ့အတွက်ကြောင့် စောင့်ကြည့်နေတဲ့အတွက် ကျသွားတာပါ။ တကယ်တမ်း မတ်ပဲပေါ်မယ့် အချိန်က မတ်ဧပြီမှာ ပေါ်မှာဆိုတော့ ပြည်တွင်းပဲထွက်နှုန်း အခြေအနေနဲ့ ဈေးကိုသုံးသပ်ဖို့ရာ နည်းနည်းစောသေးတယ်။ အခု အဓိကပေါ်တာက ဧရာဝတီရော ပဲခူးရော ပေါ်တယ်။ ပုံစံကတော့ ၂၀၁၄ မတ်ပဲလက်ကျန်ကလည်း ပြတ်သလောက်တော့ ဖြစ်သွားပါပြီ။ ၂၀၁၅ ပဲသစ်ဝင်လာတဲ့ အချိန်မှာ အိန္ဒိယ Buyer ဘက်က ခဏစောင့်ကြည့်တာပေါ့။ ဒါပေမဲ့ ပစ္စည်းအနေအထားနဲ့ သူတို့ လိုအပ်ချက် အနေအထားကတော့ အားပြိုင်တော့မှာပါ။ ပြောရမယ် ဆိုရင်တော့ အခုချိန်မှာ ခဏတစ်ဖြုတ် ကျပေမယ့်လဲ သူတက်သင့်တဲ့ ဈေးတန်းတစ်ခုကို ပြန်တက်သွားမှာပါ။ ကိုးသိန်းလောက်အထိ လောလောဆယ်တော့ မှန်းလို့မရသေးပေးမယ့် ရှစ်သိန်းအပေါ်လေးမှာ ရှိနေမလား၊ ရှစ်သိန်းနဲ့ ကိုးသိန်းကြားမှာ ရှိနေမလားပါပဲ။ အိန္ဒိယဈေးကွက်က ပြောင်းလဲမှု မရှိပါဘူး” ဟု ဦးမင်းကိုဦးက ပြောကြားသည်။ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်သော ဈေးနှုန်းအရ ဇန်နဝါရီ ၃၀ ရက်တွင် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၉၂၅၀၀၀ ဝန်းကျင်၊ FAQ တစ်တန်လျှင် ကျပ် ၈၅၆၀၀၀ ကျော်၊ ပဲစင်းငုံနီ တစ်တန်လျှင် ကျပ် ၈၂၂၀၀၀ ဖြစ်ပေါ်နေရာမှ ဖေဖော်ဝါရီ ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက် ပြန်ဖွင့်ချိန် တနင်္လာနေ့တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ်ရှစ်သိန်းဝန်းကျင်၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၇၅၀၀၀၊ ပဲစင်းငုံနီ တစ်တန်လျှင် ကျပ်ရှစ်သိန်းဝန်းကျင်သို့ ကျဆင်းလာပြီး ဖေဖော်ဝါရီ ၆ ရက်အထိ ယင်းဈေးနှုန်းဖြင့် ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ယခုနှစ် ပဲအထွက်နှုန်း ရာသီဥတုကြောင့် ပဲခင်းများ ပိုးကျများပြီး ပဲအထွက်များပြီး ပဲဈေးကျဆင်းနေသဖြင့် ယခုထက် ဈေးကျသွားမည်ကို စိုးရိမ်နေကြောင်းလည်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်မှ တောင်သူဦးသိန်းနိုင်က ပြောကြားသည်။“အခု ရက်ပိုင်းအတွင်းမှာပဲ တစ်တင်းခွဲ ( ၃၀ ပိဿာ) တစ်အိတ်ကို ကျပ် ၄၂၀၀၀ ကျော်လောက်ကနေ ၃၉၀၀၀ ကျပ်ကို ကျသွားတယ်။ လေးလပိုင်း၊ ငါးလပိုင်းလောက်ဆိုရင်တော့ ဈေးတက်မှာ သေချာတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာဆိုရင် လက်ထဲမှာ မရှိတော့ဘူး။ ဒါက ဓလေ့ကို ဖြစ်နေတာ” ဟု ဦးသိန်းနိုင်က ဆိုသည်။လွတ်လပ်သော တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က “ဒီက မပြေလည်တဲ့ လယ်သမားတွေရဲ့ ကုန်ပေါ်လာတယ်ဆိုရင် ရောင်းလိုမှု ရောင်းလိုအားကို သဘောပေါက်နေကြတဲ့ ဒီကုန်သည်များ၊ ဝယ်လှောင်ကြတဲ့ ကုန်သည်များနဲ့ လက်ကြီးသမားတွေများက နေပြီးတော့ ဒီဈေးကွက်ကို အတိုင်းအတာ တစ်ခုအထိ ဈေးကို သူတို့အကျိုးအမြတ်ရှိအောင် ညှိနှိုင်းပြီးတော့ ဈေးချလိုက်တယ်လို့ အန်ကယ်တို့ လယ်သမားတွေက မြင်တယ်။ အန်ကယ်တို့ လယ်သမားတွေအကုန်လုံးက သဘောပေါက်တယ်။ လက်ရှိ အန်ကယ်တို့ လယ်သမားတွေအနေနဲ့ အိန္ဒိယဈေးကွက်ကို ကိုယ်တိုင် တိုက်ရိုက်တင်ပို့နိုင်ခြင်း မရှိသလို စွမ်းဆောင်နိုင်ခြင်း မရှိပါဘူး။ နိုင်ငံခြားကို Export Import လုပ်ဖို့အတွက် အတွေ့အကြုံ မရှိခြင်းကြောင့် လယ်သမားတွေ ဈေးနိမ့်ခံနေရတာပါ” ဟု ဆိုသည်။ 

Most Read

Most Recent