ကချင်ရိုးရာ လက်ရက်ကန်းအထည်များ ဈေးကွက်ပျောက်ဆုံးလာပြီး လုပ်ငန်းငယ် အများစု ရပ်နား

ကချင်ရိုးရာ လက်ရက်ကန်းအထည်များ ဈေးကွက်ပျောက်ဆုံးလာပြီး လုပ်ငန်းငယ် အများစု ရပ်နား
Published 8 February 2015
ထွန်းလင်းအောင်၊ အောင်ဇေယျ

ကချင်တိုင်းရင်းသားတို့၏ ရိုးရာလက်ရက်ကန်း အထည်များ ဈေးကွက်ပျောက်ဆုံးနေပြီး လုပ်ငန်းငယ် အများစု ပိတ်ပစ်ရသည်အထိ ဖြစ်လာကြောင်း ရက်ကန်းလုပ်ငန်းရှင်များက ပြောကြားသည်။ကချင်ရိုးရာ အထည်များ ဈေးကွက်ပျောက်ဆုံးရခြင်းမှာ တရုတ်နိုင်ငံမှ အစစ်နီးပါး အဆင်တူသည့် ကချင်ရိုးရာ အထည်များ ဈေးပေါစွာ ဝင်ရောက်လာခြင်း၊ ပြည်နယ်တွင်း စစ်မက်ဖြစ်ပွားနေသောကြောင့် လူတစ်ဦးချင်းဝင်ငွေ ကျဆင်းကာ အဖိုးတန် ပစ္စည်းများကို အသုံးပြုနိုင်ခြင်း မရှိသောကြောင့် ဖြစ်ကြောင်း သိရသည်။ကချင်ရိုးရာ ရက်ကန်းကို မိရိုးဖလာ လုပ်ကိုင်လာသူ မနောစတား ရက်ကန်းလုပ်ငန်းရှင် ကိုမောင်ထွေးက “ကျွန်တော့်ပုဆိုးက စက်နဲ့ရက်တယ်။ လုံချည်ကတော့ လက်နဲ့ရက်တယ်။ ကျွန်တော့စင်မှာ လူ ၁၈၀ ကျော်တယ်။ ဒီနှစ် ပွင့်လင်းရာသီမှာ တရုတ်နိုင်ငံက အစစ်နဲ့ အများကြီးတူတဲ့ ဆေးဆိုးပန်းရိုက် အထည်တွေ အများကြီး ဝင်လာလို့ ဈေးကွက်ပျောက်သွားတယ်။ လုပ်ငန်းငယ်တွေက ဖြုတ်ပစ်ရတာပေါ့။ ကျွန်တော်တို့က လုပ်ငန်းလည်ပတ်ရုံ လုပ်နေရတယ်။ ဒါမျိုး အတုထည်တွေ ဝင်တာ ၂၀၀၅ ခုနှစ်မှာ ဖြစ်ဖူးပြီး ဈေးကွက်ပျက်ဖူးတယ်။ ဘဏ်တွေပြိုလဲတဲ့ ကာလနဲ့လည်း ကြုံခဲ့ကျတယ်။ နောက်အကြောင်း တစ်ချက်က ဒေသတွင်း မငြိမ်းချမ်းတော့ ဈေးကွက်တွေ ပျက်သွားတာလည်း ပါမယ်။ ဈေးကွက် အကြာကြီးပျက်ရင် ရိုးရာလုပ်ငန်းက စီးပွားဖြစ် မလုပ်နိုင်မှာ သေချာတယ်။ ကျွန်တော်တို့ ဒီဇိုင်းကောင်းတစ်ခုကို ၁၀ ထည် မပြည့်သေးဘူး။ သူတို့က အထည်ပေါင်းများစွာ ဈေးကွက်ရောက်နေပြီ” ဟု ပြောကြားသည်။မြစ်ကြီးနားမြို့တွင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသည့် မိသားစုပေါင်း ၁၀၀၀ ကျော်ရှိပြီး ရွှေ့ပြောင်းအလုပ်မား ၁၀၀၀၀ ကျော်ရှိနေပြီး ယင်းကိစ္စများကို ကချင်ပြည်အစိုးရနှင့် စီးပွားကူသန်း ဝန်ကြီးဌာနသို့ လူဦးရေ ၁၀၀၀ ကျော် လက်မှတ်ထိုး တင်ပို့ထားကြောင်း၊ လုပ်ငန်းဈေးကွက် ကျဆင်းလာသည်မှာ ၂၀၁၄ ခုနှစ် ဆောင်းဦးပေါက်မှ စတင်ကာ ယနေ့အချိန်အထိ ဖြစ်နေကြောင်း၊ တရုတ်နိုင်ငံဖြစ် အဆင်မြင့် အတုထည်များမှာလည်း ဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။ကချင်ရိုးရာ လုံချည်များမှာ နှစ်ရက်မှ ၁၀ ရက်ကျော်ကြာသည့်အထိ ရက်လုပ်ရသည်များရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၀၀၀၀ အထက်မှ ကျပ် ၂၀၀၀၀၀ ဝန်းကျင်အထိရှိပြီး တရုတ်နိုင်ငံလုပ် ဆေးဆိုးပန်းရိုက် အထည်များမှာ ကျပ် ၁၅၀၀ မှ ကျပ် ၄၀၀၀ အထိသာရှိကြောင်း သိရသည်။ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြရန်ရှိပြီး ယခုအချိန်တွင် စီးပွားကူးသန်း ဝန်ကြီးဌာနနှင့် ကချင်ရိုးရာ အထည်များ ဈေးကွက်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ယင်းလွှတ်တော်ကိုယ်စားလှယ်က “ကျွန်မကတော့ ပြည်ထောင်စုလွှတ်တော် တင်ပြမယ်။ နောက်ပြီး ကချင်ရိုးရာ အထည်ဆိုတာ မနောအကကို ပုံဖော်ထားတဲ့အတွက် မူပိုင်လုပ်ဖို့လည်း ကချင်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ အနေနဲ့ မူပိုင်လုပ်ဖို့ စဉ်စားတယ်။ လတ်တလောကတော့ နယ်စပ်ကနေ မဝင်ခိုင်းဖို့ လိုတယ်။ ရိုးရာယဉ်ကျေးမှုကိုလည်း အများကြီး ထိခိုက်လာတယ်။ ကျွန်မတို့နိုင်ငံက ဆင်းရဲတော့ တခြား ရှမ်းတိုင်းရင်းသား ဝတ်စုံတွေလည်း အဲဒီလို အဖြစ်မျိုးတွေ ရှိတယ်လို့ သိရတယ်” ဟု ဆိုသည်။ကချင်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး အထည်ပစ္စည်းမှာ တရားဝင် ဝင်လာသော ပစ္စည်းဖြစ်ကြောင်း၊ ဈေးကွက်ပျက်ရခြင်းမှာ ဈေးကွက်စီးပွားရေးအရ ယှဉ်ပြိုင်ခြင်းသာဖြစ်ပြီး လူနေမှု အဆင့်အတန်း မြင့်မားလာပြီး လူများ စီးပွားချောင်လည်ပါက ဈေးကွက် မပျက်စီးနိုင်ကြောင်း၊ လတ်တလောတွင် တရားဝင် ပိတ်ပင်ပေးရန် မရှိသေးကြောင်း ဖြေကြားသည်။တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထွက် ပြောင်း၊ ဆန် စသည်တို့ကို ယင်းနိုင်ငံရှိ လယ်သမားများ ဈေးကွက်ပျက်စီးမည်ကို အကြောင်းပြု၍ ဝင်ခွင့်ကုန်စည်များ အဝင်များပါက မကြာခဏ ဖမ်းဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြစ်ကြီးနားမြို့မှ ကုန်သည်များက ဆိုသည်။

Most Read

Most Recent