အာဆီယံစီးပွားရေးဆိုင်ရာ အသိုက်အဝန်းသည် ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်၌ စတင် အသက်ဝင်တော့မည်ဖြစ်၍ ကျောက်ဖြူသည် အာဆီယံ၏ နောက်ဆုံးတံခါးပေါက် ဖြစ်လာ

အာဆီယံစီးပွားရေးဆိုင်ရာ အသိုက်အဝန်းသည် ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်၌ စတင် အသက်ဝင်တော့မည်ဖြစ်၍ ကျောက်ဖြူသည် အာဆီယံ၏ နောက်ဆုံးတံခါးပေါက် ဖြစ်လာ
Published 4 February 2015
အငယ်ထွေး၊ နီလာ

အာဆီယံစီးပွားရေးဆိုင်ရာ အဝန်းအဝိုင်း AEC သည် လာမည့် ၂ဝ၁၅ ခု ဒီဇင်ဘာ ၃၁ ရက်၌ စတင်အသက်ဝင်တော့မည် ဖြစ်ကြောင်းနှင့် ကျောက်ဖြူသည် အာဆီယံ၏ နောက်ဆုံးတံခါးပေါက် ဖြစ်လာပြီး စီးပွားရေးအရ အချက်အချာကျလာမည့် နေရာတစ်ခုဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့ ဆာကူရာတာဝါ၌ ကျင်းပသော အာဆီယံစီးပွားရေးဆိုင်ရာ အသိုက်အဝန်း အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။“ကျောက်ဖြူဟာ အင်မတန်အရေးကြီးတဲ့ အနေအထားမှာ ရှိပါတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်မှုဟာ တိုင်းပြည်နဲ့လူမျိုး တစ်ခုလုံးအတွက် အလွန်အရေးကြီးသလို ပထဝီ အနေအထားအရလည်း မဟာဗျူဟာကျတဲ့နေရာ ဖြစ်ပါတယ်။ ဒီအထဲမှာမှ ကျောက်ဖြူဟာ ဆိုရင်လည်း ရခိုင်ပြည်နယ်ထဲမှာ အချက်အချာ အကျဆုံးနေရာ ဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းမှာ ရေစူးနက်တဲ့ နိုင်ငံတကာ သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မှာ ဖြစ်တဲ့အတွက် အင်မတန်အရေးကြီးတဲ့ ဆိပ်ကမ်း ဖြစ်လာမှာပါ။ ဒါကို ကျွန်တော်တို့က အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်ကထွက်တဲ့ ကုန်စည်တွေသာမက အခြားနေရာ အနှံ့အပြားက ထွက်တဲ့ ကုန်စည်တွေကို တင်ပို့နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် ပြည်တွင်းမှာလည်း အချက်အချာကျတဲ့ နေရာတွေနဲ့ ချိတ်ဆက်ဖောက်လုပ်ထားတဲ့ စီးပွားရေးစင်္ကြံတွေ ဖော်နိုင်ဖို့ လိုပါတယ်။ နောက်တစ်ခုကလည်း မန္တလေး-မကွေး-ကျောက်ဖြူ  စီးပွားရေးစင်္ကြံကိုလည်း အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။ အလားတူပဲ ဧရာဝတီတိုင်းကထွက်တဲ့ ဆန်ရေစပါးတွေကို ကျောက်ဖြူဆိပ်ကမ်းကနေတစ်ဆင့် ပြည်ပကို တင်ပို့နိုင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက် အများကြီး အကျိုးရှိပါတယ်။ ကျောက်ဖြူဟာ အာဆီယံအနေနဲ့ ကြည့်မယ်ဆိုရင်လည်း နောက်ဆုံးတံခါးဝ ဖြစ်ပါတယ်” ဟု Parami Energy Group of Companies မှ စီးပွားရေးအကြံပေး ဦးတင်ချိုက ပြောကြားသည်။မြန်မာစီးပွားရေး လုပ်ငန်းရှင်များလည်း AEC ၏ သွင်ပြင်လက္ခဏာကို သဘောပေါက်နားလည်ရန် လိုအပ်ကြောင်း၊ AEC အား စတင်အကောင်အထည်ဖော်ခြင်းသည် အာဆီယံနိုင်ငံများ၏ တံခါးများအား စ၍ဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ စီးပွားရေးအရ အပြန်အလှန် အခြေချမှုများ ရှိလာမည်ဖြစ်ကြောင်း၊ ထို့အတွက် လုပ်ငန်းရှင်များ အနေဖြင့် awareness ပိုမို ရရှိနိုင်ရန်အတွက် ၎င်းတို့အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ဘားအံ၊ မြင်းခြံတို့တွင် အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်နေကြောင်း၊ အလားတူ မြဝတီသည် AEC ၏ တံခါးဝ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့အတွက် ၂ဝ၁၅ ခုနှစ်တွင် တောင်ကြီး၊ ကျောက်ဖြူ၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ မြင်းခြံ၊ မုံရွာနှင့် ချင်းပြည်နယ်တို့တွင် အလုပ်ရုံဆွေးနွေးပွဲများ ဆက်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။အာဆီယံစီးပွားရေးဆိုင်ရာ အဝန်းအဝိုင်း အကောင်အထည်ဖော်ပြီးနောက် ပြည်တွင်း၌ စီးပွားရေးစင်္ကြံများ ဖော်ဆောင်နိုင်မှုသည်လည်း များစွာ အရေးပါလာကြောင်း၊ လက်ရှိ နိုင်ငံတကာ စီးပွားရေး စင်္ကြံများမှာ နိုင်ငံတကာ အတွက်သာ ပို၍ အကျိုးရှိမည့် စင်္ကြံများဖြစ်ကြောင်း၊ ပြည်တွင်းတွင် စီးပွားရေး စင်္ကြံများ ဖော်ဆောင်နိုင်မှုမှာလည်း ပို၍ အရေးပါလာကြောင်းနှင့် အချို့နေရာများတွင် ချိတ်ဆက်မှု အားနည်းနေကြောင်းလည်း သုံးသပ်မှု ရှိသည်။“ရန်ကုန်-မန္တလေးက လှုပ်ရှားမှု အရှိဆုံးပဲ။ မန္တလေးနဲ့ ရန်ကုန်ဆို အိမ်ဦးနဲ့ ကြမ်းပြင်လို ဖြစ်သွားပြီ။ မန္တလေးနဲ့ မကွေးမှာလည်း link က ရှိသွားပြီ။ မကွေးနဲ့ ကျောက်ဖြူမှာက ပြဿနာ ရှိနေတယ်။ နောက်တစ်ခုက ရန်ကုန်-ပုသိမ်ဆိုတာ အခု ပေါက်သွားပြီ။ ပုသိမ်နဲ့ ချောင်းသာလည်း ပေါက်သွားပြီ။ ဒါပေမဲ့ နယူးဇီလန်လိုနိုင်ငံမှာ costal road ဆိုတာ တကယ့်ကို ကမ္ဘာကျော်ပဲ။ အဲဒီလိုမျိုး မြန်မာပြည်မှာ လုပ်လို့ မရဘူးလား။ မြန်မာနိုင်ငံက ဒီထက်သာတယ်။ အဲဒီလို မြန်မာနိုင်ငံမှာလည်း costal road လုပ်မယ်။ ရထားလမ်းလည်း ဘေးနားက ပြိုင်ဖောက်မယ်ဆိုရင် ကုန်စည်တွေ စီးဆင်းမှု မြန်သွားပြီ။ အဲဒီ ထွက်လာတဲ့ port ဖြစ်ဖြစ် airport ဖြစ်ဖြစ် အဲဒါကို မြန်မာနိုင်ငံသားတွေက အကျိုးရှိစွာ အသုံးချမယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် အခြား corridor တွေလည်း ဆောက်ပါ။ corridor တွေ၊ international corridor တွေ ဖြစ်လာတာနဲ့ အမျှ internal corridor တွေလည်း လုပ်သင့်ပါတယ်ဆိုတာ ကျွန်တော်တို့ဆီက ပညာရှင်တွေ မြင်ထားတဲ့ အမြင်ပါ” ဟု Parami Energy Group of Companies မှ CEO  ဦးပြည့်ဝထွန်းက ပြောကြားသည်။