နိုင်ငံသား စိစစ်ဆဲ (နိုင်ငံခြားသား) များအား နိုင်ငံသားများ၏ အမြင့်ဆုံး အခွင့်အရေး ဖြစ်သည့် မဲပေးခွင့်ပြုခြင်းအပေါ် နယ်ပယ်အသီးသီးက ကန့်ကွက်

နိုင်ငံသား စိစစ်ဆဲ (နိုင်ငံခြားသား) များအား နိုင်ငံသားများ၏ အမြင့်ဆုံး အခွင့်အရေး ဖြစ်သည့် မဲပေးခွင့်ပြုခြင်းအပေါ် နယ်ပယ်အသီးသီးက ကန့်ကွက်
Published 3 February 2015
သတင်းအယ်ဒီတာအဖွဲ့

နိုင်ငံသား စိစစ်ဆဲ (နိုင်ငံခြားသား) များအား နိုင်ငံသားများ၏ အမြင့်ဆုံး အခွင့်အရေး ဖြစ်သည့် မဲပေးခွင့်ပြုခြင်းအပေါ် နယ်ပယ်အသီးသီးက ကန့်ကွက်ကြောင်း ပြောဆိုခဲ့ကြသည်။ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်၌ သမ္မတဦးသိန်းစိန်၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်း” နှင့် စပ်လျဉ်းသော ဆွေးနွေးမှု ပြုလုပ်ခဲ့ကာ ထိုဆွေးနွေးမှု အပြီးတွင် နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသား) ဝှိုက်ကတ်ကိုင်ဆောင် ထားသူများကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ၌ မဲပေးခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဥပဒေကြမ်း ပုဒ်မ ၁၁ (က)တွင် ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်သော ပြဋ္ဌာန်းချက်များ ပါဝင်ခဲ့ပြီး ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲမပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးအတည်ပြုကာ ပြည်ထောင်စုလွှတ်တော်ကလည်း မဲပေးခွင့် မပြုရန် ဆုံးဖြတ်ပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည်။ယင်းသို့ ပေးပို့ပြီးနောက်ပိုင်း သမ္မတ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်းတွင် ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးသင့်ကြောင်း သမ္မတက သဘောထားမှတ်ချက် ထည့်သွင်းခဲ့သည်။ထို့နောက် သမ္မတမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၂ ရက် ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးကြပြီး မူလက ဆုံးဖြတ်ထားသည့် ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့်မရှိ ဆုံးဖြတ်ချက်ကို ပြင်ဆင်ကာ မဲပေးခွင့်ပြုခဲ့ခြင်း ဖြစ်သည်။■ ဘယ်သူတွေ ထောက်ခံခဲ့လဲဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးခြင်း မပြုရန် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်တို့က မဲပေးခွင့် ရှိသည့်ဘက်မှ ထောက်ခံဆွေးနွေးခဲ့ကြသည်။ထိုသူများထဲတွင် ဦးရွှေမောင်သည် ရခိုင်ပြည်နယ်တွင် ရှိနေသော ဘင်္ဂါလီခုနစ်သိန်းကျော် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြား ပျံ့နှံ့လျက်ရှိသော သန်းဂဏန်းရှိ ဘင်္ဂါလီများ၏ ထောက်ခံမှု ရရှိထားသူဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ဦးဆိုင်ပေါင်းနပ်မှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လူဦးရေပျှမ်းမျှ ခြောက်သိန်းနီးပါးရှိပြီး ရာခိုင်နှုန်း ၉၀ ခန့်မှာ မှတ်ပုံတင် မရှိများ ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် မြန်မာဘာသာစကား ပြောဆိုခြင်း မရှိဘဲ တရုတ်ဘာသာစကား ပြောဆိုခြင်းနှင့် တရုတ်ငွေကြေးကိုသာ သုံးစွဲကြသူများ ဖြစ်သည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့နယ် ကိုယ်စားလှယ် ဦးကျော်နီနိုင်သည် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ကိုးကန့်ဒေသသည် ‘ဝ’ ဒေသကဲ့သို့ပင် ဖြစ်သည်။တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဘူးသီးတောင်၊ ‘ဝ’ နှင့် ကိုးကန့်ဒေသမှ လွှတ်တော်ကိုယ်စားလှယ်များက ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုရန် သမ္မတ သဘောဆန္ဒကို ထောက်ခံရာ၌ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ၌ မဲပေးခွင့် ရခဲ့ခြင်းများကို အခြေပြု၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ ဥပဒေသည် ယခုအချိန်၌ ပျက်ပြယ်နေပြီဖြစ်ပြီး ကျန်ဥပဒေများသည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိသဖြင့် ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်၌ တာဝန်ရှိချိန်၌ ယခုကဲ့သို့ အတည်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်းဟု မဲပေးခွင့် မပြုရန် ဆွေးနွေးသူများက ဆိုသည်။သို့သော် မဲပေးခွင့်ရရန် ထောက်ခံသူများ အပါအဝင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီကပါ ယခင်ဥပဒေများသည် တည်ဆဲဥပဒေများ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ကလည်း ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရှိကြောင်း ထောက်ပြခဲ့သည်ဟု သိရသည်။■ တပ်မတော်အတွက် မေးခွန်းမဲပေးခွင့်ရရန် ထောက်ခံခဲ့သူများထဲ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ပါဝင်နေခြင်းကလည်း မေးခွန်းထုတ်စရာ ရှိလာခဲ့သည်။တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပြီး ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ပန်ဆင်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းများ၌ ထည့်သွင်းပြောဆိုလေ့ ရှိသော်လည်း နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသား) များအား မဲပေးခွင့်ပြုသည့် ကိစ္စတွင် တပ်မတော်က သဘောတူခဲ့ခြင်းမှာ မေးခွန်းထုတ်စရာ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ဝှိုက်ကတ် ကိုင်ဆောင်ထားသူ (သို့မဟုတ်) နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသား) များအား မဲပေးခွင့် ပြုလိုက်ခြင်းမှာ ဒို့တာဝန် အရေးသုံးပါးတွင် ပါဝင်သော အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် များစွာ အန္တရာယ်ရှိစေသည့် အချက် ဖြစ်သည့်အပြင် ကျန်ရှိသော အချက်နှစ်ချက်ကိုပါ ထိုးနှက်လိုက်သည့် ပုံစံ ဖြစ်ခဲ့သည်။“ယခင်ပြီးသွားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ လည်းကောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှာ လည်းကောင်း၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လည်းကောင်း အဲဒီမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ အားလုံးက မဲပေးခွင့်ရပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပြင်ဆင်ထားခြင်း မရှိသေးတဲ့အတွက် ဥပဒေများနဲ့အညီ ဆက်လက်ပြီးတော့ ဆောင်ရွက်နိုင်အောင် ကျွန်တော့်အနေနဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတိုင်း မဲပေးခွင့်ရှိကြောင်းကို နိုင်ငံတော်သမ္မတရဲ့ သဘောထားအတိုင်း ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုးမြင့်အောင်က ဆိုသည်။■ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်   ဝှိုက်ကတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့် ပြုလိုက်ခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄) တွင် ဖော်ပြထားသော “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်” ဆိုသော အချက်ကို ချိုးဖောက်ရာကျသည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။“ဖွဲ့စည်းပုံအခြေခံ ဥပဒေက တိုင်းရင်းသားတွေကို ပထမအဆင့် ထားတယ်။ ပြီးရင် နိုင်ငံသားကို အလေးထားတာပေါ့။ နိုင်ငံသားများထံမှ အချုပ်အခြာအာဏာ ဆင်းသက်တယ်လို့ ပုဒ်မ ၄ မှာ ပြဋ္ဌာန်းထားတယ်။ အဲဒါက အခရာပဲ။ နိုင်ငံသား မဟုတ်တဲ့ သူတွေဆီက အချုပ်အခြာအာဏာ ဆင်းသက်ရင် ဒီဖွဲ့စည်းပုံကို ရေးခဲ့စဉ်တုန်းက ရည်ရွယ်ချက် ပျက်တယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေများအရ ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ကို ပယ်ဖျက်ရခြင်း မရှိသေးသော်လည်း ခွင့်ပြုလိုက်သည်နှင့် ဖွဲ့စည်းပုံအခြေခံပုဒ်မ ၄ အပြင် ပုဒ်မ ၃၆၉(က) နှင့်ပါ ဆန့်ကျင်နေကြောင်း ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောကြားသည်။■ နိုင်ငံရေးကစားမှုနှင့် ဘယ်သူ့မှာ တာဝန်ရှိလဲ  “အခု နိုင်ငံရေး ကစားနေကြပြီ။ အပေးအယူပေါ့ဗျာ။ ကိုယ့်ကို ထောက်ခံမယ့်သူတွေကို စည်းရုံးရေးဆင်းတဲ့ ကာလတစ်ခု ဖြစ်တာပေါ့။ အဲဒီတော့ ဘာပဲလုပ်လုပ် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အခြေခံမူကို ဖောက်ဖျက်ခဲ့လို့ ရှိရင် ဒီလူဟာ တည်ဆဲဥပဒေကို ပြဋ္ဌာန်းချက်နဲ့အညီ မဆောင်ရွက်တဲ့ ပုဂ္ဂိုလ် ဖြစ်သွားတာပေါ့။ အင်မတန်လည်း နှမြောဖို့ ကောင်းတာပေါ့။ ကျွန်တော်တို့ ရေးခဲ့တဲ့၊ ကျွန်တော်တို့ ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်ဘူး။ ပြဋ္ဌာန်းချက်ပါအတိုင်း တစ်ပုဒ်ချင်း တစ်ပိုဒ်ချင်းကို ပြန်လှန်သုံးသပ်ပြီးမှ ညီ၏ မညီ၏ပေါ့ဗျာ။ ပြဋ္ဌာန်းချက်နဲ့ မညီတဲ့ တည်ဆဲ ဥပဒေတွေကို ပုဒ်မ ၄၄၆ အရ ကျွန်တော်လည်း ပြောခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကို တာဝန် အပ်နှင်းထားတယ်။ ဒါ တာဝန်။ တည်ဆဲဥပဒေတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မတစ်ခုချင်းနဲ့ မလျော်ညီရင် ပြင်ရမယ့် တာဝန်သည် ပြည်ထောင်စု လွှတ်တော်မှာ တာဝန်ရှိတယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ အာဏာရပါတီကို ပြောတာ မဟုတ်ဘူးနော်။ အာဏာရ ပါတီကတော့ တစ်ခါတစ်ခါ ခုနလို နိုင်ငံရေး ကစားတာပေါ့။ ဒါကလည်း နိုင်ငံတော်ကို သစ္စာဖောက်တာမျိုး မဖြစ်ဖို့ လိုတယ်။ တည်ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မတစ်ခုချင်းပေါ်မှာပါ လေးစားလိုက်နာဖို့ လိုတာပေါ့” ဟု ဒေါက်တာအေးမောင်က လွှတ်တော်ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။
ဒို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ပန်ဆင်ထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းများ၌ ထည့်သွင်းပြောဆိုလေ့ ရှိသော်လည်း နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသား) များအား မဲပေးခွင့်ပြုသည့် ကိစ္စတွင် တပ်မတော်က သဘောတူခဲ့ခြင်းမှာ မေးခွန်းထုတ်စရာ . . . . .

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လျော်ညီမှု မရှိသည်ကို ပယ်ဖျက်ရန် တာဝန်ရှိသူမှာ ပြည်ထောင်စုလွှတ်တော်ဖြစ်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင်လည်း တာဝန်ရှိကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။“နိုင်ငံသား မဟုတ်တဲ့ သူတွေကို ယာယီသက်သေခံ ကိုင်တဲ့ သူတွေကို မဲပေးခွင့်တို့ ဘာတို့ ပေးမယ်ဆိုရင် ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတဲ့သူတော့ များကောင်းများမှာပေါ့၊ နိုင်ငံရေး ရည်မှန်းချက် ရှိတဲ့သူကတော့ ပေးမှာပေါ့ဗျာ။ ဒါပေမဲ့ ပုဒ်မ ၄ ကို ချိုးဖောက်တယ်။ အချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ရှိရင် ပုဒ်မ ၄ ကို ချိုးဖောက်ပြီးမှ နိုင်ငံတော် အချုပ်အခြာအာဏာကို သစ္စာဖောက်လို့ ရှိရင် အဲ့လူမှာ တာဝန်ရှိတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။■ ဘယ်သူ အောင်ပွဲခံလဲ  ဘင်္ဂါလီများ၏ ထောက်ခံမှုကို ရရှိထားသော ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသား) များအား နိုင်ငံသားများ၏ အမြင့်ဆုံး အခွင့်အရေး ဖြစ်သည့် မဲပေးခွင့် ပေးခြင်းအပေါ် အောင်ပွဲခံခဲ့ပြီး ၎င်း၏ Facebook စာမျက်နှာ၌ “နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးပိုင်ခွင့်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ အောင်မြင်သွားကြောင်း သတင်းကောင်း ပါးအပ်ပါသည်” ဟု ရေးသားခဲ့သည်။လူဦးရေ တိုးပွားနှုန်း များပြားသည့် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံကြားတွင် တည်ရှိနေသော မြန်မာနိုင်ငံတွင် အနောက်ဘက် တံခါးမှ တစ်ဆင့် ဘင်္ဂါလီများ၏ စိမ့်ဝင်မှုမှာ အရေအတွက် သန်းဂဏန်း ရှိလာသည်အထိ ဖြစ်နေပြီး အရှေ့ဘက် တံခါးမှ စိမ့်ဝင်လာသော တရုတ်လူမျိုးများမှာလည်း အရေအတွက် သိန်းဂဏန်းဖြင့် နိုင်ငံအတွင်း ပျံ့နှံ့နေပြီ ဖြစ်သည်။ထိုအချိန်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေဖြင့် ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသော ခုနစ်သိန်းကျော်အနက် ဝှိုက်ကတ် ကိုင်ဆောင်ထားသည့် ဘင်္ဂါလီ ခြောက်သိန်းကျော်၏ နိုင်ငံသား ဖြစ်ခွင့်ကို အသေအချာ စိစစ်ပေးရန် တောင်းဆိုမှုများ ရှိနေချိန်တွင် ထိုသူများကို ဆန္ဒမဲခွင့် ပြုပေးရန် သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။“နိုင်ငံသား မဟုတ်တဲ့ ဘင်္ဂါလီတွေကို ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ သူကိုသာ မဲပေးခွင့် ရမယ်ဆိုရင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အချုပ်အခြာ အာဏာကိုလည်း ထိခိုက်တယ်လို့ ခံစားရပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့လည်း ၁၉၈၂ ဥပဒေနဲ့ သူတို့ကို ပြန်လည်စိစစ် စေချင်ပါတယ်။ နိုင်ငံသား ဖြစ်ခဲ့မယ်ဆိုရင် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်၊ ဒီလိုမျိုး မဲပေးခွင့်ကို သူတို့ ရရှိခံစားကြမှာပါ။ ၁၉၈၂ ခုနှစ် ဥပဒေမှာ ပုဒ်မ ၃ တို့၊ ပုဒ်မ ၅ တို့၊ ပုဒ်မ ၇ တို့မှာ အဓိက ရေးထားပါတယ်” ဟု ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောဆိုသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဝှိုက်ကတ် ကိုင်ထားသူများ မဲပေးခွင့် ပြုခဲ့ခြင်း ဆုံးဖြတ်ချက် အတည်ပြုမှုသည် ဥပဒေနှင့် မညီကြောင်း ပြောဆိုသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စ ဆုံးဖြတ်ချိန်က လွှတ်တော်တွင် ၎င်းမရှိကြောင်း ပြောကြားသည်။“အဲဒီကိစ္စ ဆုံးဖြတ်တုန်းက အန်တီ မရှိဘူး။ အဲတာကို လွှတ်တော်က ထောက်ခံလိုက်တယ် ပြောတယ်။ ဥပဒေကြမ်းကလည်း အရင်တုန်းက ဥပဒေအတိုင်း တင်ပြတယ် ပြောတယ်။ ဘာပဲလုပ်လုပ် ဥပဒေနဲ့တော့ ကိုက်ညီရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။သို့သော် ပြည်သူ့လွှတ်တော်၌ ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့် မပြုရန် အဆိုတင်သွင်းခဲ့သူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖြစ်သည်။■ လွှတ်တော်မှာ ဘယ်သူအများဆုံး  နိုင်ငံသား စိစစ်ဆဲ(နိုင်ငံခြားသား)များအား နိုင်ငံသားများ၏ အမြင့်ဆုံး အခွင့်အရေး ဖြစ်သည့် မဲပေးခွင့် ပေးခြင်းကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ဦး ရှိခဲ့သည်။လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်ပြီး လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၃၃၉ ဦး ရှိပါသည်။ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီမှာ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၁၃ ဦးသာရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၄၃ ဦးသာ ရှိသည်။ထို့ကြောင့် နိုင်ငံသား စိစစ်ဆဲ(နိုင်ငံခြားသား)များအား နိုင်ငံသားများ၏ အမြင့်ဆုံး အခွင့်အရေး ဖြစ်သည့် မဲပေးခွင့် ပေးခြင်းကို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ၌ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ် အများအပြားက ထောက်ခံခဲ့သဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။အခြား တစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်ကာ သမ္မတရာထူး ရရှိခဲ့သူ ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ လက်ရှိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ထို့အတူ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင်လည်း အများစုက ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ ဖြစ်ကြသည်။ထို့အပြင် ယခုအဆို အတည်မပြုမီ ဇန်နဝါရီ ၂၂ ရက်က ပြည်ထောင်စုလွှတ်တော် နာယက,က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ခေါ်ယူ တွေ့ဆုံခဲ့သည်။ယင်းအခြေအနေများအရ သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့အကြား နိုင်ငံရေး ကွဲလွဲမှု မည်မျှရှိစေကာမူ ပါတီအကျိုးစီးပွား၊ ပါတီ အာဏာ ဆက်လက်တည်မြဲရေးတို့နှင့် သက်ဆိုင်လာချိန်တွင် သဘောထား ကွဲလွဲမှု မရှိခြင်းကို တွေ့ြ့မင်ရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။■ ဘယ်သူတွေ ကန့်ကွက်လဲနိုင်ငံသား စိစစ်ဆဲ(နိုင်ငံခြားသား)များအား နိုင်ငံသားများ၏ အမြင့်ဆုံး အခွင့်အရေး ဖြစ်သည့် မဲပေးပိုင်ခွင့်ကို ခွင့်ပြုလိုက်ခြင်းမှာ ဒီမိုကရေစီ နိုင်ငံများ၌ မရှိသော ပုံစံတစ်ခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ဝှိုက်ကတ် ကိုင်ဆောင်ထားသော နိုင်ငံသားများကို နိုင်ငံသား ဖြစ်စေရန် စိစစ်ပြီး ဆောင်ရွက်ရန်မှာ အစိုးရ၌သာ တာဝန်ရှိပြီး ယခုကဲ့သို့ ၂၀၁၀ ပြည့်နှစ်တွင် သုံးစွဲခဲ့သော မဟာဗျူဟာအတိုင်း ၂၀၁၅ ခုနှစ်တွင် ဆက်လက်သုံးစွဲမည် ဆိုပါက တိုင်းပြည် မီးဟုန်းဟုန်း တောက်နိုင်ကြောင်း သုံးသပ်မှုများ ရှိပါသည်။“နိုင်ငံသားဖြစ်ခွင့် မရသူတွေ၊ နိုင်ငံသားဖြစ်ဖို့ စိစစ်နေဆဲ လူတွေကို အစိုးရက ဝှိုက်ကတ် ထုတ်ပေးတယ်။ သူတို့က နိုင်ငံသား ဥပဒေအရလည်း နိုင်ငံသား အစစ်အမှန် မဟုတ်သေးတဲ့ အတွက် သူတို့ရဲ့ ဆန္ဒဆိုတာ သံသယဖြစ်စရာ ကောင်းတယ်။ ဒါက တစ် အချက်ပါ။ နောက်တစ်ခုက ဝှိုက်ကတ် ကိုင်ဆောင်သူတွေကို ရွေးကောက်ပိုင်ခွင့် ပေးမထားဘူး။ ဒီနှစ်ချက်ကို ကြည့်ပြီး ဝှိုက်ကတ် ကိုင်ထားသူတွေကို နိုင်ငံအတွက် အဆုံးအဖြတ် ဖြစ်တဲ့ ဆန္ဒခံယူပွဲတွေမှာ မဲပေးခွင့် မပြုသင့်ဘူး။ နိုင်ငံသားဖြစ်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို ထိခိုက်နိုင်တယ်။ နောက်ပြီး ဒီလို မဲပေးခွင့် ပြုမယ်ဆိုရင် ၂၀၁၅ ခုနှစ်အတွက် အများကြီး ထိခိုက်လာနိုင်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (စီးပွားရေးကော်မတီ) အဖွဲ့ဝင် ဦးမင်းခင်က ပြောကြားသည်။ယခု ဆုံးဖြတ်ချက်သည် နိုင်ငံသား ဥပဒေကို ချိုးဖောက်ရာ ရောက်ပြီး လွှတ်တော် အနေဖြင့်လည်း စည်းကမ်းမဲ့ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဝေဖန် မိန့်ကြားခဲ့သည်။“နိုင်ငံတကာမှာ ဘယ်နိုင်ငံမှာ အဲဒီလို အခွင့်အရေးမျိုး မပေးပါဘူး။ ဒါက တမင်သက်သက် ဆူပူအောင် လုပ်နေတာလား ဆိုတာ အစိုးရကို စောင့်ကြည့်ရမယ့် သဘောမျိုး ဖြစ်နေပါတယ်” ဆရာတော် ပါမောက္ခက မိန့်ကြားသည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က နိုင်ငံရေး လုပ်စားမှုဟု ရှုမြင်ကြောင်း သုံးသပ်ချက်ပေးသည်။“ပြတ်ပြတ်သားသား ပြောမယ်ဆိုရင် နိုင်ငံရေး လုပ်စားတာပေါ့။ ကိုယ် အာဏာရရှိရေး တစ်ခုတည်းကို ကြည့်ပြီးတော့ တစ်မျိုးသားလုံး အရေးကို လျစ်လျူရှုတဲ့ သဘောကို ရောက်သွားတာပေါ့” ဟု ဦးစိုင်းလိတ်က ဆိုပါသည်။“မိမိ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်သူတွေ မြန်မာနိုင်ငံမှာ ဆက်ရှိဖို့ဆိုရင် ဒီဆုံးဖြတ်ချက် အမှားကို ပြန်ပြင်သင့်တယ်။ ဒီဆုံးဖြတ်ချက်ကို သဘောမတူဘူး” ဟု ဒေါက်တာ ဒေါ်ညိုညိုသင်းက ပြောကြားခဲ့သည်။ယခုကိစ္စနှင့် ပတ်သက်၍ မစိုးရိမ်တိုက်သစ် နာယက ဆရာတော်နှင့် အမျိုးသာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၏ အထက်မြန်မာနိုင်ငံ တာဝန်ခံဆရာတော် ဦးဝီရသူထံ ဆက်သွယ်ခဲ့ရာ ဆွမ်းဘုဉ်းနေသဖြင့် ပြန်လည်ဆက်သွယ်ရန် ၎င်း၏ တပည့်တစ်ဦးက ပြန်ဖြေခဲ့ပြီး ထပ်မံဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ဘဲ ညဦးပိုင်းတွင် ထပ်မံဆက်သွယ်ခဲ့ရာ တရားပွဲရှိသဖြင့် ပြန်ဆက်ရန် ပြောကြားခဲ့သည်။
 
နိုင်ငံသား စိစစ်ဆဲ (နိုင်ငံခြားသားများ) အား နိုင်ငံသားများ၏ အမြင့်ဆုံး အခွင့်အရေးဖြစ်သည့် မဲပေးခွင့်ပြုခြင်းအပေါ် အမြင်များ“တိုင်းပြည်အာဏာကို လက်မလွှတ်လိုတဲ့ မဟာဗျူဟာ တစ်ခုတည်းနဲ့ လုပ်မိလုပ်ရာ၊ ကြံမိကြံရာ ကြံစည်လုပ်ကိုင်နေတာတွေကြောင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးတွေရဲ့ အနာဂတ် ဘယ်ကို သွားနေသလဲဆိုတဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းတွေ လျော့နည်းလို့ ဒီလို ဆုံးဖြတ်ချက် အမှားတွေ ချမိတယ်လို့ ထင်ပါတယ်။ဘယ်နိုင်ငံမှာမဆို နိုင်ငံသားစစ်စစ်တွေပဲ မဲပေးခွင့် ရကြတာပါ။ White Card ကိုင်ဆောင်ထားသူတွေကို နိုင်ငံသားစိစစ်ပြီးမှသာ မဲပေးခွင့်ပေးရပါမယ်။ မဲပေးခွင့်ဆိုတာ ဆန္ဒခံယူပွဲ ဖြစ်ဖြစ်၊ ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် အကျုံးဝင်တယ်။ ဘာအကြောင်းပြချက်နဲ့မှ ခွဲပြောလို့ မရဘူး”        ဒေါက်တာသန်းထွဋ်အောင်(CEO) Eleven Media Group“ကျွန်တော် မကြိုက်ဘူး။ ဘာဖြစ်လို့ မကြိုက်လဲဆိုတော့ ဒါတွေကို ပေးလိုက်လို့ရှိရင် အချုပ်အခြာအာဏာကို ထိပါးနိုင်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေလည်း လုပ်ရကိုင်ရ ခက်သွားမှာပေါ့ဗျာ။ သူတို့ကို ကိုင်တွယ်ရတာ ရခိုင်ကိစ္စမှာပဲ ဟိုလေးတကျော်ကျော် ခက်ခက်ခဲခဲ ဖြစ်နေရတဲ့ အထဲမှာမှ ဒါကြီးကို အရင်တုန်းက မဲပေးခွင့် ပြုထားခဲ့သည့်အတွက် ဒါကို ပေးရမယ် ဆိုတာကြီးနဲ့ သမ္မတက ကိုင်တာ။ အမှန်က အဲဒီလို မဖြစ်သင့်ဘူး။ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုကို ရဲရဲဝံ့ဝံ့ ဘာဖြစ်လို့ မတားမြစ်ရတာလဲ။ ကျွန်တော်တို့ တိုင်းရင်းသားအနေနဲ့ မကြိုက်တာ အမှန်ပဲ”           ဦးမန်းအောင်ပြည်စိုး (ဒုတိယဥက္ကဋ္ဌ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ)“လွှတ်တော်ကပဲ တစ်ဖက်သတ် ဒီလိုမျိုး ဆုံးဖြတ်လို့ ရလား။ ဒီလောက် ပြည်သူလူထုအတွက် အရေးကြီးတဲ့ ကိစ္စကို။ ဒါဟာ ရွေးကောက်ပွဲတစ်ခုမှာ အနိုင်ရဖို့ထက် မြန်မာပြည်ရဲ့ အနာဂတ် ဘယ်ဟာကို ကြည့်မလဲ။ မြန်မာပြည်ရဲ့ အနာဂတ်နဲ့ ရွေးကောက်ပွဲတစ်ခု အနိုင်ရဖို့ ဘယ်ဟာကို ပိုပြီးတော့ ကြည့်သင့်လဲ၊ ဘယ်ဟာကို အလေးထားသင့်လဲ ဆိုတာကို နိုင်ငံရေးသမားတွေ ဆင်ဆင်ခြင်ခြင် လုပ်ဖို့လိုတယ်”ဒေါက်တာဒေါ်ညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)“White Card ကိုင်တဲ့သူက နိုင်ငံသား မဟုတ်ဘူး။ နိုင်ငံသားအဆင့် မဟုတ်တဲ့ သူတွေကို မဲပေးခွင့်တော့ မပေးသင့်ဘူးလို့ ကျွန်တော်ကတော့ ထင်တယ်။ နိုင်ငံသား ဖြစ်တဲ့သူပဲ မဲပေးခွင့် ပေးသင့်တာပေါ့။ ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရနဲ့ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့ နေရာမှာ နိုင်ငံသား အမှန်စင်စစ်တွေပဲ ဒီအခွင့်အရေး ရသင့်တယ်။ White Card ဆိုတာက နိုင်ငံသားမပီသ၊ မရေရာတဲ့ သူတွေလေ”                 ဦးဝင်းကြိုင် (အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်)“ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ သူတို့ နောက်လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်သွားတဲ့ ကိစ္စပဲလေ။ ဒါ တရားနည်းလမ်း မကျဘူးလို့ ပြောပေမယ်လို့ ဒီမိုကရေစီနည်းအရ လုပ်တာပါလို့ သူတို့အနေနဲ့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့လို့ ပြည်ခိုင်ဖြိုး အမတ်တွေကိုယ်၌က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘယ်လိုပုံစံနဲ့ အနိုင်ရလာလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ ဆန္ဒအမှန်က ဘာလဲဆိုတာ မသိရသေးဘဲနဲ့ ဒီလိုမျိုး လွှတ်တော်က ဆုံးဖြတ်တဲ့ ကိစ္စတွေက သိပ်ပြီး သမာသမတ်ကျတယ်လို့ မမြင်ပါဘူး။ ပြတ်ပြတ်သားသား ပြောမယ်ဆိုရင် နိုင်ငံရေး လုပ်စားတာပေါ့။ ကိုယ်အာဏာရရှိရေး တစ်ခုတည်းကို ကြည့်ပြီးတော့ တစ်မျိုးသားလုံး အရေးကို လျစ်လျူရှုတဲ့ သဘောကို သက်ရောက်သွားတာပေါ့။ ဒါမျိုးဟာ ရေရှည်ဖြစ်လာမယ်။ နောက်ပြီးတော့ အလားတူ ပုံစံမျိုးတွေ ထပ်ပေါ်ပေါက်မယ် ဆိုရင်တော့ အချုပ်အခြာ အာဏာကိုလည်း ထိခိုက်ကောင်း ထိခိုက်လာနိုင်တာပေါ့။ အထူးအားဖြင့် ကျွန်တော်တို့ မြင်နေတာက ဘင်္ဂါလီလူမျိုးတွေ အနောက်ဘက်ကိုပဲ မြင်နေတာပေါ့။ လက်ရှိ ဒီမြန်မာပြည်မှာ ဒီပြည်ထောင်စုကြီး တစ်ခုလုံးမှာ လွှမ်းမိုးပျံ့နှံ့နေပြီး အသံသိပ်မထွက်တာက အရှေ့ဘက်ကလာတဲ့ အင်အားစုက ပိုပြီးများပါတယ်။ အဲဒီလူမျိုးတွေ လက်ထဲမှာ မှတ်ပုံတင်တစ်ခုမက ရှိတယ် ဆိုတာလည်း လူတိုင်းနီးပါးလောက် သိနေကြပါတယ်။ အဲဒါကြောင့် ဝှိုက်ကတ်တင် မကဘူး။ ကျွန်တော်တို့အားလုံး ကိုင်ဆောင်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်လို ဟာမျိုးတွေလည်း တရားဝင်သည် ဖြစ်စေ၊ မဝင်သည် ဖြစ်စေ သူတို့လက်ထဲ ရောက်နေတယ်။ အဲဒီကိစ္စတွေကစပြီး စိစစ်ရမယ်လို့ မြင်တယ်။ အဲဒါတွေကို လိုက်မလုပ်နိုင်ဘူးဆိုရင် စောစောကပြောတဲ့ အချုပ်အခြာအာဏာ ဆိုတဲ့ဟာကို လုံးဝထိခိုက်တာ မဟုတ်တောင် ပုံရိပ်ကတော့ မကောင်းဘူးပေါ့”စိုင်းလိတ် (SNLD ပြောရေးဆိုခွင့်ရှိသူ)“အစိုးရကို မေးချင်တာက ဘာရည်ရွယ်ချက်တွေနဲ့ လုပ်တာလဲ။ ထုတ်ပြန်ပေးဖို့ လိုအပ်တယ်ဗျ။ ဘာပဲပြောပြောပေါ့။ ဒါတွေက နိုင်ငံရေးပုံစံအနေနဲ့ ပြောရမယ် ဆိုရင်တော့ မရိုးသားဘူးလို့ ပြောရမယ်။ ဘာပဲပြောပြော ကျွန်တော်တို့ တိုင်းပြည်မှာက ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်လာဘူးဆိုတာ ပြောလို့မရဘူး။ လက်ရှိ အစိုးရနဲ့ လွှတ်တော်က လုပ်ဆောင်နေတဲ့ အချို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် မရိုးသားဘူးလို့ ပြောလို့ရနေတယ်။ ဒီလိုမျိုး ဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့် ပြုလိုက်တာကို ကျွန်တော့်အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”     ကိုသိန်းအောင်မြင့် (MCDF)“နိုင်ငံတကာမှာ မရှိတဲ့ အခွင့်အရေး တစ်ခုကို မြန်မာနိုင်ငံက ဘာဖြစ်လို့ ပေးချင်ရတာလဲ။ လူ့အခွင့်အရေး ဆိုတာ အဲဒါ လူ့အခွင့်အရေး မဟုတ်ဘူး။ နိုင်ငံသား ဥပဒေကို ချိုးဖောက်တဲ့ ဥပဒေ ဖြစ်နေတယ်။ အဲဒီအပေါ်မှာ ဘုန်းကြီးအနေနဲ့ ဆန့်ကျင် ကန့်ကွက်သွားမှာပါ။ .....  အခု ဝှိုက်ကတ်တွေ ဆိုတာက သူတို့ နိုင်ငံသားလည်း မဟုတ်ဘူး။ တစ်ဘက်က ခိုးဝင်လာတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒါကြောင့် အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို ထားမယ်ဆိုရင် အိမ်တစ်အိမ်မှာ ခြံစည်းရိုးမရှိတဲ့ အိမ်ကြီးလို့ ကျွဲလည်း ဝင်ချင်ဝင်မယ်၊ နွားလည်း ဝင်ချင်ဝင်မယ်၊ သူခိုး၊ ဓားပြ ကြိုက်တဲ့သူ ဝင်နေတဲ့ ပုံစံကြီး ဖြစ်နေတယ်။ ဝင်လာတဲ့သူ အကုန်လုံးကို လက်ခံတယ် ဆိုတာကတော့ ဥပဒေ မဲ့လွန်းတယ်။ မိမိတို့ တိုင်းရင်းသားတွေ အနေနဲ့ နိုင်ငံ သစ္စာစောင့်သိသူနဲ့ နိုင်ငံ သစ္စာမစောင့်သိသူ အဲဒီလို ခွဲခြားမြင်ရမယ်။ ..... ဒီအခွင့်အရေးမျိုးကို ဘင်္ဂါလီ ဖြစ်ဖြစ်၊ တရုတ် ဖြစ်ဖြစ် ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို တိုင်းပြည်ကို တိုးတက်စေချင်တယ်။ လူမျိုး မပျောက်စေချင်ဘူး။ ဘာသာ မပျောက်စေချင်ဘူး။ တိုင်းပြည် မပျောက်စေချင်ဘူးလို့ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ သူတိုင်းသည် ထိုကဲ့သို့ မပြုသင့်ဘူး မှတ်ချက်ပြုလိုပါတယ်”မကွေးကျောင်းဆရာတော် ဦးပါမောက္ခ“ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများနဲ့ ပတ်သက်ပြီး စဉ်းစားဖို့ နှစ်ချက် ရှိပါတယ်။ ပထမ အချက်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့် ပြုထားပါတယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး သူတို့ကို မဲပေးခွင့် မပြုဘူးဆိုရင် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများကိုလည်း ပြင်ဖို့ လိုပါတယ်။ ဒုတိယ အချက်က ယာယီသက်သေခံလက်မှတ် ဆိုတာ အထောက်အထား မပြည့်စုံသေးသူများကို ဒီနေရာမှာ ရှိနေကြောင်း အထောက်အထားအဖြစ် ပေးထားတာ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်မှာ သာမက အခြားပြည်နယ်များမှာလည်း ရှိနေပါတယ်။ ဒီသဘောကိုပဲ သမ္မတက ပြောခဲ့တာလည်း ဖြစ်ပါတယ်။ အချုပ်အခြာအာဏာကို ထိခိုက်နိုင်သလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့် ရှိသူ အရေအတွက်နဲ့ ယှဉ်ရင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ အရေအတွက်ဟာ အလွန်နည်းပါးတဲ့အတွက် ဆန္ဒခံယူပွဲ ရလဒ်များကို ပြောင်းလဲအောင် မစွမ်းဆောင်နိုင်ဘူးလို့ မြင်ပါတယ်။ အချုပ်အခြာအတွက် အရေးကြီးတာက လွှတ်တော်ကိုယ်စားလှယ်များနဲ့  ဒုတိယသမ္မတ အရည်အချင်းများလို အရေးကြီးတဲ့ ရွေးချယ်ခန့်အပ်မှုများမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ၊ အခြားနိုင်ငံ တစ်ခုရဲ့ သစ္စာခံထားသူများနဲ့ ပတ်သက် ဆက်နွယ်သူများ မပါရှိရေး ဖြစ်ပါတယ်။ အဲဒီအတွက်တော့ အခြေခံဥပဒေက အခိုင်အမာ အကာကွယ် ပေးထားပြီး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ထို့အတူ နိုင်ငံရေး ပါတီဝင်များမှာလည်း အဲဒီလို ကန့်သတ်ထားပြီး ဖြစ်ပါတယ်။ဦးရဲထွဋ် (သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)