ရွေးကောက်ပွဲ၌ မဲပေးရွေးချယ်ရုံနှင့်မပြီးဘဲ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာနိုင်မည့် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတည်ဆောက်ရန်လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရွေးကောက်ပွဲ၌ မဲပေးရွေးချယ်ရုံနှင့်မပြီးဘဲ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာနိုင်မည့် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတည်ဆောက်ရန်လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Published 3 February 2015
ကျော်ဇင်ဝင်း

ပြည်သူနှစ်သက်သည့်ပုဂ္ဂိုလ်များအား ရွေးကောက်ပွဲ၌ မဲပေးရွေးချယ်ရုံနှင့်မပြီးဘဲ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာနိုင်မည့် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတည်ဆောက်ရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ဝေသည့် ဒီလှိုင်းစာစောင်အတွဲ (၄) အမှတ် (၅) ဖေဖော်ဝါရီ ၂ ရက်ထုတ် "ဒီစကား" ကဏ္ဍတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ရေးသားပြောဆိုထားသည်။ရွေးချယ်မှုနှင့် လွတ်လပ်မှုသည်ဆက်နွှယ်နေပြီး ရွေးချယ်စရာမရှိသည့်အခြေအနေတွင် အမှန်တကယ်လွတ်လပ်သည်ဟု ပြောရခက်ကြောင်း၊ ဥပမာအားဖြင့် "ပြောတဲ့အတိုင်းလုပ်ရင်လုပ်၊ မလုပ်ရင်တော့ ပြင်းပြင်းထန်ထန်ဒဏ်ပေးမယ်၊ ကိုယ့်သဘောပဲ၊ လွတ်လွတ်လပ်လပ်ဆုံးဖြတ်" ဆိုသည့်စကားမျိုးသည် မှန်ကန်သည့်စကားမဟုတ်ဘဲ ရွေးချယ်ပိုင်ခွင့် ကျဉ်းမြောင်းသွားသဖြင့် လွတ်လပ်မှုရှိသည်ဟု မပြောနိုင်သည့်အဆင့်ရောက်ရှိသွားခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကရေးသားထားသည်။"ရွေးကောက်ပွဲတွေလုပ်တယ်ဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေက မိမိတို့ကို ကိုယ်စားပြုမယ့်သူတွေကို ရွေးချယ်ခြင်းဖြစ်ပါတယ်။ မိမိတို့ရဲ့အကျိုးဆောင်မယ့်သူတွေ၊ မိမိတို့ရဲ့လိုအင်ဆန္ဒတွေကို သိရှိနားလည်မယ့်သူတွေ၊ နိုင်ငံအပေါ်မှာ တကယ်စေတနာထားပြီးလုပ်မယ့်သူတွေကို ရွေးချယ်ချင်ကြတာပါပဲ။ ဒါပေမဲ့ ဒီလိုလုပ်ကိုင်ဆောင်ရွက်မယ့်သူတွေကို ရွေးချယ်နိုင်ဖို့ဆိုတာ ရွေးကောက်ပွဲနေ့မှ မဲပေးရုံနဲ့ မပြီးပါဘူး။ ပြည်သူများလိုလားနှစ်သက်တဲ့ပုဂ္ဂိုလ်တွေ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လာနိုင်မယ့် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတည်ဆောက်ဖို့လိုအပ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။လွတ်လွတ်လပ်လပ်ရွေးချယ်ပိုင်ခွင့်အပြည့်အဝရှိဖို့သည် ပထမဦးဆုံးရွေးချယ်စရာများရှိရမည်ဖြစ်ကြောင်း၊ အာဏာရှင်များနှင့် တစ်ပါတီစနစ်ကျင့်သုံးသည့်နိုင်ငံများ၌ အမှန်တကယ်ရွေးချယ်စရာမရှိဘဲ ရွေးကောက်ပွဲဆိုသည်မှာ အစိုးရကိုပြည်သူများကထောက်ခံကြောင်း သက်သေပြဖို့သာဖြစ်ကြောင်း၊ ရွေးချယ်ခြင်းထက် အတည်ပြုခြင်းမျှသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားပြောကြားသည်။"ပါတီစုံစနစ်တည်ဆောက်လို့ ရွေးချယ်စရာရှိလာတဲ့အခါမှာ ရွေးချယ်တတ်ဖို့လည်းလိုလာပါတယ်။ အာဏာရှင်စနစ်အောက်မှာ ရှည်ကြာစွာနေခဲ့ရတဲ့ပြည်သူတွေဟာ တစ်ခါတစ်ရံ မိမိတို့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိလာရင်တောင် အကြောက်တရားကိုမကျော်လွှားနိုင်တာလည်း ဖြစ်တတ်ပါတယ်။ ပါတီတွေများလွန်းလို့ ဇဝေဇဝါလည်းဖြစ်သွားနိုင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသည်။ထို့အတူ ပြည်သူအများစုသည် နိုင်ငံရေးကိုစိတ်မဝင်စားဘဲ ရွေးကောက်ပွဲ၌မဲပေးရန်ရည်ရွယ်ချက်ရှိကြောင်း ဖြေကြားကြသည်ဟု မြန်မာနိုင်ငံနှင့်ပတ်သက်၍ စစ်တမ်းတစ်စောင်တွင်ဖော်ပြချက်ကိုထောက်ခြင်းအားဖြင့် မြန်မာပြည်သူများသည် နိုင်ငံရေးကိုစိတ်ဝင်စားသော်လည်း နိုင်ငံရေးနှင့်ပတ်သက်ရသည်ကို အန္တရာယ်ရှိသည်ဟုယူဆနေကြကြောင်း မှတ်ချက်ပြုလိုပြီး အဆိုပါအချက်ကို မိမိအနေဖြင့် သဘောတူကြောင်း ၎င်းကပြောကြားသည်။ထို့ပြင် နိုင်ငံရေးနှင့်ပတ်သက်ရမည်ကိုကြောက်နေသူများ များပြားနေဆဲဖြစ်သည့်အပြင် စိတ်ထဲတွင်ရှိသည့်အတိုင်း ရဲရဲဝံ့ဝံ့မပြောကြသည်ကိုတွေ့ရကြောင်း၊ မိမိစိတ်ကို အကြောက်တရားမှကင်းလွတ်အောင် လုပ်နိုင်မှသာ လွတ်လပ်မှု၏အရသာကို သိနိုင်မည်ဖြစ်ပြီး လွတ်လပ်သည့်အခါမှ မှန်ကန်သည့်ရွေးချယ်မှုကိုလုပ်နိုင်မည်ဖြစ်ကာ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ကရေးသားထားသည်။ 

Most Read

Most Recent