တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် ဆွေးနွေးသော်လည်း ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် လွှတ်တော်ဆုံးဖြတ်

တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက် ဆွေးနွေးသော်လည်း ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် လွှတ်တော်ဆုံးဖြတ်
Published 2 February 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိခိုက်လာစေနိုင်သည်ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ဝှိုက်ကတ် ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုရန် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် မူလက ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူများ မဲပေးခွင့်မပြုရန် ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ကာ နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့သည်။ထို့နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိသည့်အတွက် ယခု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင်လည်း ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်သူများ မဲပေးခွင့်ပြုသင့်ကြောင်း သဘောထားမှတ်ချက်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ယင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးသည့်အနက် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်၊ မချမ်းဘောမဲဆန္ဒနယ်မှ ဦးအင်ဖုန်ဆန်းတို့က မဲပေးခွင့်ရှိကြောင်း ဆွေးနွေးခဲ့သည်။ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက“နိုင်သားဟု အသိအမှတ်မပြုနိုင်သဖြင့် မစစ်ဆေးနိုင်သေးခင်ကာလမှာ ယာယီထုတ်ပေးထားတဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို တိုင်းပြည်အချုပ်အခြာအာဏာနဲ့ဆိုင်တဲ့ ကိစ္စရပ်များအပေါ် ဆုံးဖြတ်ခွင့်ပေးရမယ်ဆိုလို့ရှိရင် တိုင်းပြည်အတွက် အလွန်အန္တရာယ်များပါတယ်။ နိုင်ငံသားမဟုတ်သူများ၏ မဲကို ရလိုမှုကြောင့် မမှန်မကန် မသင့်လျော်သော အခွင့်အရေးများပေး၍ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားဖြစ်အောင်၊ ဝှိုက်ကတ်များအား ပန်းရောင်ကတ်ဖြစ်အောင် လုပ်ဆောင်ပေးမည့် မရိုးသားသောလုပ်ရပ်များ ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်စပ်နေသည့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ယာယီလက်မှတ် ကိုင်ဆောင်ထားသူ အများအပြားရှိသည့်အနက် ရခိုင်ပြည်နယ်တွင် ယာယီလက်မှတ်ကိုင်ဆောင်ထားသည့် ဘင်္ဂါလီဦးရေ ၆၇ဝ,ဝဝဝ ကျော်ရှိကြောင်း၊ ယာယီသက်သေခံ လက်မှတ် ဆိုသည်မှာ မည်သူဖြစ်ကြောင်း ဖော်ပြထားခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံချက် မဟုတ်ကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုလိုက်မည်ဆိုပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဠာန်းချက်များနှင့် ဆန့်ကျင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား ဖြစ်သူများကို ဆန္ဒမဲပေးခွင့်ပြုမည်ဆိုပါက နိုင်ငံတကာစံနှုန်းများနှင့်လည်း ဆန့်ကျင်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၌လည်း Green Card ရရှိထားသူများအနေဖြင့် မဲပေးပိုင်ခွင့် လုံးဝမရှိကြောင်း ဆွေးနွေးခဲ့သည်။ဦးထွန်းအောင်ကျော်က “ဘင်္ဂါလီ လူမျိုးတွေအပေါ် ဒီအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မဲပေးပိုင်ခွင့်ကို ခွင့်ပြုလိုက်မယ်ဆိုရင် သူတို့အနေနဲ့ နိုင်ငံတကာမှာ ဒီအချက်ကိုင်ပြီး မလိုအပ်တဲ့ကိစ္စတွေ ပေါ်ပေါက်လာနိုင်တဲ့အတွက် ကျွန်တော်တို့က ရေတိုကြည့်လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံမှုအတွက် ရေရှည်ကို ကြည့်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံအတွက် နောင်အနှစ် ၂ဝ အတွင်း ဖြစ်ပေါ်လာမယ့် ပြဿနာကိုလည်း ကျွန်တော်တို့ ထည့်စဉ်းစားရပါမယ်” ဟု ဆွေးနွေးခဲ့သည်။ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာအေးမောင်က “ဝှိုက်ကတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်က ဥပဒေနဲ့ မညီဘူးဆိုရင် ပြည်ထောင်စုလွှတ်တော်က ပြင်ရမယ်။ နိုင်ငံသား မဟုတ်သူတွေကို မဲပေးခွင့်ပြုခဲ့ရင် နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တယ်။ သူတို့တွေရဲ့ မဲတွေ ကို လိုချင်လို့လား။ နိုင်ငံရေးကစားတယ်ဆိုရင်လည်း သစ္စာမဖောက်ဖို့ လိုတယ်။ လူဦးရေစိမ့်ဝင်ပြီးမှ အချုပ်အခြာအာဏာကို ကိုင်လှုပ်သွားမှာပဲဆိုတာကို ကျွန်တော်တို့ မေ့နေသမျှကာလပတ်လုံး မဟာဗျူဟာမှားတယ်။ ကိုယ်မဲရဖို့၊ ကိုယ့်နိုင်ငံရေး အမြတ်ရဖို့အတွက် ဖွဲ့စည်းပုံကြီးကို ဒီအတိုင်းထားပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက မလုပ်သမျှကာလပတ်လုံး အဓိပ္ပာယ်မဖွင့်နိုင်ဘူးလို့ အဓိပ္ပာယ်ဖွင့်ကြရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်တော့ဘူး” ဟု ဆွေးနွေးခဲ့သည်။ဦးဘရှိန်က ဆွေးနွေးရာတွင် ယခုဥပဒေသည် နိုင်ငံအတွက် သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း၊ ပြီးခဲသည့်ကာလတွင် နိုင်ငံတော်ဝန်ကြီးချုပ်တစ်ပါး၏ အမှားကြောင့် ယနေ့နိုင်ငံတွင် အကျပ်အတည်းများ ရင်ဆိုင်နေရသည်ကို ပြည်ထောင်စုလွှတ်တော်နာယကကြီးလည်း သိရှိပါကြောင်း၊ ၎င်းအမှားမျိုး ထပ်မမှားရန်လိုအပ်ပြီး နိုင်ငံသားများ၏ အခွင့်အရေးကို နိုင်ငံသားမဟုတ်သူများအား ပေးမည့်အချက်ကို ကန့်ကွက်ပါကြောင်း ဆွေးနွေးခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း မကြာမီက ပြင်ဆင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် ဝှိုက်ကတ်များ မဲပေးရမည်ဆိုသည့်အချက် မပါဝင်သည့်အတွက် ယခုဆုံးဖြတ်ခဲ့သည့် ဝှိုက်ကတ်များ မဲပေးရမည်ဆိုသည့် အတည်ပြုချက်သည် ဥပဒေနှင့်မညီကြောင်း သုံးသပ်ပြောကြားသည်။ထို့နောက် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်သည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ကို ခွင့်ပြုသင့်ကြောင်း သဘောထားတင်ပြခဲ့သည်။အလားတူ အစိုးရအဖွဲ့ကိုယ်စား လာရောက်ဖြေကြားသည့် ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း ဝှိုက်ကတ်ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုခြင်းသည် ဥပဒေနှင့်ညီကြောင်း သဘောထားတင်ပြခဲ့သည်။ထို့နောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ ဝှိုက်ကတ်သမားများ မဲပေးခွင့်ပြုရန် ထောက်ခံသူ ၃၂၈ ဦး၊ ကန့်ကွက်သူ ၇၉ ဦး၊ ကြားနေသူ ၁၉ ရှိသဖြင့် ဝှိုက်ကတ်သမားများအား မဲပေးခွင့်ပြုရန် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။မြန်မာနိုင်ငံအတွင်း အသက် ၁၈ နှစ်ပြည့်သော လူများအနက် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ထုတ်ပေးထားသူ စုစုပေါင်း ၅၉ဝ,ဝ၁၆ ယောက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပြောကြားထားသည်။ အဆိုပါ ယာယီသက်သေခံလက်မှတ်အများစုကို ရခိုင်ပြည်နယ်တွင်ရှိသည့် ဘင်္ဂါလီလူမျိုးများကို ထုတ်ပေးထားသည်။ ကမ္ဘောဒီးယား  အာဏာရှင်နိုင်ငံကဲ့သို့ ရွေးကောက်ပွဲမဲမသာမှုများ ဖြစ်ပေါ်လေ့ရှိသောနိုင်ငံမျိုးမှလွဲ၍ နိုင်ငံတကာတွင် နိုင်ငံသားမဟုတ်သူများနှင့် နိုင်ငံသားမဖြစ်သေးသူများအား မဲပေးခွင့် ခွင့်မပြုထားကြောင်း သိရသည်။  သို့ရာတွင် မြန်မာနိုင်ငံ၌ ယာယီသက်သေခံလက်မှတ် (white card) ကိုင်ဆောင်ထားသူများမှာ နိုင်ငံသားမဖြစ်သေးသော်လည်း နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့် ရရှိမည်ဖြစ်သည်။