သုံးလခန့်ကြာမြင့်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် နယ်နိမိတ်မှတ်တိုင်များ ပူးတွဲစစ်ဆေး ပြုပြင်ခြင်းနှင့် ထပ်တိုးမှတ်တိုင်များ စိုက်ထူခြင်းလုပ်ငန်း စတင်

သုံးလခန့်ကြာမြင့်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် နယ်နိမိတ်မှတ်တိုင်များ ပူးတွဲစစ်ဆေး ပြုပြင်ခြင်းနှင့် ထပ်တိုးမှတ်တိုင်များ စိုက်ထူခြင်းလုပ်ငန်း စတင်
Published 2 February 2015
သားရွှေဦး (ကစ္ဆပ)

သုံးလခန့်ကြာမြင့်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် နယ်နိမိတ်မှတ်တိုင်များ ပူးတွဲစစ်ဆေးပြုပြင်ခြင်းနှင့် ထပ်တိုးမှတ်တိုင်များ စိုက်ထူခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ယင်းသို့ ဆောင်ရွက်ခြင်းအား နယ်စပ်မှတ်တိုင် ၄၅ နှင့် ၅၀ ဝန်းကျင်မှ စတင်ကာ နယ်စပ်မှတ်တိုင်အသစ်များ တည်ဆောက်မည့်နေရာကို ရွေးချယ်ခြင်း၊ တောရှင်းခြင်းတို့အား ဘင်္ဂလားဒေ့ရှ် မြေတိုင်းအဖွဲ့နှင့် ပူးပေါင်းကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းအပြင် နဂိုရှိပြီး နယ်စပ်မှတ်တိုင်များအားလည်း အချောပြန်လည် ပြုပြင်ခြင်း၊ စာလုံးရေးသားခြင်း ဆေးသုတ်ခြင်းတို့ကိုပါ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။နယ်နိမိတ်မှတ်တိုင်များ စိုက်ထူရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတို့မှ လုံခြုံရေး ဆောင်ရွက်ထားပြီး မိုင်းရှင်းလင်းရေး အဖွဲ့များမှလည်း မိုင်းရှင်းလင်းရေး လုပ်ငန်းများအား ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သတင်းရရှိသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ကုန်ပိုင်းတစ်လျှောက် ပူးတွဲကွင်းစစ်ဆေးမှုများနှင့် နယ်နိမိတ်တိုင်များ ပြုပြင်ခြင်း၊ အသစ်စိုက်ထူခြင်းများ ပြုလုပ်သွားနိုင်ရန်အတွက် မြန်မာနိုင်ငံ မြေတိုင်းတာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိန်မင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြေတိုင်းတာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Mr.Md.Mosharaf Hossain ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ဇန်နဝါရီ ၂၀ ရက်က မောင်တောမြို့၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။နယ်စပ်မှတ်တိုင် ၃၁ နှင့် ၅၁ အကြားတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်နေသည့် ကာလအတွင်း မည်သည့်တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများ ဝင်ရောက်မှု မရှိစေရေးအား နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်နေသည့် အရပ်သားများအား နှစ်ဖက်လုံခြုံရေးတပ်ဖွဲ့များ အလွယ်တကူ မှတ်မိစေရန် သတ်မှတ်ဝတ်စုံ ဝတ်ထားရန် စီစဉ်ထားရှိကြောင်းလည်း သိရသည်။အဆိုပါ လုပ်ငန်းအား ၂၀၁၅ မတ်လ ၂၄ ရက်မှ ၃၁ ရက်အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု ပြီးစီးမှု အခြေအနေများအား နှစ်နိုင်ငံ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးသွားရန် ရှိကြောင်းလည်း သိရသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင်များအား ၁၉၇၉-၈၀ ခုနှစ်များတွင် စိုက်ထူခဲ့ကြောင်းလည်း သိရသည်။     

Most Read

Most Recent