ကျောင်းသားစစ်ကြောင်း တည်းခိုသည့် ဘုန်းကြီးကျောင်းကို ဒေသအာဏာပိုင်များက ဖိအားပေးသောကြောင့် ရေနံချောင်းမြို့သို့ ပြောင်းရွှေ့လာခဲ့ရာ လမ်းတစ်လျှောက် ဒေသခံများက တစ်ခဲနက် ကြိုဆို

ကျောင်းသားစစ်ကြောင်း တည်းခိုသည့် ဘုန်းကြီးကျောင်းကို ဒေသအာဏာပိုင်များက ဖိအားပေးသောကြောင့် ရေနံချောင်းမြို့သို့ ပြောင်းရွှေ့လာခဲ့ရာ လမ်းတစ်လျှောက် ဒေသခံများက တစ်ခဲနက် ကြိုဆို
Published 2 February 2015
အောင်သူငြိမ်း

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနေသော ဖေဖော်ဝါရီ ၁ ရက်တွင် လမ်းလျှောက်ချီတက်ခြင်း ရပ်နားပြီး ချောက်မြို့နယ် ထန်းခြောက်ပင်ကျေးရွာ ရွာဦးကျောင်း၌ တည်းခိုနေသော ကျောင်းသားစစ်ကြောင်းနှင့် ပတ်သက်၍ ယင်းကျောင်း လက်ထောက်ဆရာတော်ကို ဒေသအာဏာပိုင်များက ဖိအားပေးသောကြောင့် ကျောင်းသူကျောင်းသားများက ရေနံချောင်းမြို့သို့ ကားများဖြင့် ပြောင်းရွှေ့လာခဲ့ရာ ရေနံချောင်း-ကျောက်ပန်းတောင်း ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ရေနံချောင်းမြို့ခံ ပြည်သူများက တစ်ခဲနက် ကြိုဆိုခဲ့ကြကြောင်း ကျောင်းသားခေါင်းဆောင်များထံမှ သိရသည်။ကျောင်းသူကျောင်းသားများ တည်းခိုနေသည့် အဆိုပါ ဘုန်းကြီးကျောင်း လက်ထောက်ဆရာတော် အပါအဝင် ထိုကျောင်းနှင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများကိုပါ ဒေသအာဏာပိုင်များက ဖိအားပေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးရေးနေ့တွင် သပိတ်စစ်ကြောင်းများ ရပ်နားထားမည်ဟု ကတိပြုထားသည့်အတိုင်း ရပ်နားတည်းခိုနေသည်ကို ယင်းသို့ ဖိအားပေးခဲ့သည်မှာ အစိုးရဘက်မှ ကတိမတည်သကဲ့သို့ သက်ရောက်သောကြောင့် ရေနံချောင်းမြို့သို့ ပြောင်းရွှေ့တည်းခိုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မူလကတိအတိုင်း လမ်းလျှောက်ခြင်းမပြုဘဲ ရေနံချောင်းမြို့နယ် NLD ပါတီဝင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားများက စီစဉ်ပေးသည့် ကားများဖြင့် နေရာရွှေ့လာခဲ့ကြောင်း၊ ထိုသို့ရွှေ့ပြောင်းလာရာ လမ်းကြောင်းတစ်လျှောက်ရှိ ဂွေးပင်၊ ကြို့ပင်စု၊ ကြောင်လျှာတော၊ ကြည့်မြင်၊ သုံးဆယ့်ခြောက် ကျေးရွာများ အပါအဝင် ရေနံချောင်းမြို့ခံ ကျောင်းသားကျောင်းသူများနှင့် ပြည်သူအများအပြားမှ သပြေခက်များ၊ ပန်းကုံးများဖြင့် လက်ခုပ်သြဘာတီးကာ တစ်ခဲနက် ကြိုဆိုခဲ့ကြကြောင်း၊ ကျောင်းသားစစ်ကြောင်းသည် ရေနံချောင်းမြို့ စံပယ်ရုံကျောင်းတိုက်သို့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရောက်ရှိခဲ့ပြီး ၎င်းတို့ ကြုံတွေ့ခဲ့ရသော အခြေအနေများနှင့် ရှေ့ခရီးစဉ်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent