ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုအခမ်းအနား တောင်ဥက္ကလာပမြို့နယ်တွင် ကျင်းပ

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုအခမ်းအနား တောင်ဥက္ကလာပမြို့နယ်တွင် ကျင်းပ
Published 1 February 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို ဂုဏ်ပြုအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် ညပိုင်းက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ်ကွက်ရှိ မြသီတာ အားကစားကွင်း၌ ကျင်းပခဲ့သည်။အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ဥက္ကလာပမြို့နယ်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက်ကာ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထားများ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကြိုးစားခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ဦးတင်ဦးက “ဗိုလ်ချုပ်ဟာ သူ့ရဲ့ ပင်ကိုမှာ ကြည့်မယ်ဆိုရင် ရိုးသားတယ် ဖြောင့်မတ်တယ်။ နောက်ပြီး အမှားကို လုပ်ခဲဖို့ ကြိုးစားတယ်။ မှားရင်လည်း အမှန်ကို ပြင်တယ်။ အမှန်ကိုပြောတယ် အမှန်ကို တွေးတယ်။ အမှန်ကို ရေးတယ်။ အဲဒီအမှန်ကို ဆုံးဖြတ်ပြီးရင်တော့ အောင်မြင်သည်အထိ ဆောင်ရွက်တယ်။ ကိုယ်ကျိုးမဖက်ပါဘူး” ဟု ပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်းလက်ထက်က ပြည်သူ့ကိုချစ်သော ပြည်သူကလည်းချစ်သည့် တပ်မတော်တစ်ရပ်ကို ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းသည် ၎င်းမကွယ်လွန်မီ အင်မတန်မှ နှစ်လိုဖွယ်ကောင်းသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် (၁၉၄၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ)ကိုလည်း ဦးဆောင်ရေးဆွဲနိုင်ခဲ့သည်ဟု ဦးတင်ဦးက ရှင်းပြသည်။၁၉၄၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်းတွင် ရေးသားထားသည့် အချက်နှင့် ပတ်သက်ပြီး ဦးတင်ဦးက “သူ့ရဲ့နိဒါန်းမှာ လူသိက္ခာဖြစ်တဲ့ လွတ်လပ်ရေး၊ လွတ်လပ်မှု ဒါကို အဓိက အခြေခံပြီး ရေးတယ်။ လူတွေဟာ တွေးတာလွတ်လပ်ရမယ်။ ပြောတာလွတ်လပ်ရမယ်။ ဆွေးနွေးတာ လွတ်လပ်ရမယ်။ နောက်ပြီးတော့ အစည်းအရုံးဖွဲ့တာ လွတ်လပ်ရမယ်။ ဝမ်းစာရှာဖွေ စားသောက်ရာမှာ လွတ်လပ်ရမယ်။ မိမိယုံကြည် ကိုးကွယ်တဲ့ ဘာသာမှာလည်း လွတ်လပ်ရမယ်။ အဲဒီလွတ်လပ်မှုကို လိုအပ်သည့်အတွက် ငါတို့တစ်မျိုးသားလုံးတို့သည် ရဲရဲဝံ့ဝံ့ ညီညီညာညာ အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။ ဒီအခွင့်အရေးသည် ရပြီဖြစ်သည့်အတွက် ထိုရရှိသော အခွင့်အရေးများကို မူလဘူတ ပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုကို ပြန်လည်အပ်နှင်းသတည်းတဲ့။ နိဒါန်းမှာ ဘာဒေါသသံမှ မပါဘူး။ မေတ္တာသံနဲ့ ရေးခဲ့တယ်။ ၁၉၇၄ ဥပဒေမှာကျတော့ ဒေါသသံတွေ ပါလာတယ်။ ဟော အခုရေးတဲ့ ၂၀၀၈ ကျတော့ ဒေါသရော မောဟရော လောဘရောပါပြီး ရေးသွားတာ။ ဒါကို နှိုင်းယှဉ်ပြီး ပြောတာပါ” ဟု ပြောကြားသည်။၂၀၁၅ ခုနှစ်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်နှစ်အဖြစ် သတ်မှတ်ထားသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားများကို တောင်ဥက္ကလာပမြို့နယ်တွင် လစဉ်ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

Most Read

Most Recent