ထိုင်းစစ်အစိုးရကို ဝေဖန်သော ရှပ်နီခေါင်းဆောင်နှင့် ဝန်ကြီးဟောင်းတို့ စစ်တပ်ထံ လာရောက်သတင်းပို့ရန် အတင်းအကျပ် ဖိအားပေးခံရ

ထိုင်းစစ်အစိုးရကို ဝေဖန်သော ရှပ်နီခေါင်းဆောင်နှင့် ဝန်ကြီးဟောင်းတို့ စစ်တပ်ထံ လာရောက်သတင်းပို့ရန် အတင်းအကျပ် ဖိအားပေးခံရ
Published 31 January 2015

အစိုးရနှင့် သဘောထားကွဲလွဲသူများအား ထိုင်းစစ်အစိုးရက ဖိနှိပ်မှု တိုးမြှင့်ပြုလုပ်နေချိန်တွင် စစ်အစိုးရအား ဝေဖန်ခဲ့သော ရှပ်နီလှုပ်ရှားမှု ထိပ်တန်းခေါင်းဆောင် တစ်ဦးနှင့် ဝန်ကြီးဟောင်း တစ်ဦးတို့သည် သဘောထား ပြုပြင်ရေး အစီအစဉ်အတွက် စစ်တပ်ထံ သတင်းပို့ရန် ဇန်နဝါရီ ၃၀ ရက်တွင် အတင်းအကျပ် ဖိအားပေးခံခဲ့ရကြောင်း သိရသည်။ အစိုးရကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်ထရာအား ထောက်ခံသော ရှပ်နီလှုပ်ရှားမှု အတွင်းရေးမှူးချုပ် Nattawut Saikuar နှင့် ယင်လက် အစိုးရလက်ထက် စွမ်းအင်ဝန်ကြီး Pichai Narip-thaphan တို့သည် စစ်တပ်ကို သတင်းပို့ရန် ညွှန်ကြားခံခဲ့ရခြင်းဖြစ်သည်။အာဏာသိမ်းပြီးနောက် မာရှယ်လောဖြင့် အုပ်ချုပ်နေသော ထိုင်းဗိုလ်ချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်သူများအား ဖိနှိပ်ရန်အတွက် သဘောထားပြုပြင်ရေးဟုဆိုသော အစီအစဉ်များကို စစ်တပ်က အသုံးပြုနေသည်။ အစိုးရဝန်ကြီးဟောင်းသုံးဦး၊ ရှပ်နီခေါင်းဆောင်တစ်ဦးတို့နှင့် ယင်လက်ရှေ့နေတို့ အပါအဝင် ငါးဦးထက်မနည်းသည် ယခုသီတင်းပတ်တွင် စစ်တပ်ကို သတင်းပို့ရန် ညွှန်ကြားခံထားရသည်။ယင်လက်ကို စွဲချက်များ စွဲဆိုခဲ့ပြီးနောက် ၎င်းတို့၏ အုပ်ချုပ်မှုအား ဝေဖန်ပြစ်တင်မှုများကို နှိမ်နင်းရန် ထိုင်းစစ်အစိုးရက အလျင်အမြန် လုပ်ဆောင်ခဲ့သည်။ အမှန်တကယ်တွင် စစ်အစိုးရနှင့် ပူးပေါင်းရန် မည်သည့်ငြင်းဆန်မှုမဆို ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခြင်းဖြစ်သည်ဟု သတ်မှတ်ခံနေရသော်လည်း စစ်အစိုးရကမူ ယခုကဲ့သို့ ဆင့်ခေါ်မှုများသည် သာမန်ဖိတ်ခေါ်ခြင်းသာဖြစ်သည်ဟု ကာကွယ်ခဲ့သည်။စစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုချာကလည်း အစိုးရအား ဝေဖန်သည့် မည်သူ့ကိုမဆို သည်းခံသွားမည်မဟုတ်ဟု ယခုသီတင်းပတ် အစောပိုင်းတွင် ရှင်းရှင်းလင်းလင်း ပြောကြားထားပြီး ဝေဖန်သူများကို နိုင်ငံတွင်းမှထွက်ခွာမှု ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများအား စစ်ဆေးခြင်းနှင့် သိမ်းယူခြင်းတို့ အပါအဝင် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု သတိပေးခဲ့သည်။အမေရိကန် ထိပ်တန်းသံတမန် ဒန်နီယယ်ရက်ဆဲကလည်း ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ယင်လက်ကို ပါလီမန်က စွဲချက်တင်မှုများသည် နိုင်ငံရေး လှုံ့ဆော်မှု ပါနေသည်ဟု သတိပေး ပြောကြားခဲ့၍ ထိုင်းစစ်အစိုးရက ဒေါသထွက်ခဲ့သည်။ ဘန်ကောက်တွင် အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် ခန့်အပ်ရန် စောင့်ဆိုင်းနေသော ဒဗလျူပက်ထရစ်မာဖီကို ထိုင်းစစ်အစိုးရက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပြီး ရက်ဆဲ၏ မှတ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းစေခဲ့သည်။ ထိုင်းပါလီမန်ကလည်း မာဖီကို ပါလီမန်သို့ လာရောက်၍ ရှင်းလင်းစေလိုကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။Ref:AFP

Most Read

Most Recent