ဝန်ကြီးဌာနများ၏ လက်အောက်ဌာနများဖျက်သိမ်း၊ ပြင်ဆင်ပူးပေါင်းရာတွင် ဝန်ထမ်းအင်အားကိုလျှော့ချခြင်းပြုလုပ်မည်မဟုတ်

ဝန်ကြီးဌာနများ၏ လက်အောက်ဌာနများဖျက်သိမ်း၊ ပြင်ဆင်ပူးပေါင်းရာတွင် ဝန်ထမ်းအင်အားကိုလျှော့ချခြင်းပြုလုပ်မည်မဟုတ်
Published 29 January 2015

ဝန်ကြီးဌာနများ၏ လက်အောက်ဌာနများဖျက်သိမ်း၊ ပြင်ဆင်ပူးပေါင်းခြင်းများပြုလုပ်ရာ၌ အဆင့်ဆင့်သောဝန်ထမ်းအင်အားကို လျှော့ချခြင်းပြုလုပ်မည်မဟုတ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းကပြောကြားသည်။    အစိုးရအုပ်ချုပ်ရေးယန္တရားဖွဲ့စည်းမှုပြင်ဆင်ပြောင်းလဲရေးဆိုင်ရာ အသွင်ကူးပြောင်းရေးကာလလုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရုံး၌ပြုလုပ်ခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးဦးတင်နိုင်သိန်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။    ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး၏ဖွဲ့စည်းမှုများကို ပြန်လည်သုံးသပ်ပြီး အင်အားကျစ်လျစ်စွာဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် မကြာမီက စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လုပ်ငန်း/ ဦးစီးဌာန ၂၀ ကိုပထမအဆင့်အဖြစ် လျှော့ချပြင်ဆင်ဆောင်ရွက်ပြီး ထိုသို့လျှော့ချပြင်ဆင်သော ဝန်ထမ်းအင်အားများဖြင့် အခြားအင်အားလိုအပ်နေသည့်ဌာနများတွင် ပူးပေါင်းဖွဲ့စည်းသွားရန် စီစဉ်လျက်ရှိကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းကပြောကြားသည်။    ထို့ပြင် ဝန်ကြီးဌာနများ၏လက်အောက်ဌာနများဖျက်သိမ်း၊ ပြင်ဆင်၊ ပေါင်းစည်းခြင်းများပြုလုပ်ရာ၌ လက်ရှိညွှန်ကြားရေးမှူးချုပ်များမှစ၍ အောက်ခြေဝန်ထမ်းအဆင့်ဆင့်ထိ တစ်စုံတစ်ရာအင်အားလျှော့ခြင်းမရှိဘဲ ဌာန၏လိုအပ်ချက်နှင့်အညီ တာဝန်ခွဲဝေပိုင်းခြားမှု ထိရောက်စွာလုပ်ကိုင်နိုင်ရန်အတွက် အဓိကပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ မဖြစ်မနေလိုအပ်ချက်အရ ပြောင်းရွှေ့ရမည်ဆိုပါက သားသမီးများပညာသင်နှစ်ကုန်ဆုံးသည့်အခါမှသာလျှင် အဆင်ချောမွေ့အောင်စီမံပေးရန်ဖြစ်ကြောင်း၊ အချို့ဌာနများ၏ ပြင်ဆင်ဖွဲ့စည်းမှု၌ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံ လတ်တလောအဆင်မပြေပါက လက်ရှိမူလနေရာ၌ ဆက်လက်ထားရှိပြီး အဆောက်အအုံအဆင်ပြေသည့်အချိန်မှသာလျှင် ပြောင်းရွှေ့ပေးရန်ဖြစ်ကြောင်း ဝန်ကြီးဦးတင်နိုင်သိန်းကပြောကြားသည်။    လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကာ ပြည်ထောင်စုဝန်ကြီးဌာနများတွင် အမြဲတမ်းအတွင်းဝန်များခန့်အပ်ထားရှိရန် စီစဉ်လျက်ရှိသည်။

Most Read

Most Recent