ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများသံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူးက ရှင်းလင်းခဲ့ကြောင်းသိရ

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများသံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူးက ရှင်းလင်းခဲ့ကြောင်းသိရ
Published 29 January 2015
နေထွန်းနိုင်၊ အောင်သူ

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုဖြစ်စဉ်၌ ကချင်တိုင်းရင်းသားများသံသယဖြစ်သည့် အချက်သုံးချက်ကို မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းနိုင်ဦးက ရှင်းလင်းပြောဆိုမှုရှိခဲ့ကြောင်း သိရသည်။    အဆိုပါရှင်းလင်းပြောဆိုမှုကို အခင်းဖြစ်ပွားရာကောင်းခါးရွာ၌ ဇန်နဝါရီ ၂၅ ရက်ကပြုလုပ်သော အမှုမှန်ပေါ်ပေါက်ရေးအတွက် ကချင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအဝင် ဘာသာရေးခေါင်းဆောင်များ၊  တပ်မတော်ပိုင်းနှင့် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများက ဒေသခံများနှင့်တွေ့ဆုံချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ကချင်တိုင်းရင်းသားများပြောဆိုနေသည့် အရေးကြီးသည့်သံသယဖြစ်ဖွယ်အချက်သုံးချက်ဆိုသည်မှာ (၁) တပ်မတော်စစ်ကြောင်းက ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ကောင်းခါးရွာအတွင်းသို့ ခြေကျင်ဝင်ရောက်လာခြင်း၊ (၂) တပ်မတော်အငယ်တန်းအရာရှိတစ်ဦးက နံနက် ၂ နာရီခန့်အချိန်တွင် အရေးကြီးပြီးဖုန်းဆက်မရသဖြင့် ရွာခံလူငယ်တစ်ဦးအား ဆိုင်ကယ်ဖြင့် မြို့သို့လိုက်ပို့ခိုင်းခြင်း၊ (၃) ဇန်နဝါရီ ၂၀ ရက် နံနက်အစောပိုင်းတွင် ကားသုံးစီးဖြင့် တပ်မတော်သားများ ရွာမှထွက်ခွာသွားခြင်း အစရှိသည်တို့ဖြစ်ကြပါသည်။    တရားခံပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးနေစဉ်ကာလတွင် ထိုအချက်သုံးချက်ကို ကချင်တိုင်းရင်းသားများအကြား အကျယ်တပြန့်ပြောဆိုမှုရှိနေချိန်၌ မုံးပေါ်ဒေသတပ်မတော်ဗျူဟာမှူးက ဒေသခံများနှင့်တွေ့ဆုံချိန်၌ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။    "ဒီကရွာသားတွေ နည်းနည်းမရှင်းမလင်းဖြစ်နေတဲ့ ကားသုံးစီးရောက်လာတယ်ပေါ့။  အဲ့ဒီမှာလိုက်သွားတဲ့သူတွေရှိလားဆိုတဲ့အချိန်မှာ။ ကျွန်တော်တို့က အဲ့ဒီကားကို မန်ဖန်ကလာပြီးတော့ ဒီဘက်ကိုသွားတဲ့အချိန်မှာ ဟိုဘက်ရင်ကွဲတောင်နားက လမ်းကနေတင်ပေးရမယ့်ဝန်တွေကိုတင်ပေးဖို့ကို ကျွန်တော်ကနေ ဒီမှာရှိတဲ့စစ်ကြောင်းမှူးကို ဖုန်းဆက်ပြီးပြောတယ်။ ဒီကစစ်ကြောင်းမှူးက ဟိုဘက်စစ်ကြောင်းမှူးကို ဖုန်းနဲ့ရော၊  စက်နဲ့ရောပြောလို့မရလို့ဆိုပြီးတော့ ဒီကနေပြီးတော့ အိမ်ရှင်ကိုစိုင်းနော်နဲ့ ကျွန်တော့်ဆီက ရဲဘော်တစ်ယောက်ကို ဆိုင်ကယ်နဲ့လွှတ်လိုက်တဲ့ကိစ္စရှိပါတယ်" ဟု မုံးပေါ်ဒေသတပ်မတော်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းနိုင်ဦးကပြောကြားခဲ့သည်။    အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ဆက်နွှယ်သူများကိုလည်း ရဲတပ်ဖွဲ့အားစစ်ဆေးခိုင်းထားပြီးဖြစ်ကြောင်း တပ်မတော်ဗျူဟာမှူးကဆိုသည်။    "တပ်က ဒီကို အခင်းဖြစ်တဲ့နေ့ မနက် ၈နာရီခွဲ ပတ်ဝန်းကျင်လောက်ရောက်တယ်။ အခင်းဖြစ်ပွားတဲ့အချိန်က ၁၂ နာရီခွဲပတ်ဝန်းကျင်လောက်ဆိုတော့ အချိန်အနေနဲ့က ဘယ်လောက်ရှိလဲဆိုတော့ ၁၆ နာရီပေါ့။ ကျွန်တော်တို့တပ်တွေ ဒီကိုရောက်ပြီး ၁၆ နာရီလောက်မှာဖြစ်ခဲ့တယ်။ ကျွန်တော်တို့လည်း ဒါကိုပေါ်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ရော ပြည်သူလူထုနဲ့ပါဝိုင်းဝန်းပူးပေါင်းပြီးတော့ ဖော်ထုတ်ချင်ပါတယ်" ဟု ၎င်းကဆက်လက်ပြောကြားသည်။    ထို့နောက် အမှုမှန်ပေါ်ပေါက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စစ်ကြောင်းကိုလည်း နေရာရွှေ့ထားခြင်းမရှိကြောင်း ထပ်မံပြောကြားသည်။    "ကျွန်တော့်လူကြီးတွေမှာကြားထားတာရှိပါတယ်။ မင်းတို့ဒီကိစ္စဖြစ်ရပ်မှန်မပေါ်မချင်း ဘယ်မှမသွားနဲ့။ ဘယ်မှမရွှေ့နဲ့ဆိုတဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ရောက်လာပြီး ဒီမှာနေရပါတယ်" ဟု ဗိုလ်မှူးကြီးထွန်းနိုင်ဦးကဆိုသည်။    ထို့ပြင် အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း ခမရ ၅၀၃ စစ်ကြောင်းမှူး၏ ပြောစကားနှင့်ပတ်သက်၍လည်း ၎င်းကရှင်းလင်းခဲ့ကြောင်း သိရသည်။    "အဲဒီထဲမှာ ကျွန်တော့်စစ်ကြောင်းမှူးစကြားတာက သုံးနာရီလောက် ၊ လူငယ်ပီပီ ငါတို့ကိုလာမစွပ်စွဲနဲ့ပေါ့။ အဲဒီစစ်ကြောင်းမှူးကိုလည်း ကျွန်တော်ဆုံးမထားပါတယ်။  ဘယ်အရာမှ လျှောက်ပြောလို့မရဘူးဆိုပြီးတော့။ နောက်အဲဒါနဲ့ပတ်သက်လို့ ရဲဘော်တွေနဲ့ပတ်သက်လို့ တစ်စုံတစ်ခုခုဆိုရင် ကျွန်တော့်ကိုလာပြီးတော့ပြောပါ။  ကျွန်တော်ကတော့ ရဲဘော်တွေကိုဈေးဝယ်ခိုင်းတာတောင် ဒီဘက်မဆင်းခိုင်းထားဘူး" ဟု ဗိုလ်မှူးကြီးထွန်းနိုင်ဦးကဆိုသည်။    "တကယ်လို့ အဖြစ်မှန်ပေါ်လာလို့ ကျွန်တော်တို့တပ်ကဆိုရင် တပ်က သူ့စည်းကမ်းအတိုင်းအရေးယူမယ်။ ပြီးရင် နယ်ဘက်ကိုလွှဲမယ်။ တကယ်လို့ တပ်ကမဟုတ်ဘဲ တခြားတစ်ယောက်ဆိုရင် သူ့နယ်ဘက်ဥပဒေအရသွားမှာပါ" ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။    ကောင်းခါးရွာ၌ ကချင်ဆရာမနှစ်ဦးဖြစ်စဉ်ပေါ်ပေါက်ချိန်တွင် ခမရ ၅၀၃ နှင့်အတူ စစ်ကြောင်းမှူးရှိနေပြီး အခင်းဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် မုံးပေါ်ဒေသ တပ်မတော်ဗျူဟာမှူးက ကောင်းခါးရွာသို့ရောက်ရှိပြီး ၎င်း၏ခွင့်ပြုချက်ဖြင့်ပင် တပ်မတော်သားများအား စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    ကချင်ခရစ်ယာန်သာသနာပြုဆရာမနှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုမှာ ဇန်နဝါရီ ၁၉ ရက်ကပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်အထိ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။    ဇန်နဝါရီ ၂၉ ရက်ကထုတ်ဝေခဲ့သော အစိုးရသတင်းစာများတွင် တပ်မတော်ပိုင် မြဝတီသတင်းစာမှရေးသားသည့် "ကောင်းခါးကျေးရွာဖြစ်စဉ်တွင် အမှုမှန်ပေါ်ပေါက်စေရေး တပ်မတော်က သက်ဆိုင်ရာအဖွဲ့အစည်းများအား ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိ" သတင်းကိုဖော်ပြခဲ့သည်။    အဆိုပါသတင်း၌ တပ်မတော်စစ်ကြောင်းသည် ကောင်းခါးရွာသို့ ဇန်နဝါရီ ၁၉ရက် ညနေတွင်ရောက်ရှိအခြေပြုကြောင်း ဖော်ပြထားသော်လည်း အခင်းဖြစ်ပွားရာ ကောင်းခါးရွာသို့ရောက်ရှိနေသော ဗျူဟာမှူး၏ပြောကြားချက်အရ တပ်မတော်စစ်ကြောင်းသည် ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီခွဲတွင် ကောင်းခါးရွာသို့ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။    အစိုးရသတင်းစာများတွင်ဖော်ပြထားသောသတင်း၌ "တရားခံဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များ သွားရောက်စစ်ဆေးမှုအား လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခြင်း၊ ပြစ်မှုကျူးလွန်သူဆံပင်မှရယူထားသော DNA နှင့်တိုက်ဆိုင်စစ်ဆေးနိုင်ရန် အဆိုပါစစ်ကြောင်းမှ တပ်မတော်သားများ၏ဆံပင်နမူနာများအား ပေးပို့ခြင်းတို့ဖြင့် အမှုမှန်ပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအား ဝိုင်းဝန်းပံ့ပိုးကူညီပေးလျက်ရှိသည်" ဟုဖော်ပြခဲ့သည်။    ထို့အပြင် "မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းပိုင်းဆိုင်ရာ မျက်မြင်တွေ့ရှိချက်များနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ တပ်မတော်သားများသည် တရားခံဖြစ်နိုင်ဖွယ်ရာမရှိကြောင်း သုံးသပ်သိရှိရသော်လည်း သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ် တပ်မတော်အပေါ် ပုတ်ခတ်စွပ်စွဲပြောဆိုမှုများပြုလုပ်လာကြောင်းတွေ့ရှိရသဖြင့် အမှုမှန်ပေါ်ပေါက်ချိန်တွင် တပ်မတော်အား မဟုတ်မမှန်ရေးသားပြောဆိုမှုများနှင့်ပတ်သက်၍ တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်" ဟုဖော်ပြခဲ့သည်။    အဆိုပါသတင်းကိုပင် တပ်မတော်က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှတစ်ဆင့် မီဒီယာများထံသို့ပေးပို့သည့် သတင်း၏နောက်ဆုံးစာကြောင်းတွင်မူ "စုံစမ်းစစ်ဆေးမှုများပြီးဆုံး၍ အမှုမှန်သိရှိရချိန်တွင် တပ်မတော်အား မဟုတ်မမှန်ရေးသားပြောဆိုမှုများနှင့်ပတ်သက်၍ ပေါ်ပေါက်ပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်" ဟူ၍ဖော်ပြခဲ့သည်။

Most Read

Most Recent