မဲဆန္ဒရှင် ပြည်သူ ၃၀၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုမှုကြောင့် အမျိုးသမီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး SNDP မှ SNLD သို့ ပြောင်းရွှေ့ဝင်ရောက်

မဲဆန္ဒရှင် ပြည်သူ ၃၀၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုမှုကြောင့် အမျိုးသမီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး SNDP မှ SNLD သို့ ပြောင်းရွှေ့ဝင်ရောက်
Published 27 January 2015
ကျော်ဇင်ဝင်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီသို့ အမျိုးသမီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဇန်နဝါရီ ၂၇ ရက်တွင် ထပ်မံပြောင်းရွှေ့ ဝင်ရောက်လာကြောင်း သတင်းရရှိသည်။အဆိုပါ ပါတီပြောင်းရွှေ့ ဝင်ရောက်လာသူမှာ ရှမ်းပြည်နယ် နမ္မတူမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးဖြစ်ပြီး ၎င်းအပါအဝင် SNDP မှ SNLD သို့ ပါတီပြောင်းရွှေ့လာသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သုံးဦး၊ ပြည်နယ်ကိုယ်စားလှယ် ၁၁ ဦး စုစုပေါင်း ၁၄ ဦးရှိပြီဖြစ်ကြောင်း SNLD ၏ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။“၂ဝ၁၅ မှာ တကွဲတပြားဖြစ်နေတဲ့ ကျွန်မတို့ နမ္မတူက ပြည်သူလူထုတွေ အထူးသဖြင့် ရှမ်းတွေပေါ့နော်။ ထိန်းညှိနိုင်ဖို့အတွက်၊ နံပါတ်နှစ်အချက်က တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ယခင်ကထက်ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့၊ နံပါတ်သုံးအချက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူလူထုတွေ ယခင်ကထက် ပိုမိုပံ့ပိုးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်သုံးခုနဲ့ ကျွန်မ မဲဆန္ဒနယ်က ပြည်သူ ၃၅ဝဝ ကျော်ကနေ လက်မှတ်ထိုးပြီး ကျွန်မကို ပါတီကူးပြောင်းဖို့ တာဝန်ပေးတယ်။ အဲဒါကြောင့် ဇန်နဝါရီ ၂၆ ရက်မှာ ကျားဖြူပါတီမှာ နုတ်ထွက်စာတင်ပြီး ဇန်နဝါရီ ၂၇ ရက်မှာ SNLD ကို ပြောင်းလိုက်တာပါ” ဟု  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးက ပြောကြားသည်။ရှမ်းတိုင်းရင်းသား ပါတီများဖြစ်သည့် SNLD နှင့် SNDP တို့မှာ ပါတီပေါင်းစည်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ရှိခဲ့သော်လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှသာ ပါတီပေါင်းစည်းရေး ကိစ္စအား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း နှစ်ဖက်ပါတီ တာဝန်ရှိသူများက ပြောကြားထားသည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပါတီဖြစ်ပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဟုဆိုကာ ၂ဝ၁ဝ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ၂ဝ၁၂ ခုနှစ်မှသာ ပါတီမှတ်ပုံတင် ပြန်လည်ရယူခဲ့သော ပါတီဖြစ်သည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယလွှတ်တော်ကိုယ်စားလှယ် အများဆုံးအဖြစ် ရပ်တည်ခဲ့သည့်အပြင် ပြည်နယ်လွှတ်တော်တွင်လည်း လွှတ်တော်ကိုယ်စားလှယ် အများအပြား နေရာရရှိခဲ့ကာ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းသည် ရှမ်းပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ၎င်းပါတီမှ နမ့်ခမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းသည်လည်း ၂ဝ၁၃ ခုနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံထားရသည်။  

Most Read

Most Recent