ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) နှင့် ရဲသတင်းတပ်ဖွဲ့(SB) တို့ကို သမ္မတရုံးလက်အောက် ရွှေ့မည်ဆိုသည့်သတင်းမှာ အခြေအမြစ်မရှိကြောင်း သမ္မတရုံး တုံ့ပြန်

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) နှင့် ရဲသတင်းတပ်ဖွဲ့(SB) တို့ကို သမ္မတရုံးလက်အောက် ရွှေ့မည်ဆိုသည့်သတင်းမှာ အခြေအမြစ်မရှိကြောင်း သမ္မတရုံး တုံ့ပြန်
Published 27 January 2015
ကျော်ဇင်ဝင်း

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)နှင့် ရဲသတင်းတပ်ဖွဲ့(SB) တို့ကို သမ္မတရုံးလက်အောက်သို့ ပြောင်းရွှေ့၍ အဖွဲ့အမည် နှင့် ယူနီဖောင်းများ ပြောင်းမည်ဆိုသည့်သတင်းမှာ အခြေအမြစ်မရှိကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကThe Daily Eleven ကို ပြောကြားသည်။
 
“အက်စ်ဘီနှင့် စသုံးလုံးကို သမ္မတရုံးလက်အောက်ရွှေ့မည်”ခါင်းစဉ်ဖြင့် ဇန်နဝါ ရီ ၂၆ ရက်ထုတ် 7 Day Daily သတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
 
ထို့ပြင် အဆိုပါသတင်း၌ နိုင်ငံတော်သမ္မတရုံးလက်အောက်တွင် Office of Security and Information ဌာန ဖွင့်လှစ်ပြီးနောက် လက်ရှိပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းတပ်ဖွဲ့ (SB) နှင့် စသုံးလုံးတပ်ဖွဲ့ဝင်များကို မကြာမီပြောင်းလဲဖွဲ့စည်းမည်ဟု သတင်းရရှိကြောင်း ရေးသားထားသည်။
 
“အခြေအမြစ်မရှိသော သတင်းဖြစ်ပါသည်။ သတင်းဌာနများအနေဖြင့် သတင်းရင်းမြစ်အရေအတွက်၊ ယုံကြည်နိုင်လောက်သည့် အနေအထားမည်မျှရှိလျှင် သတင်းခိုင်မာသည်ဟု သတ်မှတ်ထားမှုများ မည်သို့ရှိသည်ကို မသိပါ”ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
 
ရဲသတင်းတပ်ဖွဲ့၏ လုပ်ငန်းတာဝန်မှာ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ အကြမ်းဖက်သမားများ၏ သတင်းများရယူခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
 
“ကျွန်တော်တော့ အခုမှသတင်းကို တွေ့တာ မသေချာသေးပါဘူး။ ကျွန်တော်တို့သိတာ အဲဒီလိုမဟုတ်ဘူး”ဟု ရဲသတင်းတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက The Daily Eleven ကို ပြောကြားသည်။
 
ထို့အတူ The Daily Eleven သတင်းစာ၏ ရဲသတင်းတပ်ဖွဲ့ အသိုင်းအဝန်းထံမှ စုံစမ်းရရှိသော သတင်းများအရ ရဲသတင်းတပ်ဖွဲ့(SB) အား ရဲတပ်ဖွဲ့လက်အောက်တွင် မထားရှိတော့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်၌ပင် ဦးစီးဌာနအသစ် တစ်ခုအဖြစ် တိုးချဲ့ဖွဲ့စည်းကာ အမည်နှင့်ယူနီဖောင်းပြောင်းလဲဖွဲ့စည်းရန် စီစဉ်နေကြောင်း သိရသည်။
 
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)ကို စီးပွားရေးမှောင်ခိုမှုများ၊ ငွေကြေးခဝါချမှုများ၊ အခွန်တိမ်းရှောင်မှုများနှင့် အဂတိလိုက်စားမှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 
“သမ္မတကြီး သမ္မတတာဝန် စတင်တာဝန်ယူကတည်းက သမ္မတရုံးလက်အောက်မှာ လိုလို၊ ပြည်ထဲရေးမှာလိုလို အသံတွေထွက်နေတာ အခုထိပဲ”ဟု အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) မှ အရာရှိတစ်ဦး က ပြောကြားသည်။
 
အလားတူ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIB) ပြန်လည်ဖွဲ့စည်းထားကြောင်းနှင့် အမျိုးသားထောက်လှမ်းရေးကဲ့သို့ ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့မှုကိုလည်း သမ္မတရုံးက အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး အကြမ်းဖက်ဆိုင်ရာ သတင်းအချက်အလက်များကို အမျိုးမျိုးကွဲပြားနေသည့် ဌာနဆိုင်ရာများအကြား ချိတ်ဆက်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန်အတွက် Focal Official တစ်ဦးစီပါဝင်သည့် အဖွဲ့တစ်ခုအား ယခင်ကတည်းကပင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သမ္မတရုံး အကြီးတန်းအရာရှိက ဖြေကြားထားသည်။
 

Most Read

Most Recent