နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန် ဘင်္ဂါလီ အနေဖြင့် လျှောက်ထားသူ ၃၈၂ ဦး ရရှိထား

နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန် ဘင်္ဂါလီ အနေဖြင့် လျှောက်ထားသူ ၃၈၂ ဦး ရရှိထား
Published 25 January 2015
သန်းလှိုင်(စစ်တွေ)

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ဘင်္ဂါလီအမည်ဖြင့် လျှောက်ထားသူ ၃၈၂ ဦး ရရှိထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ သိရှိရသည်။ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရေး လုပ်ငန်းကို ဇန်နဝါရီလမှ စတင်ကောက်ခံလျက်ရှိရာ ဘင်္ဂါလီအမည်ဖြင့် နိုင်ငံသားစိစစ်ခြင်းကို လက်ခံသည့်သူများ အနေဖြင့် ယင်းတို့ကိုယ်တိုင် လာရောက်လျှောက်လွှာတင်ရန် ဆောင်ရွက်ထားရာ ဇန်နဝါရီ ၂၄ ရက်အထိ လာရောက်လျှောက်ထားသူ ၃၈၂ ဦး ရရှိထားကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီငါးသိန်းကျော် ရှိသော်လည်း လက်ရှိလျှောက်ထားသူ အရေအတွက်မှာ လွန်စွာနည်းပါးနေကြောင်း သိရသည်။“ကျောက်ဖြူနဲ့ ရမ်းဗြဲမှာတော့ တချို့က ကမန်လူမျိုးအနေနဲ့ လျှောက်ထားတာလည်း ရှိတယ်။ ဒါပေမဲ့ သူတို့ကိုလည်း ကမန်လား၊ ဘင်္ဂါလီလားဆိုတာ ခွဲခြားစစ်ဆေးသွားမှာ ဖြစ်တယ်။ စိစစ်တဲ့ အထဲမှာလည်း သူတို့ရဲ့ ကိုယ်စားလှယ်တွေ ပါတယ်။ မြို့နယ်ဆင့် ကောက်ခံတဲ့ ရက်ကလည်း ကျန်သေးလို့ တချို့ကတော့ စောင့်ကြည့်နေတဲ့သဘော ရှိတယ်။ စာရင်းတွေကို ပြည်နယ်အဆင့်ကိုတင်မှာက မတ်လကုန်လောက်မှ တင်မှာဖြစ်ပါတယ်။ ဧပြီလလောက်မှာ ပြည်နယ်ကနေ ဗဟိုကို တင်မယ်။ မေလမှာ ဆုံးဖြတ်ပြီး ဥပဒေနဲ့ညီတဲ့ ကတ်တစ်မျိုးမျိုးတော့ ရလာမှာပေါ့။ အဲဒီကတ်တွေကို ဇွန်လထဲမှာ ပေးသွားဖို့ ရှိပါတယ်။ အခုလိုမျိုး တစ်နှစ်ကို နှစ်ကြိမ်စီ လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်နယ်လဝကမှူး ဦးခင်စိုးက ပြောကြားသည်။  

Most Read

Most Recent