ခွင့်ပြုပြီးမှ ကေအိုင်အိုအဖွဲ့အလံနှင့် ဆင်တူနေသည်ဟုဆိုကာ ကော်မရှင်က ပြန်လည်ပြောင်းခိုင်းသည့် ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ အလံအား ပြင်ဆင်လျှောက်ထားသော်လည်း ခွင့်ပြုချက်မရသေး

ခွင့်ပြုပြီးမှ ကေအိုင်အိုအဖွဲ့အလံနှင့် ဆင်တူနေသည်ဟုဆိုကာ ကော်မရှင်က ပြန်လည်ပြောင်းခိုင်းသည့် ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်ပါတီ အလံအား ပြင်ဆင်လျှောက်ထားသော်လည်း ခွင့်ပြုချက်မရသေး
Published 24 January 2015
ကျော်ဇင်ဝင်း

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခွင့်ပြုသဖြင့် ၁ဝ လကြာ အသုံးပြုသုံးစွဲပြီးချိန်၌ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)  အလံနှင့် ဆင်တူနေသည်ဟုဆိုကာ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် (KNDC) ၏ ပါတီတံဆိပ်နှင့် အလံတို့အား ကော်မရှင်က ပြန်လည်ပြင်ဆင်ခိုင်းသဖြင့် စာသားအချို့ ထည့်သွင်းကာ ပြန်လည်ပြင်ဆင် လျှောက်ထားကြောင်း သတင်းရရှိသည်။
မူလက ပြန်လည်ပြင်ဆင် လျှောက်ထားရန် အစီအစဉ်မရှိသော်လည်း ကေအိုင်အိုအလံ မဟုတ်ကြောင်း သမိုင်းကြောင်းဆိုင်ရာ ရှင်းလင်းချက် ၁ဝ ချက်ဖြင့် ကော်မရှင်ထံ တင်ပြခဲ့သော်လည်း သုံးလကြာသည်အထိ တစ်စုံတစ်ရာ အကြောင်းမပြန်သဖြင့် အလံတွင် စာသားအချို့ ထည့်သွင်းကာ ပြင်ဆင်ချက်လျှောက်ထားခြင်း ဖြစ်ကြောင်း ပါတီအထွေထွေ အတွင်းရေးမှူးဦးစီစီနော်ဂျာက ဇန် နဝါရီ ၂၄ ရက်တွင် ပြောကြားသည်။
ထိုသို့ ပြင်ဆင်လျှောက်ထားရာတွင် အလံပေါ်တွင် KNDC နှင့်တည်ထောင်ခဲ့သည့် ၁၉၄၉ ခုနှစ် စာသားတို့အား ထည့် သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပါတီအလံမှာ ကေအိုင်အို၏အလံအား ပုံတူကူးယူထားခြင်းမဟုတ်ဘဲ ကေအိုင်အိုအဖွဲ့ မပေါ်ပေါက်မီ လွန်ခဲ့သည့် ၆၅ နှစ်ကျော်က ရှိခဲ့သည့် KNC ပါတီက တီထွင်ခဲ့သည့် ကချင်လူမျိုးတို့၏ စိတ်ဓာတ်၊ ကချင်ပြည်နယ်၏ သဘာဝများ၊ က ချင်လူမျိုးစုတစ်စု အနေဖြင့် ပင်လုံတွင် လက် မှတ်ရေးထိုးခဲ့သည့်အဓိပ္ပာယ်တို့ ပါဝင်သော ကချင်လူမျိုးအားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေး ကိုယ်ပိုင်အလံဖြစ်ပြီး ယခု KNDC သည်လည်း KNC အား အမည်ပြောင်းလဲ ထားခြင်းဖြစ်သဖြင့် အဆိုပါအလံအား သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ဦးစီစီနော်ဂျာ၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ လောလောဆယ်ဆောင်ရွက်ဆဲပဲ ရှိပါသေးတယ်။ စိစစ်ဆောင်ရွက်ဆဲ ဖြစ်တဲ့အတွက် ဘယ်အချိန် အကြောင်းပြန်မယ်ဆိုတာ ပြောလို့မရသေးဘူး။ သူတို့အလံကို ကျွန်တော် မပိတ်ထားဘူး။ သူတို့ပြောင်းတဲ့အပေါ် မူတည်ပြီး စိစစ်တာတွေ ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောကြားသည်။
KNDC ပါတီကို ၂ဝ၁၃ ခုနှစ် ဒီဇင် ဘာ ၁၁ ရက်တွင် လက်ရှိပါတီအလံနှင့် တံ ဆိပ်တို့ဖြင့် ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး KNDC ပါတီ ကလည်း ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် ပါတီတံဆိပ်အား အလံနှင့် တစ်ပုံစံတည်း အသုံးပြုရန် ကော်မရှင်သို့ တင်ပြလျှောက်ထားချိန်တွင် ပါတီတံဆိပ်အား ပြောင်းလဲအသုံးပြုခွင့် မပေးသည့်အပြင် လက်ရှိပါတီ အလံနှင့်တံဆိပ်ကိုပါ ပြင်ဆင်ပြောင်းလဲရန် အောက်တိုဘာ ၇ ရက်တွင် ကောင်မရှင်က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
“KNDC ဆိုတဲ့ဟာကို သဲသဲကွဲကွဲထည့်လိုက်တော့ ဘယ်သူမှလည်း ကေအိုင်အို/ကေအိုင်အေနဲ့ တူတာမရှိတော့ဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ သုံးထားတဲ့အလံက ဒီနှစ် ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်အစိုးရကနေ ထုတ်တဲ့ ကချင်ပြည်နယ်နေ့ ဖိတ်စာမှာလည်း အဲဒီပုံစံကိုသုံးထားတယ်။ အဲဒီအလံက အမျိုးသားရေးအလံဗျ။ အဲဒီလိုလုပ်လေ ကေအိုင်အိုကို မူပိုင်ဖြစ်စေတယ်။ ရွေးကောက်ပွဲကော်မရှင်ကို သဘောထားကြီးစေချင်တယ်။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အရင်ကတည်းက အထင်ကရသုံးခဲ့တာကို ပေးမသုံးဘဲနဲ့ ကေအိုင်အို/ကေအိုင်အေ အလံဆိုပြီး လုပ်တာဟာ ကေအိုင်အေရဲ့ အမှတ်လက္ခဏာကို လူထုကြားထဲမှာ ပိုထင်ရှားပြီးတော့ နိုင်ငံရေးအမှတ်လက္ခဏာတွေ ပျောက်သွားမှာ စိုးရိမ်တယ်” ဟု ဦးစီစီနော်ဂျာက ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ပေးပို့ထားသည့် အကြောင်းကြားစာတွင် KNDC ပါတီအနေဖြင့် မှတ်ပုံတင် လျှောက်ထားစဉ်ကပင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပါတီအလံနှင့် တံဆိပ်တို့အား ပေးပို့စိစစ်ခဲ့ရာ တွင် KNDC ပါတီ၏အလံသည် ကေအိုင်အို အဖွဲ့အလံနှင့် တူညီကြောင်း အကြောင်းပြန်ခဲ့သော်လည်း အလံနှင့်တံဆိပ်အပေါ် အခြားကန့်ကွက်သူလည်း မရှိခဲ့သဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ရာတွင် KNDC ၏ပါတီတံဆိပ်အား ပါတီအလံနှင့် တစ်ပုံစံတည်းပြောင်းလဲ အသုံးပြုရန် ထပ်မံလျှောက်ထားလာသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနသို့ ပြဋ္ဌာန်းဥပဒေများ နှင့်ကိုက်ညီမှုရှိ၊ မရှိ စိစစ်စေခဲ့ရာ မူလအတိုင်းပင် အကြောင်းပြန်ကြားလာပြီး ကန့်ကွက်ချက်ပါ ပါဝင်လာသဖြင့် အလေးထားရမည် ဖြစ်ကြောင်း၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင်ပြည်နယ်) ကလည်း ကေအိုင်အိုအဖွဲ့ အလံနှင့်ထပ်တူနီးပါး တူညီနေသဖြင့် ပြည်သူလူထုအကြား အထင်မှားသံသယများ မဖြစ်စေရေးအတွက် ပါတီတံဆိပ်အဖြစ် အသုံးမပြုရန် ကန့်ကွက်ကြောင်းကို တင်ပြလာကြောင်း ကော်မရှင်၏ အကြောင်းကြားစာတွင် ရေးသားထားသည်။
ထို့ကြောင့် မတရားအသင်းအဖြစ် ကြေညာခြင်း ခံထားရသောအဖွဲ့အစည်း၏ အလံနှင့် ထပ်တူနီးပါး တူနေသဖြင့် KNDC အတွက်လည်း ပြည်သူလူထုအတွင်း အထင်မှား သံယယများ ဖြစ်လာနိုင်သဖြင့် အလံနှင့် တံဆိပ်အား ပြင်ဆင်၍ ကော်မရှင်သို့ ပြန်လည်တင်ပြန်ရန် အကြောင်းကြားစာ၌ ဖော်ပြခဲ့သည်။
 
 
 

Most Read

Most Recent