ကချင်ခရစ်ယာန် သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး၏ ဈာပနအား ဘာသာပေါင်းစုံမှ မြစ်ကြီးနားမြို့ခံ ထောင်သောင်းချီ လိုက်ပါပို့ဆောင်

ကချင်ခရစ်ယာန် သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး၏ ဈာပနအား ဘာသာပေါင်းစုံမှ မြစ်ကြီးနားမြို့ခံ ထောင်သောင်းချီ လိုက်ပါပို့ဆောင်
Published 23 January 2015
ထွန်းလင်းအောင် (မြစ်ကြီးနား)

ရှမ်းပြည်နယ် ပန်းဆိုင်းမြို့နယ် ကောင်းခါးကျေးရွာတွင် ဇန်နဝါရီ ၁၉ ရက်က အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံခဲ့ရသော ကချင်ခရစ်ယာန် သာသနာပြု လုပ်အားပေး ဆရာမနှစ်ဦး၏ ဈာပနကို ဇန်နဝါရီ ၂၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့ရာ ထောင်းသောင်းချီသော ဘာသာပေါင်းစုံမှ မြစ်ကြီးနားမြို့ခံများ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ဈာပန အခမ်းအနားကို မြစ်ကြီးနားမြို့ ဂျော်ဘွမ်တောင်သုသာန်တွင် ညနေပိုင်းက မြုပ်နှံခဲ့ပြီး မြုပ်နှံမှုမတိုင်မီ မြစ်ကြီးနား ကချင်နှစ်ခြင်း အသင်းတော် ကျောင်းဝင်းနှင့် နောင်နန် ခရစ်ယာန် ဓမ္မသက္ကသိုလ် ကျောင်းဝင်းအတွင်းမှ နှစ် ၂၀၀၀ ပြည့်ခန်းမတွင် သောင်းနှင့်ချီသော လူအုပ်ကြီးက ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြဖြစ်သည်။ ဈာပန အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ မြန်မာနိုင်ငံ အမျိုးသမီးများ ကွန်ရက်၊ ကေအိုင်အို အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီး ကွန်ရက်၊ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ကချင်ခရစ် သာသနာ ဂိုဏ်းပေါင်းစုံမှ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးအပ်ခဲ့ပြီး အမှုမှန်ကို အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှ ဒေါက်တာခလမ်ဆမ်ဆွမ်က “ဆရာမနှစ်ဦးရဲ့ အဖြစ်အပျက်ကိုတွေ့တော့ တကယ်ကို ရင်နာရပါတယ်။ တာဝန်ရှိတဲ့ စစ်ကြောင်းမှူးနဲ့ ဗျူဟာမှူးကို တွေ့ခဲ့ရပါတယ်။ ဥပဒေအရ ဆိုရင် ကျွန်တော်တို့မှာ အားမရှိပါဘူး။ ကာယကံရှင်ဖြစ်တဲ့ သူတွေဟာ သေဆုံးသွားကြပါပြီ။ သဲလွန်စတွေတော့ အများကြီး ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က ရပ်တည်ပေးမယ့် ဥပဒေ မရှိဘူး။ ကျွန်တော် အနေနဲ့တော့ ဥပဒေစိုးမိုးတဲ့ မြန်မာနိုင်ငံ ဖြစ်ခဲ့ရင် အမှုမှန်ကတော့ ချက်ချင်းပေါ်မှာပါ။ ဥပဒေစိုးမိုးမှု မရှိရင်တော့ တရားခံပေါ်ဖို့ မလွယ်ပါဘူး။ သက်ဆိုင်ရာကိုတော့ နိုင်ငံတော်သမ္မတကြီး ဆောင်ရွက်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဆောင်ရွက်နေတဲ့ အချိန်မှာ တိုင်းရင်းသားတွေနဲ့ တပ်မတော်ဟာ ယုံကြည်မှုတွေ ပျက်ပြားနေပါတယ်။ ဒီလို ပျက်ပြားနေတဲ့ အချိန်မှာ နိုင်ငံတော်ခေါင်းဆောင်ပိုင်းက ယုံကြည်မှုတွေ တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဒီလို ဆရာမနှစ်ဦး ရက်စက်စွာ အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရမှု ဖြစ်ပေါ်လာတာဟာ အတော့်ကို အဟန့်အတား ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။ ဒီရွာမှာ စစ်ကြောင်းရောက်တိုင်း ရွာသားတွေဟာ အပြင်ထွက်ရဲကြတာ မဟုတ်ဘူး။ ကျွန်တော်တွေ့တဲ့ ပုံစုံကတော့ ဆရာမနှစ်ဦးဟာ မသေခင်မှာ အများကြီး ခုခံကာကွယ်ခဲ့တယ် ဆိုတာကို တွေ့ရပါတယ်။ စစ်ကြောင်းတွေ ရှိတဲ့အချိန်မှာ ဖြစ်တာကြောင့် လူထုအားလုံးကိုလည်း ယုန်ထင်၊ ကြောင်ထင် မဖြစ်စေချင်ဘူး။ ဒါကြောင့် အမှုမှန်ပေါ်ပေါက်ဖို့ ဆောင်ရွက်ပေးစေချင်ကြောင်း သက်ဆိုင်ရာကို တင်ပြခဲ့ပါတယ်။ သက်ဆိုင်ရာက စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဆရာဝန် စစ်ဆေးချက်မှာတော့ တော်တော်ခိုင်လုံတဲ့ စစ်ဆေးချက်ကို ရပါတယ်။ ဒါကြောင့် ဒီအမှုဟာ ခရစ်ယာန် သာသနာရဲ့ ကိစ္စ မဟုတ်ပါဘူး။ ခရစ်ယာန်သာသနာဝင် အားလုံးရဲ့ ကိစ္စပါ။ ကျွန်တော်တို့ရဲ့ ဘုရားသခင်ဟာ အမှန်တရားကိုတော့ ဖော်မှာပါ” ဟု ပြောကြားသည်။
ဈာပန ဆုတောင်းပွဲကို မွန်းလွဲ ၁ နာရီမှ ညနေလေးအထိ ပြုလုပ်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ နမ္မတီး၊ ဗန်းမော်၊ မိုးညှင်း စသည့် ဒေသအနှံ့မှ ခရစ်ယာန်ဘာသာဝင်များ တက်ရောက်ခဲ့ပြီး ကချင်အမျိုးသမီးကွန်ရက် အပါအဝင် အဖွဲ့ ၂၅ ဖွဲ့နှင့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီတို့ကလည်း ယင်းကိစ္စကို ရှုတ်ချကြောင်း၊ အဖြစ်မှန်ကို အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။သေဆုံးသူ ဆရာမဒေါ်လူရာ၏ ဘကြီးဖြစ်သူ ဓမ္မဆရာ ဦးမရန်မောရှေး၊ မိဘတွေ မရှိကြတော့ဘူး။ စိတ်မကောင်းဘူး။ ကျွန်တော်တို့ပဲ စောင့်ရှောက်ခဲ့တာ။ မောင်နှမသုံးယောက် ကျန်ရစ်တာပေါ့။ စိတ်မကောင်းဘူး။ နောက်ဆက်တွဲကတော့ KBC အပ်ထားတယ်။ ဘကြီးတို့လည်း အခြားအဖွဲ့တွေ အကူအညီတောင်းပြီး အမှန်ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ အားလုံးကို ပြောချင်တာက အဖြစ်အမှန်ကို အမြန်ဆုံးသာ ဖော်ထုတ်ပေးကြပါလို့ ပြောချင်တယ်” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

Most Read

Most Recent