ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ ဆန္ဒမဲပေးခွင့်ရှိသည်ဟု မှတ်ချက်ပြုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က ယခင်အတိုင်းသာ အတည်ပြု

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ ဆန္ဒမဲပေးခွင့်ရှိသည်ဟု မှတ်ချက်ပြုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က ယခင်အတိုင်းသာ အတည်ပြု
Published 23 January 2015

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းတွင် နိုင်ငံတော်သမ္မတက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများ ဆန္ဒမဲပေးခွင့်ရှိသည်ဟု မှတ်ချက်ပြုခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က ယခင်အတည်ပြုထားသည့်အတိုင်း ဇန်နဝါရီ ၂၂ ရက်က အတည်ပြုခဲ့သည်။
 
နိုင်ငံတော်သမ္မတက ဥပဒေကြမ်း၏ အပိုဒ် ၁၁၊ အပိုဒ်ခွဲ(က)တွင် ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။
 
၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေးဆန္ဒခံယူပွဲ ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)၌ လည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများ၏ ပုဒ်မ ၆၊ ပုဒ်မခွဲ (က) ၌လည်းကောင်း ဆန္ဒမဲပေးခွင့်ရှိသူများတွင်  ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ပါဝင်သောကြောင့်ဖြစ်ပါသည်ဟု နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်တွင် ပါဝင်ကြောင်း သိရသည်။
 
ပြည်ထောင်စုလွှတ်တော်ကမူ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ထားသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် နေ့ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်ဟု အတည်ပြုချက်ကိုသာ အတည်ပြုခဲ့သည်။
 
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းအား ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း နာယကက ကြေညာခဲ့သည်။

Most Read

Most Recent