မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက,က နိုင်ငံတော်သမ္မတထံ အကြောင်းပြန်

မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက,က နိုင်ငံတော်သမ္မတထံ အကြောင်းပြန်
Published 23 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ပြည်ထောင်စုလွှတ်တော်မှ မူလတိုက်တွန်းထားသည့်အတိုင်း ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဇန်နဝါရီ ၂၂ ရက်တွင် အကြောင်းပြန်ခဲ့သည်။
 
ပြည်ထောင်စုလွှတ်တော်နာယကမှ  နိုင်ငံတော်သမ္မတထံပေးပို့သည့်သဝဏ်လွှာတွင် “ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် အရေးကြီးအဆိုမှာ ခေတ်စနစ်အချိန်အခါနှင့် ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ၊ တိုင်းရင်းသားအစုအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးရေး တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။
 
အဆိုတွင်ပါရှိသည့်အတိုင်း ပစ္စုပ္ပန်နှင့်အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် ခေတ်စနစ်နဲ့အညီ အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သော ခြောက်ဦးအဖွဲ့ ဆောလျင်စွာတွေ့ဆုံဆွေးနွေးခြင်းအားဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် လည်းကောင်း၊ ပိုမိုကောင်းမွန်သော အကျိုးရလဒ်များ ဖြစ်ထွန်းလာနိုင်မည်ဖြစ်ပါသည်။ သို့ ဖြစ်ပါ၍ ပထမအကြိမ်တွေ့ဆုံပြီး ဆွေးနွေးပွဲမူဘောင်အပါအဝင် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းသတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးဆောင်သောခြောက်ဦးအဖွဲ့ တွေ့ဆုံရေးကို ဆောလျင်စွာပြုလုပ်ရန် လိုအပ်ပါကြောင်းပြန်ကြားအပ်ပါသည်”ဟု ပါရှိသည်။
 
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ထားသော အဆိုဖြစ်သည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက “ခြောက်ဦး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလာသောကိစ္စသည် ကောင်းမွန်သော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ သို့ရာတွင် တိုင်းရင်သားပြည်သူအားလုံး၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက လက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး၊ အလားတူ ယင်းတို့၏ လိုလားတောင့်တချက်များပါရှိစေမည့် မူဘောင်များ ကြို တင်ချမှတ်ထားသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် စီမံဆောင်ရွက်နိုင်ပါက ပိုမို၍ ပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုပါကြောင်း၊ သို့ပါ၍ အဆိုပါတွေ့ဆုံဆွေးနွေးပွဲအား မည်သို့ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန်ဖြစ်ကြောင်း” မကြာမီက လွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်မှ ယခုကဲ့သို့ ပြန်လည်အကြောင်းပြန်ခဲ့ခြင်း ဖြစ်သည်။
 
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ခဲ့သောအဆိုမှာ “ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော်ဥက္ကဠ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာတွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” ဖြစ်သည်။
 
ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်းနှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဠ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
 
 
 

Most Read

Most Recent