လူမှန်လျှင် စဉ်းစားဉာဏ်နှင့် တော်လှန်စိတ်အမြဲရှိရမည်ဟု ဗိုလ်ချုပ်အောင်ဆန်း ဘာကြောင့်မှာကြားခဲ့ပါသနည်း

လူမှန်လျှင် စဉ်းစားဉာဏ်နှင့် တော်လှန်စိတ်အမြဲရှိရမည်ဟု ဗိုလ်ချုပ်အောင်ဆန်း ဘာကြောင့်မှာကြားခဲ့ပါသနည်း
Published 22 January 2015
မြေနီသစ္စာ

ဂျပန်ခေတ် (၁ဝ-၅-၁၉၄၄) တနင်္ဂနွေနေ့မှာ စစ်ဝန်ကြီးဖြစ်သူ (အမျိုးသားခေါင်းဆောင်ကြီး) မေဂျာဂျင်နရယ်အောင်ဆန်းသည် တိုင်းပြည်အခြေအနေကို လှည့်လည်စစ်ဆေးရင်း ဟင်္သာတမြို့သို့ရောက်ရှိသွားသည်။ ချက်ချင်းမှာပင် လူထုတရားပွဲပြုလုပ်သည်။ 
ပရိသတ်ထောင်ချီတက်သည်။
 
ယင်းအစည်းအဝေးတွင် မေဂျာဂျင်နရယ်အောင်ဆန်းက လူမှန်လျှင်စဉ်းစားဉာဏ် နှင့် တော်လှန်စိတ်အမြဲရှိရမည်ဟု လူထုကို မှာကြားသည်။ ယင်းမှာကြားချက်ပါသော ဗိုလ်ချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်သည် ဤသို့ဖြစ်သည်။
 
လူဖြစ်ပါလျက်နှင့် ကျွန်စိတ်ရှိသော လူတချို့ရှိနေသေးသည်ကို တွေ့နေရပေသေးသည်။ ကျွန်စိတ်ရှိသောသူများသည် တိရစ္ဆာန်နှင့်အတူတူပင် ဖြစ်သည်။ လူနှင့် တိရစ္ဆာန်မှာ စဉ်းစားဉာဏ်ကွာခြားသည်။ စဉ်းစားဉာဏ်မရှိလျှင် တိရစ္ဆာန်ပင်ဖြစ်သည်။ နွားအုပ်ကျွဲအုပ်ကို နွားကျောင်းသားတစ်ယောက်တည်းက ကြိမ်လုံးတစ်လုံးတည်းနှင့် အုပ်ထိန်းနေသည်။ ကျွဲတွေနွားတွေမှာ စဉ်းစားဉာဏ်နှင့်တော်လှန်ချင်စိတ် မရှိသည့်အတွက် နွားကျောင်းသားတစ်ယောက်၏ အအုပ်ချုပ်ကိုခံနေရသည်။ လူမှန်လျှင်စဉ်းစားဉာဏ်နှင့် တော်လှန်ချင်စိတ်အမြဲရှိရမည်သာ ဖြစ်သည်။ ထိုစိတ်မျိုးမရှိဘဲ ကိုယ့်အမျိုးကို ကိုယ်မချစ်သောသူများမှာ နွားတွေ ကျွဲတွေချည်းဖြစ်သည်ဟု တည့်တည့်ဖြောင့်ဖြောင့် ဗြောင်ကျကျ ပြင်းပြင်းထန်ထန် မိန့်ခွန်းကို ပြောကြားသွားသည်။
 
ထိုအချိန်ထိုကာလက ဘာကြောင့်ထိုမိန့်ခွန်းမျိုးကို ဗိုလ်ချုပ်ပြောကြားရပါသနည်း။ လေးနက်ခိုင်မာစူးရောက်သော နိုင်ငံရေးအကြောင်းခံရှိပေသည်။ ယင်းကာလက တွက်လိုက်ပါက နောက်ခြောက်လကျော်အကြာမှာ ၂၇-၃-၁၉၄၅ တွင် ပြည်လုံးကျွတ် ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲတော့မည် ဖြစ်သည်။
 
ထိုကာလကပြည်သူအများစုကြီးသည် ဖက်ဆစ်ဂျပန်ကို အပြတ်အသတ် တိုက်ခိုက်တွန်းလှန်ရန် အသင့်ဖြစ်နေကြသည်။
 
သို့ရာတွင် ဘယ်ကရရ အခွင့်အရေးသာရမည်ဆိုလျှင် မိမိ၏ တဒင်္ဂတစ်ခဏကိုယ်ကျိုးစီးပွားအတွက် ဖက်ဆစ်ဆီက အခွင့်အရေးကိုမျှော်ကိုးပြီးသော် ဖက်ဆစ်ထံတွင်ကျွန်ခံလိုသည်။ ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဟူသော အယုတ်အညံ့စိတ်ဓာတ်ရှိသူ လူတချို့ရှိနေကြောင်း၊ ယင်းလူစားတို့သည် ဗြိတိသျှရောက်လာစဉ်ကလည်း ကိုယ်ကျိုးစီးပွားရမည်သာဆိုပါက ကိုယ့်အမျိုးသားချင်းပင်ဖြစ်စေ၊ သစ္စာဖောက် “ချောက်” ချရမည်ကို မကြောက်ကြကြောင်း။ ယခုလို ဖက်ဆစ်ဂျပန်သတင်းပေးလုပ်၍ တစ်နိုင်ငံလုံးက စည်းလုံးညီညွတ်စွာတိုက်ပွဲဝင်တော့မည့်အချိန်တွင် မြန်မာ့တော်လှန်ရေးကို ဆန့်ကျင်လိုသူများရှိနေကြောင်း။ ယင်းလူစားတို့ကို ရည်ညွှန်း၍ ဗိုလ်ချုပ်က ကိုယ့်အမျိုးကိုယ်မချစ်သောသူများသည် နွားတွေ၊ ကျွဲတွေတိရစ္ဆာန်တွေချည်းဖြစ်သည်ဟု ဘွင်းဘွင်းရှင်းရှင်း ဗြောင်ကျကျပြောချလိုက်ခြင်း ဖြစ်လေသည်။
 
နိဒါန်းစကားမြွက်ကြားသော ဟင်္သာတခရိုင်ဝန် ဦးချစ်ဆွေက ဗိုလ်ချုပ်အောင်ဆန်း ရောက်လာမည်ကို မနေ့ညနေကမှ သံကြိုးရ၍ အချိန်မရဖြစ်ကာ တခမ်းတနားမကြိုဆိုရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ကြောင်း၊ သို့ရာတွင် ဗိုလ်ချုပ်ဆီက ထူးထူးခြားခြား မိန့်ခွန်းကို ကြားနာရမည်ဖြစ်သည့်အတွက် များစွာကုသိုလ်ကောင်းသည်ဟု ဟင်္သာတမြို့သူမြို့သားတို့ကို ဝမ်းသာအားရပြောကြားလိုက်၏။
 
မိမိသည် တခမ်းတနား အကြိုအဆိုခံချင်သည့်အတွက် လာရောက်ခြင်းမဟုတ်ကြောင်း၊ ဟင်္သာတမြို့သို့ ယခုကဲ့သို့ မိမိရောက်ရှိလာပြီး တရားဟောမည့်အစီအစဉ် မိမိတွင်မပါရှိကြောင်း ဗိုလ်ချုပ်က ခပ်ရှင်းရှင်းဖွင့်ဟလိုက်လေသည်။ မြို့ပေါ်ရှိ လူကြီးလူကောင်းအချို့နှင့် ကရင်ခေါင်းဆောင်ကြီးအချို့က လာရောက်ဖိတ်ခေါ်သည့်အတွက် တရားဟောဖို့ဖြစ်လာကြောင်း ဖြစ်ပေါ်လာသည့်အခြေအနေကို ရှင်းပြ၏။
 
ဟင်္သာတမြို့နယ် ယုန်တလင်းတိုက်နယ်သည် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်နှင့် လွှတ်တော်နာယကကြီးမန်းဘဆိုင်တို့ ချက်မြှုပ်ရာဒေသဖြစ်၍ ကရင်အမျိုးသားများစွာရှိသည်ကို ဗိုလ်ချုပ်က ရည်ညွှန်းပြောကြားလိုက်ခြင်းဖြစ်၏။
 
“မိမိသည် တခမ်းတနား အကြိုဆိုခံချင်သည့်အတွက် စစ်ဝန်ကြီးရာထူးယူပြီး ခရီးထွက်လာခြင်းမဟုတ်ကြောင်း။ ဟင်္သာတမြို့သူမြို့သားတို့သည် မိမိရောက်လာမည်ကို အလွန်ကြောက်လန့်နေသည်ဟု သတင်းရကြောင်း၊ ယခုလည်း မိမိကိုပိုပြီးကြောက်သွားအောင် ပြောဆိုသွားမည်ဟုအစချီကာ “စဉ်းစားဉာဏ်နှင့်တော်လှန်စိတ်မရှိဘဲ ကိုယ့်အမျိုးကို ကိုယ်မချစ်သူများမှာ နွားတွေကျွဲတွေချည်း ဖြစ်သည်” ဟု ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ခြင်းဖြစ်သည်။
 
“ယခုအခါ စစ်သည်အလွန်အရေးကြီးနေသောအချိန် ဖြစ်သည်။ အချို့နိုင်ငံများတွင် စစ်ထဲမဝင်မနေရဥပဒေများပင် ထုတ်လျက်ရှိသည်။ ယခုအခိုက်အတန့်မှာ ထိုဥပဒေမျိုး မထုတ်ရသေးသော်လည်း နောင်လိုအပ်လာသည့်အခါ ထုတ်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကပလ္လင်ခံ၍ စစ်သားစုဆောင်းရေးအတွက် မိမိလာခြင်းမဟုတ် အမျိုးသားညီညွတ်ရေးအတွက် လူမျိုးပေါင်းစည်းရေးအတွက် မိမိရောက်လာခြင်းဖြစ်သည်။
 
ဗမာနိုင်ငံမှာ တိုင်းရင်းသားချည်းဖြစ်သည့်အတွက် တိုင်းရင်းသားစိတ်ကို ပို၍ထားရမည်ဖြစ်ကြောင်း အင်အားရှိသောတိုင်းပြည်ဖြစ်ရန် ညီညွတ်ကြရမည်။ အင်အားရှိသော တိုင်းပြည်ဖြစ်မှ လူရိုသေမည်ဖြစ်ကြောင်း။ တိုင်းရင်းသားအချင်းချင်း စည်းလုံးပြီး အင်အားရှိရန်အရေးကြီးကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးအရေးကြီးပုံကို ဗိုလ်ချုပ်က လမ်းညွှန်ထောက်ပြသွားခြင်းဖြစ်သည်။
 
ယခုကဲ့သို့ ကျွန်စိတ်ရှိသောသူများမှာ တိရစ္ဆာန်နှင့်အတူတူပင်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် မိန့်ခွန်းပြောကြားသွားခြင်းမှာ တစ်ကြိမ်တစ်ခါမျှ ဗိုလ်ချုပ်ဘဝမှာမရှိကြောင်း၊ ထိုအချိန်က တို့ဗမာအစည်းအရုံးဝင် သခင်အချို့ပင်လျှင် မိမိတို့ အခွင့်အရေးရရေးကိုယ်ကျိုးစီးပွားတစ်ခုသာကြည့်၍ ဂျပန်သတင်းပေး လုပ်နေကြသည်ကို ဗိုလ်ချုပ်သိရှိထားသည်။ ဖက်ဆစ်တော်လှန်ရေးကြီး နီးလာလေလေ တော်လှန်ရေးသတိကြီးစွာထားရှိရမည်ကို ဗိုလ်ချုပ်က သတိပေးသည့်အနေဖြင့် ဤမိန့်ခွန်းကို ထိရှနာကျင်စွာ ဤတစ်ကြိမ်သာလျှင်ပြောခဲ့ခြင်းဖြစ်သည်ဟု လေ့လာသိရှိရလေသည်။

Most Read

Most Recent