ဆက်သွယ်ရေးကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ယန်း ၁၀ ဒသမ ၅၀၀ ဘီလျံ ချေးယူရန် လွှတ်တော်သို့ တင်ပြ

ဆက်သွယ်ရေးကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ယန်း ၁၀ ဒသမ ၅၀၀ ဘီလျံ ချေးယူရန် လွှတ်တော်သို့ တင်ပြ
Published 20 January 2015

ဆက်သွယ်ရေးကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၁ဝ ဒသမ ၅ဝဝ ဘီလျံ ချေးယူခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံးက သဝဏ်လွှာ ပေးပို့ခဲ့သည်။ဇန်နဝါရီ ၂ဝ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ချေးယူရသည့် အကြောင်းများကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။JICA ထံမှ ချေးယူမည့် ယန်း ၁ဝ ဒသမ ၅ဝဝ ဘီလျံ ချေးငွေရယူမည့် သဘောတူညီချက်အရ ဆိုင်းငံ့ကာလ ၁ဝ နှစ်၊ ပြန်ဆပ်ကာလ အနှစ် ၃ဝ ဖြင့် သက်တမ်း နှစ် ၄ဝ ဖြစ်ကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ချေးယူရရှိမည့် ချေးငွေများဖြင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များကို ဆက်သွယ်ထားသည့် ပင်မဖိုက်ဘာဆက်ကြောင်းအတွက် စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ ရန်ကုန်မြို့တွင်း ဆက်သွယ်ရေးကွန်ရက်အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ မြန်နှုန်းမြင့် ဖိုင်ဘာကေဘယ်လ်နှင့် စက်ပစ္စည်းများ တပ်ဆင်ခြင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့တွင် National Gateway များ အဆင့်မြှင့်တင်ခြင်း၊ ရန်ကုန်မြို့တွင် ISP အဆင့်မြှင့်တပ်ဆင်ခြင်း၊ IPv6 စနစ် စတင်သုံးစွဲနိုင်ရန် ဆောင်ရွက်ခြင်း၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် ဆက်သွယ်ရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းများအတွက် ဖြစ်သည်။ JICA ထံမှချေးယူမည့် ဂျပန်ယန်း ၁ဝ ဒသမ ၅ဝဝ ဘီလျံနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။ 

Most Read

Most Recent