အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးရန် အချက် ၁၀၃ ချက်ဖြင့် စတင်ညှိနှိုင်းခဲ့ရာ တပ်ပိုင်းဆိုင်ရာကိစ္စ အပါအဝင် အချက် ၁၅ ချက် ပြေလည်မှုရရန် ကျန်

အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးရန် အချက် ၁၀၃ ချက်ဖြင့် စတင်ညှိနှိုင်းခဲ့ရာ တပ်ပိုင်းဆိုင်ရာကိစ္စ အပါအဝင် အချက် ၁၅ ချက် ပြေလည်မှုရရန် ကျန်
Published 20 January 2015

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးရန် အချက် ၁ဝ၃ ချက်ဖြင့် စတင်ညှိနှိုင်းခဲ့ရာ လက်ရှိတွင် တပ်ပိုင်းဆိုင်ရာကိစ္စ အပါအဝင် အချက် ၁၅ ချက် ပြေလည်မှုရရန် ကျန်နေသေးကြောင်း Myanmar Peace Center မှ သိရသည်။ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်၊ နှစ်ဖက်လိုက်နာရမည့် စည်းကမ်းများ၊ လူထုကို အကာအကွယ်ပေးသည့် အချက်များ၊ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး၊ နိုင်ငံရေးဆွေးနွေးမှု ကော်မတီကို ပူးတွဲလုပ်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲကို သုံးလအတွင်း စတင်ရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား မတရားအသင်းအဖြစ် သတ်မှတ်ထားသည့် ပုဒ်မ ၁၇ (၁) ကို ဖြုတ်ပေးရန် စသည့်အရေးကြီးသည့် အချက်များကို သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။ကျန်ရှိနေသေးသော အချက်များမှာ စကားလုံးသုံးစွဲမှုနှင့် ပတ်သက်ပြီး ပြေလည်မှုရရန် ငါးချက်၊ လက်မှတ်ရေးထိုးခြင်းနှင့်ဆိုင်သည့် နှစ်ချက်၊ ကော်မတီဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး လေးချက်၊ လူမှုစီးပွားရေး ကိစ္စများနှင့် ပတ်သက်သည့် တစ်ချက်၊ တပ်ပိုင်းဆိုင်ရာ အချက်သုံးချက်တို့ဖြစ်ကြောင်း သိရသည်။ပြေလည်မှုရရန် ကျန်နေသည့် တပ်ပိုင်းဆိုင်ရာ အချက်သုံးချက်မှာ တပ်သားသစ် စုဆောင်းခြင်း ကိစ္စ၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်ရေး ကိစ္စများကို ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စတို့ ပါဝင်ကြောင်း သိရသည်။ကော်မတီ ဖွဲ့စည်းပုံကိစ္စတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ စသည့်ကော်မတီနှစ်ခု ဖွဲ့စည်းထားရှိရန် ကိစ္စနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု ပူးတွဲကော်မတီအောက်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီတို့ ပါဝင်သည့် ကော်မတီသုံးခု ဖွဲ့စည်းထားရှိရန် ကိစ္စတို့နှင့် ပတ်သက်ပြီး ပြေလည်မှုရရန် ကျန်နေကြောင်း သိရသည်။ 

Most Read