ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအဆိုနှင့် ပတ်သက်၍ သမ္မတက လွှတ်တော်သို့ သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့သည့် သဝဏ်လွှာအပေါ် တရားဝင် တုံ့ပြန်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးအဆိုနှင့် ပတ်သက်၍ သမ္မတက လွှတ်တော်သို့ သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့သည့် သဝဏ်လွှာအပေါ် တရားဝင် တုံ့ပြန်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 20 January 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး အဆိုနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဘောထားမှတ်ချက်များဖြင့် ပြန်လည်ပေးပို့သည့် သဝဏ်လွှာအပေါ် တရားဝင်တုံ့ပြန်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားသည်။ခြောက်ပွင့်ဆိုင်ကိစ္စနှင့် ပတ်သက်၍ သမ္မတထံမှ လွှတ်တော်သို့ပေးပို့သည့် သဝဏ်လွှာနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် “အမေတို့ကတော့ တုံ့ပြန်တဲ့အခါ တရားဝင် တုံ့ပြန်မှာပဲ။ အဲဒီအခါကျရင် သိမှာပေါ့နော်။ ဒါကတော့ ကိုယ့်ဘက်က ရှင်းရှင်းလင်းလင်း ပြောဖို့ကတော့ ကိုယ့်တာဝန်ပေါ့။ အခြားလူ ရှင်းရှင်းလင်းလင်း ပြောတာ၊ မပြောတာကတော့ အန်တီတို့နဲ့ မဆိုင်ဘူး။ ဒီကိစ္စမျိုး ဆိုတာက တရားဝင်လုပ်ရတဲ့ ကိစ္စပဲ။ အလွတ်သဘောမျိုးပြောလို့ မကောင်းပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်တွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အဆိုတင်သွင်းခဲ့သူ ဦးမြင့်ထွန်းက အဆိုအတည်ဖြစ်ပြီးဖြစ်ကြောင်း၊ အချိန်အားဖြင့် နှစ်လခန့် ရှိလာပြီဖြစ်ကြောင်း၊ ထို့အတွက် မြန်မြန်ဆန်ဆန် တွေ့ဆုံဆွေးနွေးသင့်ပြီဖြစ်ကြောင်း၊ ပြည်သူလူထုမှ လိုလားသည့်အတွက် အမြန်ဆုံးတွေ့ဆုံ ဆွေးနွေးသင့်ပြီဖြစ်ကြောင်း ပြောကြားသည်။ဦးမြင့်ထွန်းက “သမ္မတကြီးရဲ့ သဝဏ်လွှာ ဖတ်ကြည့်တော့ စိတ်ကောင်းရှိမှန်းတော့ သိတာပေါ့။ ဒါပေမဲ့ နှစ်လလောက်တော့ ကြာသွားတာပေါ့။ သူ့ရဲ့သဝဏ်လွှာမှာလည်း ခြောက်ပွင့်ဆိုင်ဟာ ကောင်းတဲ့လုပ်ငန်းစဉ်ပဲလို့ ရေးထားတာ တွေ့တယ်လေ။ လွှတ်တော်ကပဲ တာဝန်အရှိဆုံးလို့ ပြောထားတယ်။ သမ္မတကြီးပြောတာ မှားလို့ဆိုတော့လည်း မမှားပါဘူး။ မှန်နေပါတယ်။ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ ခြောက်ပွင့်ဆိုင် ပေါ်လာတာကိုက လွှတ်တော်ထဲမှာ အမြင်ချင်းတွေ မတူဘူး။ တခြားစီ ဖြစ်နေတယ်။ အမြင်ချင်း မတူတဲ့ အခါကျတော့ ကိုယ့်မိဘကို အားကိုးတာပေါ့လေ။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်ကြီး ခြောက်ယောက်ကို အားကိုးတာပေါ့။ ဘာပဲဖြစ်ဖြစ် တွေ့တော့တွေ့ကြမယ်လို့ သုံးသပ်ပါတယ်။ ခေါင်းဆောင်ခြောက်ယောက် တွေ့လိုက်ရင် ငယ်သားတွေလည်း ငြင်းခုံစရာ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ လူကြီးတွေက ထိန်းပေးလိုက်ရင် ရပြီပေါ့။ ငယ်သားတွေ ဆိုတာကတော့ တိုင်းသူပြည်သားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးပါတာပေါ့။ ဝါးအစည်းပြေနေရင် ဒီခြောက်ပင်လိမ်ကြိုးနဲ့ စည်းလိုက်ရင် ညီသွားမှာပေါ့။ အဲဒီသဘောတော့ ရှိတာပေါ့” ဟု ပြောကြားသည်။ဆက်လက်၍ “လူထုလူတန်းစားတွေ၊ နိုင်ငံရေး အင်အားစုတွေရဲ့ လိုလားတောင့်တတဲ့ မူဘောင်တွေကို ကြိုပြီးတော့ အသေးစိတ် ချမှတ်စေချင်တဲ့သဘော ရှိတယ်ထင်တယ် သမ္မတကြီးက။ ဒါလည်း လွှတ်တော်ကိုယ်စားလှယ်တွေ အမှန်ပဲ ပြုစုရမယ်လို့ ထင်ပါတယ်။ သို့သော်လည်းပဲ ဒီခြောက်ယောက် တွေ့လိုက်ရင်လည်း အဖြေရှာလို့ ရတာပဲ။ ပြဿနာတော့ မရှိနိုင်ပါဘူး။ လွှတ်တော်နဲ့ ပြည်သူတွေကလည်း ဒီခြောက်ပွင့်ကို မြန်မြန်တွေ့စေချင်တယ်။ ၁၄ ပွင့်တို့၊ ၄၈ ပွင့်တို့ ဆိုတာကတော့ ပြည်သူတွေက တော်တော်လေး ဝေဖန်ပါတယ်။ ပွဲမစည်ဘူးပေါ့။ အဲဒီတော့ ခြောက်ပွင့်ဆိုင်ကို လွှတ်တော်ကြီးက အတည်ပြုထားတယ်။ ဒါကို ပြည်သူတွေကလည်း မြန်မြန်တွေ့စေချင်တယ်ဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ထပ်ပြီးတော့ ဒါကို အပြုသဘောနဲ့ ဝိုင်းဆွေးနွေးလိုက်ရင်လည်း ဖြစ်မယ်လို့ ထင်ပါတယ်။ လိုလားတောင့်တတဲ့ အချက်တွေ ပေါ်လွင်သွားမယ်ဆိုရင် သမ္မတအတွက်လည်း အကျိုးရှိတာပေါ့။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေကလည်း အတွေးအခေါ် အရည်အချင်း ရှိကြလို့လည်း ဒီလိုအဆို တင်ခဲ့ကြတာပါ။ အားလုံး ဆွေးနွေးလိုက်ရင် အဖြေပေါ်သွားမှာပါ” ဟု ပြောကြားသည်။ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်၌ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက “ပြောရရင်တော့ဗျာ ဒီခြောက်ပွင့်က ခဏခဏ တွေ့နေရမယ်လို့ မြင်တယ်။ ဖြစ်နိုင်ရင် နယ်တွေကို သွားတာတွေမှာ သွားအတူ၊ လာအတူ ဖြစ်နေရမယ်။ အဲဒီလို သွားလာပြီး လူထုနဲ့ တွေ့ဆုံမယ်ဆိုရင်တော့ လူထုက သိန်းသန်းချီပြီးတောင် တွေ့ရနိုင်တယ်။ ကျွန်တော် စိတ်ပူတာကတော့ လွှတ်တော်နဲ့ သမ္မတက သဝဏ်လွှာတွေပဲ ပို့နေရင်တော့ နည်းနည်းလေး နှောင့်နှေးနေမယ်လေ။ မြန်မြန်လေး တွေ့ဆုံသင့်နေပြီ။ အဲဒီကျတော့မှ အပွင့်တိုးဖို့ လိုရင်လည်း တိုးပေါ့။ အရင်ဆုံးတော့ ခြောက်ပွင့်တွေ့ရမယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်ကိုတော့ တွေ့သင့်နေပြီ။ အဘတို့ ဗမာလူမျိုးတွေကလည်း ကဲ့ရဲ့မှုက ခပ်များများလေ။ အဲဒီလို အကျင့်တွေကြောင့်လည်း ပါတီပေါင်း ၇၀ လောက် ရှိနေတာပေါ့။ အမေရိကန်မှာဆို နှစ်ပါတီပဲ ရှိတယ်လေ။ နောက်လိုက် မလုပ်ချင်တဲ့ အကျင့်တွေကို ဆင်ခြင်လိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။ အဲဒီတော့ဗျာ ခြောက်ယောက်လုံးက မာနလေးတွေလျှော့ပြီး အခက်အခဲတွေ ကျော်လွှားလိုက်ရင် နိုင်ငံလည်း တိုးတက်လာမှာပါ။ မြန်မြန် အကောင်အထည် ဖော်သင့်တယ်လို့ ပြောချင်ပါတယ်။ ကြာနေတော့ ပြည်သူတွေက အားမရဘူးလေ။ မြန်မြန်တွေ့ရင် အားရကြမှာပါ။ အခုဆိုရင် နှစ်လပြည့်တော့မယ်လေ” ဟု ပြောကြားသည်။နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာ ရရှိပြီးသည့်နောက်တွင် လွှတ်တော်တွင်းရှိ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် ဒေါက်တာအေးမောင်က တိုင်းရင်းသားပါတီ ၁၄ ခု တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် မူဝါဒများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းရင်းသားပါတီများ၏ ဆွေးနွေးချက်များနှင့် မူဝါဒများကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ ကောင်းမွန်သော လုပ်ငန်းတစ်ရပ် ဖြစ်သော်လည်း တိုင်းရင်းသားပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက လက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး စီမံဆောင်ရွက်နိုင်ရန် လိုမည်ဟု နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သဘောထားမှတ်ချက်များဖြင့် အကြောင်းပြန်ကြားသည်။

Most Read

Most Recent