တောင်းဆိုထားသည့်အတိုင်း အမျိုးသားပညာရေး ဥပဒေအား ရက်ပေါင်း ၆၀ အတွင်း အစိုးရမှ မဆွေးနွေးသဖြင့် နယ်မြို့ကြီးအချို့တွင် ကျောင်းသားထု၏ ဆန္ဒပြမှုများ ပေါ်ပေါက်

တောင်းဆိုထားသည့်အတိုင်း အမျိုးသားပညာရေး ဥပဒေအား ရက်ပေါင်း ၆၀ အတွင်း အစိုးရမှ မဆွေးနွေးသဖြင့် နယ်မြို့ကြီးအချို့တွင် ကျောင်းသားထု၏ ဆန္ဒပြမှုများ ပေါ်ပေါက်
Published 20 January 2015
ဖြိုးဇင်၊ သက်ထိန်းဝင်း၊ စိုးမိုးထွန်း

အမျိုးသားပညာရေး ဥပဒေအား အပြင်းအထန် ကန့်ကွက်ကြောင်း ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့၌ တစ်နိုင်ငံလုံးရှိ ကျောင်းသားများစုပေါင်း၍ လေးရက်ကြာ ကန့်ကွက် သပိတ်မှောက်ခဲ့ပြီးနောက် အစိုးရအား ရက်ပေါင်း ၆၀ အတွင်း ဖြေရှင်းပေးရန် ရာဇသံပေးခဲ့သော်လည်း ရက် ၆၀ ပြည့်သည်အထိ အစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့က တစ်စုံတစ်ရာ ဖြေရှင်းဆွေးနွေးမှု မပြုလုပ်သဖြင့် တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ဆင်နွှဲသည့်အနေဖြင့် နယ်မြို့ကြီးအချို့တွင် ကျောင်းသားထု၏ ဆန္ဒပြမှုများ ဇန်နဝါရီ ၂၀ ရက်တွင် ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံ နယ်မြို့ကြီးများဖြစ်သည့် မုံရွာ၊ ပခုက္ကူနှင့် ထားဝယ်မြို့များတွင် တက္ကသိုလ်ကျောင်းသားများ၏ အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ် အာဏာပိုင်များက တားဆီးသဖြင့် ထိပ်တိုက်တွေ့ဆုံမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။မုံရွာမုံရွာတက္ကသိုလ်တွင် ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ပညာရေးဥပဒေနှင့် ပတ်သက်ပြီး ကျောင်းသားထုမှ တောင်းဆိုထားသည့် ရက်ပေါင်း ၆၀ အတွင်း အစိုးရမှ မဆွေးနွေးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များမှ ကျောင်းသားထု၏ သပိတ်မှောက် ဆန္ဒထုတ်ဖော်ပြမှုအား ထောက်ခံသည့် အနေဖြင့် ကျောင်းသား၊ ကျောင်းသူများမှ ဆန္ဒပြ ဟောပြောပွဲပြုလုပ်ခဲ့ရာ မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းမှ လာရောက်ပြီး တားမြစ်ခဲ့သဖြင့် ဆန္ဒပြကျောင်းသား အချို့နှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်ခဲ့သည်။“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ဆန္ဒပြတာပါ။ ပွဲလုပ်နေချိန်မှာ ဒုတိယပါမောက္ခချုပ် လာပြီး တားမြစ်တယ်။ မိုက်အသုံးပြုလို့ဆိုပြီး မိုက်ကို ဆွဲလုတယ်။ ကျွန်တော်တို့က အခုလက်ရှိ မန္တလေးနဲ့ ရန်ကုန်မှာ ပြုလုပ်နေတဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ထောက်ခံတဲ့အနေနဲ့ အခုလို ဆောင်ရွက်တာပါ။ မန္တလေးက အဖွဲ့တွေကလည်း ရန်ကုန်က အဖွဲ့တွေနဲ့ ပူးပေါင်းဖို့အတွက် ရန်ကုန်ကို ချီတက်နေပါပြီ။ အခု လှုပ်ရှားမှုပြီးသွားရင် ရန်ကုန်ကို သွားရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ကျောင်းသားတစ်ဦးက ပြောကြားသည်။“ကျွန်တော်အနေနဲ့က သပိတ်မှောက် ဆန္ဒပြနေတာကို မလုပ်ပါနဲ့လို့ အတင်းအကျပ် တားမြစ်ပိတ်ပင်တာ မဟုတ်ပါဘူး။ သုံးဘီးယာဉ်ပေါ်မှာ ဘောက်တွေတင်ပြီး မိုက်ကြီးနဲ့ လှည့်အော်နေတော့ အေးချမ်းစွာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အနှောင့်အယှက်ဖြစ်စေလို့ တားမြစ်ရတာပါ။ မိုက်မပါဘူး၊ ဆောင်းဘောက်တွေ မပါဘူးဆိုရင် ခွင့်လွတ်ပေးထားပါတယ်။ သမဂ္ဂဆိုတဲ့ ပါဝါတစ်ခုကို သုံးပြီးတော့ အခုလို စည်းကမ်းမဲ့ လုပ်ဆောင်တာတော့ မဖြစ်သင့်ဘူး” ဟု မုံရွာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းက ပြောကြားသည်။ထားဝယ်ရက် ၆၀ အလွန် ကျောင်းသားသပိတ် ပြန်လည်ဆင်နွှဲမှုကို ထားဝယ်ဒေသအတွင်းရှိ တက္ကသိုလ်ကျောင်းသားများ စုပေါင်းကာ ထားဝယ်မြို့၌ ဇန်နဝါရီ ၂၀ ရက် နံနက်က စတင်သပိတ်မှောက်ခဲ့ကြသည်။“အမျိုးသားပညာရေး ဥပဒေမူကြမ်းကို စကတည်းက ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။ ရက် ၆၀ ပြည့်တဲ့အထိ အစိုးရက ဘာတစ်ခုမှ ဆွေးနွေးပေးတာ မရှိတဲ့အတွက် ရက် ၆၀ အလွန် တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ပြန်လည်ဆင်နွှဲရခြင်း ဖြစ်ပါတယ်။ ဒီအတွက် ခွင့်ပြုချက်ယူတာ မရှိဘူး။ ဒီဥပဒေကို ပြင်ဆင်ပေးတဲ့အထိ သပိတ်မှောက်သွားမှာပါ” ဟု နည်းပညာတက္ကသိုလ်(ထားဝယ်)မှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ (ယာယီ) ကိုသူရနိုင်က ပြောကြားသည်။“ဒီနေ့ ညနေကျောင်းဆင်းချိန်အထိ ထိုင်သပိတ်ကို ထားဝယ်တက္ကသိုလ် ကံ့ကော်တန်းမှာ ပြုလုပ်ပါမယ်။ မနက်ဖြန်မှာတော့ မြို့ထဲမှာရှိတဲ့ ပညာရေးကောလိပ်၊ သူနာပြု သင်တန်းကျောင်းနဲ့ ကွန်ပျူတာတက္ကသိုလ်တွေကို သွားပါမယ်။ သပိတ်စခန်းကိုတော့ ထားဝယ်မြို့ပေါ်က အရိုးဆေးကန်ကျောင်းမှာ ဒီနေ့ကစဖွင့်ပြီး သပိတ်မှောက်ကျောင်းသားတွေ အားလုံး သပိတ်စခန်းမှာပဲ နေပါမယ်။ ရန်ကုန်မှာ တစ်နိုင်ငံလုံးက ကျောင်းသားတွ သွားပြီးစုပေါင်းမယ့် အချိန်အထိ ထားဝယ်မှာ သပိတ်စခန်း ဖွင့်သွားပါမယ်” ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောကြားသည်။ပခုက္ကူအမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်တို့သည် ဇန်နဝါရီ ၂၀ ရက်တွင် ပခုက္ကူမြို့အတွင်းသို့ လှည့်လည် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။“နိုင်ငံတော်လုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၁၂၊ ၁၃ ရက်မှာ ခေါ်ခဲ့တယ်။ အဲဒီ တစ်နိုင်ငံလုံး ကျောင်းသားထု အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်အရ လေးရက်သပိတ်မှောက်ခဲ့တယ်။ နိုဝင်ဘာ ၁၇ ရက်မှာ အစိုးရကို ရက် ၆၀ ရာဇသံပေးခဲ့တယ်။ အစိုးရက အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ကျောင်းသားထုက တောင်းဆိုထားတဲ့ NNER၊ ကျောင်းသားထု၊ လွှတ်တော်၊ အစိုးရပါတဲ့ အာမခံချက်ပေးနိုင်တဲ့ လေးပွင့်ဆိုင်တွေ့ဆုံရေးကို ဘာမှ တွေ့ဆုံညှိနှိုင်းခြင်း မရှိသေးဘူး။ တွေ့ဆုံညှိနှိုင်းမှုမရှိတဲ့အတွက် ကျွန်တော်တို့ ကျောင်းသားထုက နိုင်ငံနဲ့အဝှမ်း သပိတ်မှောက် ဆန္ဒပြတယ်။ အစိုးရဘက်က အာမခံချက်ပေးနိုင်တဲ့ တွေ့ဆုံမှု မလုပ်မချင်း သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုကို ရက်အကန့်အသတ်မရှိ ဆက်လုပ်သွားမယ်” ဟု ပခုက္ကူ တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုပြည့်ဖြိုးကျော်က ပြောကြားသည်။ 

Most Read

Most Recent