ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းများကို အမျိုးသားလွှတ်တော်ကဆွေးနွေးစဉ်းစားရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး အဆိုတင်သွင်း

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းများကို အမျိုးသားလွှတ်တော်ကဆွေးနွေးစဉ်းစားရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး အဆိုတင်သွင်း
Published 19 January 2015

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းနှင့် လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်းများကို အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်ဦးထွန်းထွန်းဦးက အဆိုတင်သွင်းခဲ့သည်။ဇန်နဝါရီ ၁၉ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ "ရဟန်းရှင်လူပြည်သူများက ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းပေးပါရန် နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြချက်အရ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၉၈ နဲ့အညီ ပြည်ထောင်စုလွှတ်တော်က ရေးဆွဲပြဋ္ဌာန်းပေးနိုင်ရန် သဝဏ်လွှာပေးပို့တင်ပြခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ တင်ပြပါ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး သာသနာရေးဝန်ကြီးဌာနက မူကြမ်းရေးဆွဲပြီး လွှတ်တော်ကိုတင်သွင်းရန်နဲ့ လွှတ်တော်အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးစီးပွားကို အမှန်တကယ်ရရှိဖို့အတွက် အလေးထားစဉ်းစား၍ ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နာယကကြီးမှပြန်ကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့လည်း တင်ပြပါဥပဒေကြမ်းကို ပြည့်စုံစွာရေးဆွဲနိုင်ရေးအတွက် ၂၀၁၄ ခုနှစ် မတ်လ ၇ ရက်မှာ အမိန့်ကြေညာစာဖြင့် ဥပဒေရေးဆွဲရေးကော်မရှင်ကို ရေးဆွဲဖို့တာဝန်ပေးခဲ့ပါတယ်။ ဖွဲ့စည်းမှုရဲ့လုပ်ငန်းတာဝန်များအရလည်းကောင်း၊ နိုင်ငံတော်သမ္မတကြီးရဲ့လမ်းညွှန်ချက်များအရလည်းကောင်း၊ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်အနေနဲ့ တင်ပြပါဥပဒေကြမ်းကိုရေးဆွဲရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်မှုမရှိဖို့ တည်ဆဲဥပဒေများနဲ့ညီညွတ်စေဖို့၊ နိုင်ငံတော်နဲ့ ပြည်သူအတွက်အကျိုးရှိပြီး ကျင့်သုံးနိုင်စေဖို့၊ အများပြည်သူနဲ့ နိုင်ငံတကာကလက်ခံနိုင်ဖို့ မည်သည့်ဘာသာကိုမှ ထိခိုက်နစ်နာမှုမရှိစေဘဲ မျှတသောဥပဒေဖြစ်စေဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ တင်ပြပါဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းရန် ပြည်ထောင်စုအစိုးရမှလည်း ခွင့်ပြုပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ ဆွေးနွေးဆုံးဖြတ်ပေးနိုင်ဖို့ အဆိုတင်သွင်းအပ်ပါတယ်" ဟု အဆိုတင်သွင်းခဲ့သည်။အဆိုပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင်ဆွေးနွေးရန် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူဦးရေများပြား၍ အတည်ပြုခဲ့သည်။

Most Read

Most Recent