ရက် ၆၀ အလွန် တစ်နိုင်ငံလုံးကျောင်းသားသပိတ်ဆင်နွှဲနိုင်ရန် မန္တလေးမှ ရန်ကုန်မြို့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို အိမ်တော်ရာဘုရားမှ ယနေ့စတင်ထွက်ခွာမည်

ရက် ၆၀ အလွန် တစ်နိုင်ငံလုံးကျောင်းသားသပိတ်ဆင်နွှဲနိုင်ရန် မန္တလေးမှ ရန်ကုန်မြို့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို အိမ်တော်ရာဘုရားမှ ယနေ့စတင်ထွက်ခွာမည်
Published 19 January 2015
အောင်သူ၊ သက်မင်း

ရက် ၆ဝ အလွန်တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ပြန်လည်ဆင်နွှဲနိုင်ရန် ကျောင်းသားများစုပေါင်း၍ မန္တလေးမှ ရန်ကုန်မြို့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ဇန်နဝါရီ ၂ဝ ရက် နံနက်ပိုင်းတွင် အိမ်တော်ရာဘုရားမှ စတင်ထွက်ခွာမည်ဟု သိရသည်။
 
မန္တလေးမှ ရန်ကုန်မြို့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို အိမ်တော်ရာဘုရား ၁၄ ခန်း ဇရပ်မှ နံနက် ၉ နာရီတွင် စတင်မည်ဖြစ်ပြီး ပလိပ်မြို့မှတစ်ဆင့် လမ်းတစ်လျှောက်တွင် ကျောင်းသားထုတောင်းဆိုနေသည့် အချက်များအား ကြွေးကြော်ကာ ရန်ကုန်မြို့အထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ဒီမိုကရေစီပညာရေးလှုပ်ရှားသည့် ကျောင်းသားထုမှ အမျိုးသားပညာရေးဥပဒေအား မှုကြမ်းအဆင့်မှစတင်၍ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ရာ ၎င်းနောက် နိုဝင်ဘာ ၁၄၊ ၁၅၊ ၁၆၊ ၁၇ ရက်များတွင် တစ်နိုင်ငံလုံးရှိ  ကျောင်းသား၊ကျောင်းသူများ စုပေါင်းကာ အမျိုးသားပညာရေးဥပဒေကို ရန်ကုန်မြို့တွင် လေးရက်တိုင်တိုင် ကန့်ကွက်သပိတ်မှောက်ခဲ့ပြီး လက်ရှိအစိုးရအား ရက်ပေါင်း ၆ဝ အတွင်း ဖြေရှင်းဆွေးနွေးပေးရန်အတွက် သပိတ်မှောက်ကျောင်းသားထုမှ ရာဇသံပေးခဲ့သော်လည်း ရက်ပေါင်း ၆ဝ ပြည့်သည့်တိုင် ဖြေရှင်းဆွေးနွေးပေးမှုရှိခဲ့ခြင်းကြောင့် ယခုတစ်ကြိမ်ထပ်မံ၍ တစ်နိုင်ငံလုံး ကျောင်းသားသပိတ်ဆင်နွှဲနိုင်ရန် ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
“မန္တလေးကနေ ပလိပ်မြို့ကို အရင်ဆုံး ချီတက်လမ်းလျှောက်ပါ့မယ်။ အဲ့ဒီကနေ တစ်ခြားမြို့ကို ကူးဖို့အချိန်မရှိဘူးဆိုရင် ပလိပ်မှာ ညအိပ်နားမယ်။ မကြာခင်က ဖြစ်သွားခဲ့တဲ့  ကျောင်းသားတွေကို အမည်မသိဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဝင်ရောက်ရိုက်နှက်ခဲ့မှုတွေလည်းရှိတဲ့အတွက် ကျောင်းသားတွေရဲ့လုံခြုံရေးကို ဂရုစိုက်ပြီး  ညရောက်တဲ့အချိန် ခရီးဆက်လက်မထွက်ခွာပဲ ရပ်နားမှုလုပ်မှာပါ”ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုနန္ဒာစစ်အောင် က ပြောကြားသည်။
 
“မန္တလေးကနေ ရန်ကုန်အထိ ၁၅ ရက် လောက်ကြာအောင် သပိတ်ခရီးစဉ်လုပ်မယ်လို့ ခန့်မှန်းထားကြတယ်။ မန္တလေး၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ ရန်ကုန်ပေါ့။ ကြားထဲက မြို့တွေလည်း အများကြီးရှိသေးတယ်။လမ်းလျှောက်ချီတက်မှုတွေ ပြုလုပ်မှာပါ။ 
ကျန်းမာရေးကိစ္စမျိုးအတွက် လိုအပ်ရင်တော့ ကားစီးမှာပေါ့”ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီဝင် (သပိတ်မှောက်ကျောင်းသား) ကိုနန်းလင်းက ဆိုသည်။
 
မန္တလေးမှ ရန်ကုန်မြို့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ရာတွင် မြင်းခြံ၊  ကျောက်ဆည်၊ မုံရွာ၊ မိတ္ထီလာ၊ တောင်ငူ၊ ရန်ကုန်၊ တကသ၊ မြေလတ်ဗကသ ကျောင်းသားများ နှင့် မန္တလေးခရိုင်ကျောင်းသားများအပါအဝင် အခြားနယ်ပေါင်းစုံမှ ကျောင်းသားများ ပါဝင်သွားမည်ဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်သည့် ကျောင်းသားထုမှ လမ်းလျှောက်ချီတက်ရာ တစ်လျှောက်တွင် “ဒီမိုကရေစီပညာရေး” ဒို့အရေး၊” ကျောင်းသားပြည်သူသဘောမတူသည့် အမျိုးသားပညာရေး“ အလိုမရှိ၊ “ကျာင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး”၊ “သပိတ်..သပိတ်” “မှောက်... မှောက်”၊“မီးတုတ်.. မီးတုတ်” “ရှို့...ရှို့” စသည့်အချက်များကို ကြွေးကြော်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
 
ယင်းသပိတ်ခရီးစဉ်တွင် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက်လိုသည့် အများပြည်သူများကို ပူးပေါင်းပါဝင်လာစေရန် သပိတ်မှောက်ကျောင်းသားသမဂ္ဂများက ဟောပြောစည်းရုံးသွားမည်ဟု သိရသည်။                     
 

Most Read

Most Recent