ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်ကျိုးစီးပွားကာကွယ်လိုသူတစ်စုက မပြင်ဆင်လိုခြင်းဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျယ်ကျယ်ပြန့်ပြန့်မပြင်ဆင်နိုင်ပါက ထာဝရငြိမ်းချမ်းရေးရရှိရန် အခက်အခဲများစွာကြုံတွေ့ရမည်ဟု သူရဦးအောင်ကိုပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်ကျိုးစီးပွားကာကွယ်လိုသူတစ်စုက မပြင်ဆင်လိုခြင်းဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျယ်ကျယ်ပြန့်ပြန့်မပြင်ဆင်နိုင်ပါက ထာဝရငြိမ်းချမ်းရေးရရှိရန် အခက်အခဲများစွာကြုံတွေ့ရမည်ဟု သူရဦးအောင်ကိုပြောကြား
Published 19 January 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

ဖွဲ့စည်းပုံအခြေခံဥပဒေအား ကိုယ်ကျိုးစီးပွားကာကွယ်လိုသူတစ်စုက မပြင်ဆင်လိုခြင်းဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျယ်ကျယ်ပြန့်ပြန့်မပြင်ဆင်နိုင်ပါက ထာဝရငြိမ်းချမ်းရေးရရှိရန် အခက်အခဲများစွာကြုံတွေ့ရမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက မီဒီယာများကိုပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်မပြင်နိုင်ပါက အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်သည့်တိုင် ထာဝရငြိမ်းချမ်းရေးရရှိရန် အခက်အခဲများစွာကြုံတွေ့ရမည်ဖြစ်ပြီး စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး လုပ်ငန်းစဉ်မှာလည်း ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်သွားမည်ဟု သူရဦးအောင်ကိုကဆိုသည်။"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ  ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းပြင်ဆင်လို့မရအောင်ရေးဆွဲထားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီမိုကရေစီစံညွှန်းတွေနဲ့မကိုက်ညီတာကြောင့် ပြည်သူအားလုံးလိုလိုက ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်လိုကြတယ်။ နိုင်ငံတကာသဘောထားကလည်းအတူတူပဲ။ သို့သော် ကိုယ်ကျိုးစီးပွားကာကွယ်လိုသူတစ်စုက မပြင်လိုကြဘူး။ ဒီနေရာမှာ လူတစ်စုအကျိုးစီးပွားနဲ့ လူထုအကျိုးစီးပွားယှဉ်လာတော့ ဘယ်ဘက်ကရပ်တည်သင့်တယ်ဆိုတာ အဖြေကရှင်းနေပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ်သူရဦးအောင်ကိုက "အခြေခံဥပဒေပြင်ဆင်ရန်ပြဋ္ဌာန်းထားတဲ့ အခန်း (၁၂) ပုဒ်မ ၄၃၆ ကိုပဲစိတ်ဝင်စားတယ်။ ကျန်တဲ့ပုဒ်မတစ်ခုချင်းကိုစိတ်မဝင်စားဘူး။ သို့သော် အခြေခံဥပဒေ ပုဒ်မ ၅၉ ကို ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ မြန်မာတိုင်းရင်းသားတွေအနေနဲ့ တရုတ်၊ ကုလား၊ ဥရောပတိုက်သားတွေကို သမ္မတနန်းတော်ထဲက သီဟာသနရွှေပလ္လင်ပေါ်တင်ပြီး ကိုးကွယ်ကြရလောက်အောင် သဘောထားကြီးမြတ်ကြမယ်လို့ လုံးဝမထင်ကြောင်း အပြတ်ပြောနိုင်ပါတယ်" ဟုပြောကြားသည်။ဖက်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံတော်တည်ထောင်နိုင်ရန်အတွက် ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ရမည်ဖြစ်ပြီး အဆိုပါအခွင့်အရေးသည်လည်း ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တပ်မတော်တို့လက်ထဲတွင်ရှိနေကြောင်း သူရဦးအောင်ကိုကဆိုသည်။"တစ်နည်းအားဖြင့် တိုင်းပြည်အတွက် အချိုးအကွေ့၊ အလှည့်အပြောင်းကိုဖန်တီးနိုင်တဲ့ကာလဖြစ်နေတယ်။ အတိတ်ဖြစ်စဉ်တွေအပေါ် သင်ခန်းစာရယူပြီး တိုင်းပြည်အနာဂတ်ကိုလှပအောင် ပုံဖော်ထုဆစ်နိုင်ကြမယ်ဆိုရင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တပ်မတော်တို့ဟာ အနာဂတ်မြန်မာနိုင်ငံသမိုင်းမှာ သားစဉ်မြေးဆက် ဂုဏ်ယူလောက်အောင် ခံ့ခံ့ညားညား မော်ကွန်းတင်ခံရမှာဖြစ်ပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုပြောကြားသည်။

Most Read

Most Recent