နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်အတွင်း ဗိုလ်ချုပ်မွေးနေ့ ရာပြည့်အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင် စိုက်ထူခွင့် ရရှိ

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်အတွင်း ဗိုလ်ချုပ်မွေးနေ့ ရာပြည့်အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင် စိုက်ထူခွင့် ရရှိ
Published 18 January 2015

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်အတွင်း၌ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင် စိုက်ထူခွင့် ရရှိရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်ကျင်းပရေး ကော်မတီ (နတ်မောက်) မှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြခဲ့ရာ ဇန်နဝါရီ ၁၅ ရက်က ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို နတ်မောက်မြို့၌ ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပမည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးဇော်မင်းက “ဝန်ကြီးဌာနကနေ မကွေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးမှူးထံကိုတော့ လှမ်းအကြောင်းကြားတယ်လို့ သိရပါတယ်။ သူတို့ကတော့ ခေါ်ပြောတာပေါ့။ ခွင့်ပြုလိုက်ပါပြီ” ဟု ပြောကြားသည်။ဗိုလ်ချုပ်ရာပြည့် အခမ်းအနား ကျင်းပရေး ကော်မတီဝင် တစ်ဦးဖြစ်သူ ဒေါက်တာစိုးမင်းကလည်း “ကျောက်စာတိုင်မှာပါတဲ့ အကြောင်းအရာတွေကတော့ ဗိုလ်ချုပ်ရဲ့ ဂုဏ်ထူးများနဲ့ ဒီနှစ်တစ်ရာပြည့်တဲ့ အထိမ်းအမှတ်ပါပဲ။ ဗိုလ်ချုပ်ရဲ့ လုပ်ဆောင်ချက်ပေါ့။ မြန်မာပြည်ကြီးကို လွတ်လပ်ရေးရပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရရှိအောင် သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အကြောင်းတွေပေါ့” ဟု ပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ပါ စာသားများ ရေးသားခြင်းကို မြန်မာနိုင်ငံ သမိုင်းပညာရှင်များ အဖွဲ့မှ ပါမောက္ခဦးကျော် ဦးစီးရေးသားခြင်းဖြစ်ပြီး ကျောက်စာကို ဆရာတော်အရှင်ဉာဏိဿရ က တည်းဖြတ်ဖြည့်စွက်ပြီး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားမည်ဖြစ်ကြောင်း သိရသည်။ကျောက်စာတိုင်သည် အမြင့် ခြောက်ပေ၊ အကျယ် လေးပေ၊ ထု သုံးပေရှိမည်ဖြစ်ပြီး စကျင်ကျောက်ကို အသုံးပြုထားကာ လက်ရှိတွင် မန္တလေးမြို့တွင် ထွင်းထုနေခြင်းဖြစ်ပြီး ယခုဇန်နဝါရီလကုန် နတ်မောက်မြို့ကို ရောက်ရှိမည်ဖြစ်သည်။ဖေဖော်ဝါရီ ၇ ရက်တွင် ဖွင့်လှစ်ရန် ရည်မှန်းထားသည့် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ကျောက်စာတိုင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည်လည်း နတ်မောက်မြို့သို့ ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးဝင်းထိန်က အတည်ပြုပြောကြားသည်။

Most Read

Most Recent