ဖားကန့်ဒေသတွင် တိုက်ပွဲကြောင့် လူ ၁၀၀၀ ခန့် ရှောင်တိမ်းနေရပြီး လုံးခင်းကျေးရွာရဲစခန်းအား လက်ပစ်ဗုံးဖြင့် အပစ်ခံရသဖြင့် လေးဦး ဒဏ်ရာရ

ဖားကန့်ဒေသတွင် တိုက်ပွဲကြောင့် လူ ၁၀၀၀ ခန့် ရှောင်တိမ်းနေရပြီး လုံးခင်းကျေးရွာရဲစခန်းအား လက်ပစ်ဗုံးဖြင့် အပစ်ခံရသဖြင့် လေးဦး ဒဏ်ရာရ
Published 16 January 2015

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူ ၁ဝဝဝ ခန့် ရှောင်တိမ်းနေရပြီး လုံးခင်းကျေးရွာ ရဲစခန်းအား ယနေ့ည ၆ နာရီ ၃၅ မိနစ်တွင် အမည်မသိ ဆိုင်ကယ်မောင်းနှင်သူတစ်ဦးက လက်ပစ်ဗုံးတစ်လုံးအား ရဲစခန်းအတွင်းသို့ ပစ်သွင်းပေါက်ကွဲသွားရာ ရဲမိသားစုလေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ “ည ၆ နာရီ ၃၅ မိနစ်မှာ လူတွေကြားထဲမှာ ဖြစ်သွားတာ။ အပြင်မှာထိုင်နေတဲ့ ရဲဝန်ထမ်းတွေရဲ့ဇနီးနဲ့ သားတစ်ယောက်၊ တူတစ်ယောက် စုစုပေါင်းလေးဦး ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရတယ်။ လုံးခင်းဆေးရုံမှာမရလို့ ဖားကန့်ဆေးရုံမှာ ယမ်းစတွေ ခွဲထုတ်နေတယ်။ ကျွန်တော်တို့ ရဲစခန်းက လမ်းဘေးမှာပါ။ လူတွေအများကြီးသွားနေတဲ့ အချိန်မှာဖြစ်သွားတာပါ။ ဆိုင်ကယ်နဲ့ ပစ်သွားတယ်လိုပဲ ယူဆပါတယ်။ ဘယ်သူ၊ ဘယ်အဖွဲ့ဆိုတာတော့ မသိရပါဘူး။ အငြိုးအတေးလည်း ဘယ်သူနဲ့မှ မရှိပါဘူး။ ဒီမှာတော့ အားလုံးအေးချမ်းနေပါတယ်။ မလုပ်သင့်ပါဘူးဗျာ။ ကျွန်တော်တို့လည်း ဘယ်သူ့ကိုမှ နစ်နာအောင်မလုပ်ဖူးပါဘူး”ဟု လုံးခင်းရဲစခန်းမှူး ဦးတင်တင်ကိုက ဆိုသည်။ ဇန်နဝါရီ ၁၄ ရက်က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား စောင့်ကြပ်သည့် ရဲဝန်ထမ်းသုံးဦးကို ကေအိုင်အေမှ ဖမ်းဆီးပြီးနောက်ပိုင်း ဖားကန့်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲဖြစ်ပွားမှုများကြောင့် လူ ၁ဝဝဝ ခန့် လုံခြုံရာဘုန်းတော်ကြီးကျောင်းနှင့် ဘုရားကျောင်းများတွင် ခိုလှုံနေရပြီး ကုမ္ပဏီအချို့ လုပ်ငန်းရပ်ဆိုင်းထားကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲများကြောင့် တပ်မတော်နှင့် ကေအိုင်အေနှစ်ဖက်စလုံးတွင် ကျဆုံးမှုများရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ကံဆီးဒေသခံတစ်ဦးက “အခု ည ၇ နာရီထိုးခါနီးအထိ လက်နက်ကြီးငယ်နှင့် ပစ်နေတုန်း။ ကေအိုင်အေတပ်ရင်း၊ အောင်ဘာလေ၊ ကံဆီးကျေးရွာတွေက ဖိုခနောက်ဆိုင်လိုဖြစ်နေတာ။ တပ်မတော်က အောင်ဘာလေကျေးရွာကိုကျော်ပြီး လက်နက်ကြီးနဲ့ ပစ်တာ။ အားလုံးဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းမှာ ပုန်းနေကြတယ်။ နှစ်ကျောင်းပေါင်းလူ ၁ဝဝဝ ကျော်မယ်။ ဖားကန့်ကို အကူအညီတောင်းပေမယ့် တပ်မတော်က အဝင်အထွက်အားလုံးကို ဆန်ခါဂိတ်မှာ  ပိတ်ထားတယ်။  တပ်မတော်က ကေအိုင်အေရင်း(၆)ကို တိုက်ရိုက်ပစ်တာ မဟုတ်ဘူး။ဘေးကို ဝိုင်းပစ်နေတာ။ ညနေပိုင်းအထိ အလုံးရာချီနေပြီ။ တပ်မတော်က ရွာထဲဝင်ပြီး ဘယ်မှမသွားဘဲ အေးအေးဆေးဆေးနေကြလို့ လာပြောတယ်”ဟု ဆိုသည်။ဒေသခံများ၏ပြောကြားချက်အရ ကျေးရွာများတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးသွားရောက်သည့် ယာဉ်တန်းကို တပ်မတော်မှ ဆန်ခါဂိတ်တွင် တားဆီးထားကြောင်း၊ တပ်မတော်မှ ကျဆုံးသူတစ်ဦးရှိပြီး ကံဆီးခေါတောရကျောင်းဘေးတွင် မြှုပ်နှံထားကြောင်း၊ နှစ်ဖက်တပ်များအကျအဆုံးရှိနိုင်ကြောင်း၊ အစိုးရတပ်များ ဆက်လက်ချီတက်နေကြောင်း၊ ဆက်လက်ပစ်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားသည်။ယနေ့ပစ်ခတ်မှုများကြောင့် ဆန်ခါ တပ်မတော်ဂိတ်ကိုကျော်၍ မြေစာပစ်နေကြရသည့် ကုမ္ပဏီလေးခုထက်မနည်း လုပ်ငန်းများကို ရပ်နားထားကြောင်း ဖားကန့်ဒေသခံများက ဆိုသည်။ယင်းကိစ္စနှင့်ပတ်သက်၍ မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ မှ ဦးဆန်းအောင်က “မနေ့ကတည်းက ကေအိုင်အိုဗဟိုက လွှတ်ပေးဖို့ အကြောင်းကြားထားပြီးသားပါ။ ဒီမနက် အစောကြီးပစ်ကြတော့ လွှတ်ဖို့ခက်သွားတာနေမှာ။ တိုက်ပွဲငြိမ်သွားရင်တော့ လွှတ်ပေးမှာပါ။ တိုက်ပွဲအတွင်း လွှတ်လိုက်ရင် ဘယ်သူ့ကျည်နဲ့ သေသလဲမသိ၊ လာကြိုမယ့်သူမရှိ ဖြစ်နေမှာ။ ဖမ်းသွားတာကတော့ တပ်ရင်း(၆) ဧရိယာထဲ ဖမ်းသွားတယ်လို့ သိရတယ်။ အဲဒါအကြောင်းပြပြီး တိုက်ပွဲဖြစ်တာပေါ့။ ဆွေးနွေးပွဲလည်းနီးနေတော့ ဒီအချိန်မှာတော့ နှစ်ဖက်စလုံးက ဘာမှမဖြစ်သင့်ပါဘူး။ လျှော့ချဖိုလည်း နှစ်ဖက်စလုံးက သဘောတူပြီးသားလေ”ဟု ဆိုသည်။

Most Read

Most Recent