ဗိုလ်ချုပ်အောင်ဆန်း၏ဇာတိ နတ်မောက်မြို့အပါအဝင် ပျဉ်းမနား၊ ရမည်းသင်း၊ ပြည်နှင့် နတ်မောက်မြို့များသို့ ဗိုလ်ချုပ်ရာပြည့်မွေးနေ့အကြို အခမ်းအနားများတက်ရောက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ၂၀၁၅ ခုနှစ် တစ်နှစ်ပတ်လုံးကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရာပြည့်နှစ်အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများကို လစဉ်ကျင်းပရန်စီစဉ်ထားရာ ရန်ကုန်နှင့် ပဲခူးမြို့တွင်ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့အကြို အခမ်းအနားများကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၁၇ ရက်တွင် ပျဉ်းမနားမြို့နှင့် ရမည်းသင်းမြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း၊ ဇန်နဝါရီလကုန် သို့မဟုတ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပြည်မြို့နှင့် နတ်မောက်မြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးဝင်းထိန်ကအတည်ပြုပြောကြားသည်။၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ခုနစ်ရက်ကြာကျင်းပသွားမည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း မော်ကွန်းကျောက်စာတိုင်စိုက်ထူသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ရန်လည်း ဖိတ်ကြားထားကြောင်း နတ်မောက်မြို့ ဗိုလ်ချုပ်မွေးနေ့ ရာပြည့်ကျင်းပရေးကော်မတီမှ သိရသည်။နတ်မောက်မြို့တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိပြုလုပ်သွားမည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်အခမ်းအနားများကို နတ်မောက်မြို့သူမြို့သားများ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း မော်ကွန်းကျောက်စာတိုင်စိုက်ထူမှုဖွင့်ပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင်ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်ကျင်းပရေးကော်မတီအတွင်းရေးမှူး ဦးဇော်မင်းက "ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်အခမ်းအနားကိုတက်ရောက်ပေးပါ။ မတက်ဖြစ်ရင်လည်း သဝဏ်လွှာပေးပို့ဖို့ ဒီမေတ္တာရပ်ခံစာမှာပါတာပေါ့။ တရားဝင်ဖိတ်ကြားစာကို ဒီလ ၂၀ ရက်မှာပေးပို့သွားမှာပါ" ဟုပြောကြားသည်။နတ်မောက်မြို့သားတစ်ဦးဖြစ်သူ ဒေါက်တာစိုးမင်းက "ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတာကို တရားဝင်တော့မသိသေးပါဘူးခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုရင်တော့ သိပ်သဘောကျတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်တင်မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲဖက်လုပ်ကိုင်ခဲ့ကြတဲ့ သခင်ကြီးများ သူတို့ရဲ့သားသမီးတွေလာစေချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးချင်းသားချင်းတွေဖြစ်တဲ့ ဦးဘဝင်းရဲ့ဆွေစဉ်မျိုးဆက်များ၊ ဦးအောင်သန်းရဲ့ ဆွေစဉ်မျိုးဆက်များအားလုံးကိုလည်း ဖိတ်ထားပါတယ်" ဟုပြောကြားသည်။ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်တွင် ရှေ့နေဦးဖာနှင့် ဒေါ်စုတို့က မကွေးတိုင်း နတ်မောက်မြို့၌မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကို "မြန်မာနိုင်ငံကလေးများနေ့" အဖြစ်သတ်မှတ်၍ အခမ်းအနားများကျင်းပခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် မသမာသူအချို့၏လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကွယ်လွန်ခဲ့သည့် ဇူလိုင် ၁၉ ရက်ကိုလည်း အာဇာနည်နေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်အာဇာနည်နေ့အခမ်းအနားများပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်ရာပြည့် မွေးနေ့အကြိုအခမ်းအနားများတက်ရောက်ရန် ပျဉ်းမနား၊ ရမည်းသင်း၊ ပြည်နှင့် နတ်မောက်မြို့များသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မည်