အမျိုးသားလွှတ်တော်မှ အတည်ပြုသော ပီအာရ်စနစ်ကို ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်း ရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ပေးရန် လိုအပ်သည့် အထောက်အထားများ ဇန်နဝါရီ ၂၃ ရက်တွင် ခုံရုံးသို့ ပေးပို့မည်

အမျိုးသားလွှတ်တော်မှ အတည်ပြုသော ပီအာရ်စနစ်ကို ဖွဲ့စည်းပုံနှင့် ညီညွတ်ခြင်း ရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ပေးရန် လိုအပ်သည့် အထောက်အထားများ ဇန်နဝါရီ ၂၃ ရက်တွင် ခုံရုံးသို့ ပေးပို့မည်
Published 13 January 2015

အမျိုးသားလွှတ်တော်မှ အတည်ပြုထားသည့် ပီအာရ်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ပေးရန်အတွက် လိုအပ်သည့် အထောက်အထားများကို ဇန်နဝါရီ ၂၃ ရက်တွင် ခုံရုံးသို့ ပေးပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ပီအာရ်စနစ်ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိ ဆုံးဖြတ်ပေးရန်အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် အပါအဝင် ကိုယ်စားလှယ် ၂၆ ဦးက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ခုံရုံးသို့ တင်ပြထားသည်။“၂၃ ရက်မှာ GP (General Power)တွေဘာတွေ တင်ပေးရမှာ။ ဥပဒေအရ တရားမမှု တစ်ခုကဲ့သို့ ဥပဒေအရ တင်ပြလျှောက်ထားစရာ ရှိတာတွေ တင်ပြလျှောက်ထားဖို့ ရုံးချိန်းကို ၂၃ ရက်မှာ ချိန်းထားပါတယ်။ ပထမရုံးချိန်း ရောက်လာတဲ့အခါမှာ လျှောက်လွှာတင်တဲ့ အခါမှာ လိုအပ်နေသေးတဲ့ ဥပမာ GP တင်ပေးရမယ့် ကိစ္စတို့၊ နောက် တရားမမှုအရ တင်ပြတဲ့ လျှောက်လွှာမှာ ရေးထိုးရမယ့် ပုံစံတကျ တရားမမှုမှာ အမိန့်တို့ နည်းဥပဒေတို့ ရှိတယ်။ အဲဒီအမိန့်တွေ၊ နည်းတွေနဲ့ ညီညွတ်တဲ့ ပုံစံလေးတွေ ဖြစ်ဖို့အတွက်ဆိုပြီး ပြန်ပြီးပြောတယ်။ အဲဒီတော့ GP တွေဘာတွေ တင်ပေးဖို့ လွှတ်တော်စမှ လုပ်နိုင်မှာ ဖြစ်တဲ့အတွက် နောက်ရုံးချိန်းကို ၂၃ ရက်ချိန်းထားတာ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ဆက်လက်ပြီး ဦးအောင်ကြည်ညွန့်က “ခုံရုံးက တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိသေးဘူးလို့ ပြောလို့မရဘူး။ ခုံရုံးရဲ့ စိစစ်ရေးနဲ့ ပတ်သက်လို့ Process က သွားနေပြီပေါ့။ အခုရုံးချိန်းက ၂၃ ရက်ပေါ့။ ပြီးတော့ ရုံးလုပ်ငန်းအရ ဆောင်ရွက်ရမယ့် ကြားနာစစ်ဆေးမှုတွေ ဆက်သွားနေမှာပေါ့” ဟု ပြောကြားသည်။“အန်ကယ်တို့ ၂၆ ဦး လက်မှတ်ထိုးပြီး တင်တာလေ။ အဲဒီနေရာမှာ ၂၆ ဦးရဲ့ကိုယ်စား မူလတင်တဲ့ လျှောက်လွှာကို အန်ကယ်ကတင်တာကို ၂၃ ရက်ကျရင် ကျန်တဲ့ ၂၅ ဦးက အန်ကယ်ကို General Power (GP) လွှဲပေးထားကြောင်း GP တွေဘာတွေ လုပ်ပေးပြီးတော့ ၂၃ ရက် ရုံးကို တင်ပြပေးလိုက်ရမှာပေါ့” ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။“နှစ်ဖက် ကြားနာမှာပေါ့။ အန်ကယ်တို့ဘက်ကတော့ PR က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ အဆုံးအဖြတ် ပေးဖို့အတွက် အန်ကယ်တို့ရဲ့ ရပ်တည်ချက်ကတော့ ဘယ်ဟာတွေကဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တာတွေ ရှိနိုင်ပါတယ်လို့ တင်ပြထားတယ်။ လျှောက်လွှာတွေထဲမှာလည်း ပါတယ်။ နှစ်ဖက်လျှောက်လဲချက်တွေ ပေးကြရမှာပေါ့” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဆိုသည်။အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများအတွက် PR စနစ် ဒီဇိုင်းနှစ်မျိုး ရွေးချယ်ထားကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ်ရွေးချယ်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၏ ကျန်ဒေသများနှင့် အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ ကိုယ်စားပြုနယ်မြေ ၁၂ နယ်သတ်မှတ်၍ ပီအာရ်စနစ်ဖြင့် မဲဆန္ဒနယ် တစ်ခုတည်းအတွက် ကိုယ်စားလှယ်ရွေးကောက်သည့် ပုံစံတို့ကို ရွေးချယ်ထားကြောင်း သိရသည်။အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြု (PR) စနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် တစ်ပြေးညီ ကျင့်သုံးရန် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ထောက်ခံသူ များသည့်အတွက် အမျိုးသားလွှတ်တော်မှ အတည်ပြုထားခြင်းဖြစ်သည်။အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန် အဆိုကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ခင်ဝိုင်းကြည်က ၂ဝ၁၄ ခုနှစ် ဇွန် ၃ ရက်က ပြုလုပ်သော ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။