လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းလာစေရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို အစိုးရက ထောက်ပံ့ကူညီသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လွှတ်တော်ပြင်ပနိုင်ငံရေး အားကောင်းလာစေရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို အစိုးရက ထောက်ပံ့ကူညီသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 11 January 2015

လွှတ်တော်ပြင်ပနိုင်ငံရေး ပိုမိုအားကောင်းလာစေရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို အစိုးရကထောက်ပံ့ကူညီပေးသင့်ဟု ဇန်နဝါရီ ၁၀ ရက် က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့သော “လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး” “ဘယ်ဟာက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ”ခေါင်းစဉ်ဖြင့် ဆွေးနွေးငြင်းခုန်မှုအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။အဆိုပါအစီအစဉ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနှင့် Triangle Women Group မှ ဒေါ်ခင်လေးတို့ ပါဝင်ဆွေးနွေးငြင်းခုံခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြသည်။အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း “လွှတ်တော်ပြင်ပနိုင်ငံရေးကို အဓိကပုံဖော်တာကတော့ အရပ်ဘက်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အင်မတန် လမ်းဘယ်လောက်ကြမ်းကြမ်း ချောချောမွေ့မွေ့ဒီမိုကရေစီကို သွားနိုင်အောင်လို့ ဒါကြောင့်မို့ အရပ်ဘက်အဖွဲ့အစည်းတွေ အားတောင့်ဖို့လိုတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း အစိုးရက အထောက်အကူပေးရမယ်။ အားပေးအားမြှောက်ပြုရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေလုပ်နေတာ ကိုင်နေတာတွေကို လိုက်လံပိတ်ပင်မယ့်အစား သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို အစိုးရက ကူညီပြီး မှ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အင်အားကောင်းမှ တိုင်းပြည်တိုးတက်တယ်လို့ ဒီမိုကရေစီတိုင်းပြည်အားလုံးက မှတ်ယူထားတဲ့အတွက်ကြောင့် လွှတ်တော်ပြင်ပနိုင်ငံရေးတွေ အားကောင်းလာအောင် အရပ်ဘက်အဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာအောင် အစိုးရက ထောက်ပံ့ပေးသင့်တယ်လို့ ထင်ပါတယ်”ဟု ပြောကြားသည်။တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းရာ ဦးလှဆွေက အစိုးရကလွှတ်တော်ကို အကျပ်အတည်းဖြစ်စေအောင် လုပ်ဆောင်ခြင်းမျိုး မတွေ့ရသေးကြောင်း၊ လွှတ်တော်ကသာ အစိုးရကို အကျပ်အတည်းဖြစ်စေခဲ့ကြောင်း၊  အခြေခံဥပဒေခုံရုံးကြီးတစ်ခုလုံး အငြိမ်းစားပေးလိုက် ခြင်းမျိုးကဲ့သို့ ပြင်းထန်သည့် ထိတွေ့မှုဖြစ်ခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခါစက အစိုးရက ရှေ့မှ ဦးဆောင်ပြေးနေသည်ကို လွှတ်တော်နှင့်လူထုက မလိုက်နိုင်ခဲ့ကြောင်း၊ တဖြည်းဖြည်းနှင့် အစိုးရ၏ ပြေးနှုန်းလျော့ကျလာပြီး လွှတ်တော်နှင့် လူထုက ကျော်တက်သွားသည်ဟု ပြန်လည်ဖြေကြားသည်။လွှတ်တော်တွင်း နိုင်ငံရေးကိုယ်စားပြုမှုအားနည်းပါက လွှတ်တော်ပြင်ပနိုင်ငံရေး၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာပြီး မြစ်ဆုံဆည်စီမံကိန်းရပ်တန့်အောင်ကြိုးစားမှုသည် ထင်ရှားဟု ဦးကိုကိုကြီးက သုံးသပ်ပြောကြားသည်။ဦးကိုကိုကြီးက “ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွက်လိုက်တဲ့အခါမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ၂၈ ဒသမ ၆ ရာခိုင်နှုန်းရှိတယ်။ တကယ်က လွှတ်တော်ထဲမှာရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ်ဟာ ၂၅ မဟုတ်ဘဲ ၂၈ ဒသမ ၆ ဖြစ်နေတယ်။ ဒါက ဒီလွှတ်တော်ကို တိုင်းတာပြီဆိုရင် ကိုယ်စားပြုမှု ဘယ်လောက်ရှိသလဲဆိုတာနဲ့ တိုင်းတာတဲ့အခါကျတော့ ကိုယ်စားပြုမှုမှာ တစ်ချိန်တုန်းက တပ်မတော်ကနေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၄၄ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီးတော့ အမျိုးသားလွှတ်တော်မှာ ၄၇ ရာခိုင်နှုန်းရှိနေတယ်။ တပ်မတော်သားကိုယ်စားလှယ်နဲ့ ပေါင်းလိုက်ရင် အဲဒါက လွှတ်တော်တစ်ခုလုံးကို လွှမ်းမိုးထားပြီးတော့ တကယ့် တကယ် အခြားနိုင်ငံရေးအင်အားစုများ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ ကိုယ်စားပြုမှု အားနည်းနေတာဟာ လက်ရှိလွှတ်တော်ရဲ့ ကိုယ်စားပြုဒီမိုကရေစီကို ကိုယ်စားပြုရမယ့် လွှတ်တော်ရဲ့ ကိုယ်စားပြုမှုအားနည်းချက်ကို ဖော်ပြနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုရင် အထင်ရှားဆုံး ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့တာကတော့ မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ဖို့ ကြိုးစားခဲ့တာဟာ လွှတ်တော်တွင်း နိုင်ငံရေးနဲ့မဟုတ်ဘဲနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ကြိုးပမ်းခဲ့တယ်ဆိုတာလေးကို ကျွန်တော်အဓိက ထောက်ပြချင်ပါတယ်”ဟု ပြောကြားသည်။      

Most Read

Most Recent