အစိုးရဝန်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့ တင်မည်

အစိုးရဝန်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့ တင်မည်
Published 11 January 2015

အစိုးရဝန်ကြီးဌာနများအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သည် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မလိုက်နာသောကြောင့် ပြင်းထန်စွာအရေးယူရန် လွှတ်တော်သို့တင်ပြမည်ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်များကို ဝန်ကြီးဌာနများမှ သက်ဆိုင်ရာစီမံကိန်းအလိုက် သုံးစွဲပြီးနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးပြီးနောက် ဝန်ကြီးဌာနအချို့ကို စာရင်းစစ်ချုပ်မှ ကန့်ကွက်ထားမှုများရှိခဲ့ကြောင်း၊ ထို့သို့ စာရင်းစစ်ချုပ်က ကန့်ကွက်ထားမှုများပြားသည့် ဝန်ကြီးဌာနများအား ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ခေါ်ယူတွေ့ ဆုံခဲ့သည်။စာရင်းစစ်ချုပ်ရုံးက ကန့်ကွက်ထားသည့်ဝန်ကြီးဌာနအရေအတွက် သည် ၂၀ ကျော် ၃၀ နီးပါးရှိခဲ့ပြီး ကန့်ကွက်ချက်အများစုမှာ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ဝန်ကြီးဌာနများအနေဖြင့် လိုက်နာခြင်းမရှိသောကြောင့်ဖြစ်သည် ဟု သိရသည်။“ဝန်ကြီးဌာနတွေအချင်းချင်း တူညီတဲ့အချက်က ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိတာပဲ။ စာရင်းစစ်ကန့်ကွက်ချက်တွေကို လိုက်နာမှုမရှိတာဘဲ။ ဒီနေ့ ဝန်ကြီးဌာနတွေနဲ့တွေ့တဲ့အခါ သူတို့က ပြန်လည်ဖြေရှင်းရာမှာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အမိန့်နဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ဆောင်ရွက်ပါတယ်ဆိုပြီး ဖြေတယ်။ ဒါဆိုရင် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေက သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်နယ်အစိုးရအဖွဲ့က ချိုးဖောက်လို့ရသလား။ စာရင်းစစ်ကနေ မရပါဘူးလို့ ပြောတယ်။ အဲဒီတော့ အတွင်းရေးမှူးကလည်း ဒီကိစ္စကို သီးခြားပြန်ဆွေးနွေးဖို့ စီစဉ်ခဲ့ပါတယ်။ ကျွန်တော်တို့ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေက နောက်ဆုံး မပြင်ဆင်ခဲ့တာ နှစ်ပေါင်းအတော်ကြာနေပြီ။ ကျွန်တော်တို့ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေက ခေတ်ကာလအခြေအနေနဲ့ နည်းနည်းမကိုက်ညီတာတွေ ရှိနေတယ်။ ဝန်ကြီးဌာနတွေက သက်ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ဒီလိုနဲ့ ပဲပြီးသွားမှာလား။ နောက်ဆို လုပ်ပါ့မယ်၊ နောက်ဆိုလုပ်ပါမယ်ဆိုတဲ့ အဖြေတွေက အများဆုံးတွေ့နေတော့ ဒီလိုကိစ္စတွေက ကျွန်တော်တို့ လွှတ်တော်စလာကတည်းက လေးနှစ်ကျော် ငါးနှစ်ထဲဝင်လာတော့မယ်။ အခုဖြေတာလည်း ဒီအတိုင်းပဲဆိုတော့ တစ်ခုခုတော့လွဲပြီ။ အဲဒီတော့ အကြံပြုချက်ထဲမှာ ကျွန်တော်တို့တင်ပါမယ်။ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ ပြန်လည်သုံးသပ်ပြီးတော့မှ ဆောင်ရွက်သင့်ပြီပေါ့နော်။နောက်ပြီးတော့ အခုထက် ပိုပြင်းထန်တဲ့ပြစ်ဒဏ်ကိစ္စ ပြန်လည်သတ်မှတ်ဖို့ လိုအပ်လာပြီဆိုတဲ့ကိစ္စ လွှတ်တော်ကို တင်သွင်းပါမယ်”ဟု ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ဆိုသည်။ဆက်လက်၍ ၎င်းက “ဝန်ကြီးဌာနအလိုက်က သူတို့ဆောင်ရွက်နေတဲ့ကိစ္စတွေက ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့မညီဘဲ ငွေအလွဲသုံးစားမှုတွေဖြစ်ရင်လည်း ယာယီအလွဲသုံးစားမှုတွေအဖြစ်ဖော်ပြပြီး ဒါကို ပြန်လည်ပေးသွင်းစေမည် ဖြစ်ပါတယ်။ ရာထူးတစ်ဆင့် နှိမ့်လိုက်တယ်။ ပြောင်းရွှေ့ပြစ်ဒဏ်ပေးလိုက်တယ်။ စာနဲ့သတိပေးလိုက်တယ်။ ဒီလိုမျိုးတွေက အများစုဖြစ်နေတော့ ကျွန်တော်တို့က အဂတိလိုက်စားမှုမှန်တယ်ဆိုရင် ပြင်းထန်စွာအရေးယူရမယ်။ ထောင်ချသင့်ရင် ချရမယ်။ အဲဒီလောက်အထိတောင် လုပ်ဖို့လိုအပ်မယ်လို့ ကျွန်တော်တို့က တွေ့ရှိသုံးသပ်တယ်။အဲဒီလိုဆောင်ရွက်နိုင်ဖို့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်ရင်လည်း ဒီ ၂၀၁၅ မပြီးခင်ပြင်ဆင်ဖို့ ဒါကို ကျွန်တော်တို့စဉ်းစားထားတာ။ အခုဒီမှာတော့ စာရင်းစစ်က နှစ်တိုင်းစစ်ဆေးတွေ့ရှိတယ်။ ဝန်ကြီးဌာနတွေကလည်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပြန်လည်ပေးသွင်းပါတယ်ဆိုတာလောက်နဲ့ပဲဖြစ်နေတော့ အများစုက သတ်မှတ်ထားတဲ့ ဥပဒေအတိုင်းလိုက်နာခြင်းမရှိတာကို သုံးသပ်တွေ့ရှိရတာပေါ့။အဲဒီတော့ ဒါကိုလွှတ်တော်ကိုတင်မယ့်အစီရင်ခံစာမှာ ထည့်ရေးဖို့ စဉ်းစားထားတယ်”ဟု ပြောကြားသည်။“ဘတ်ဂျက်ဥပဒေအရ ခွင့်ပြု ထားတဲ့ အစိုးရစီမံကိန်းဆိုင်ရာ ဘတ်ဂျက်တွေကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်းမှာ ကုန်အောင်သုံးရမယ်။ကုန်အောင် မသုံးနိုင်ရင် ပိုက်ဆံကို ပြန်အပ်ရမယ်စသည်ဖြင့် ဥပဒေထဲမှာပါထားပြီး ဖြစ်တယ်။နှစ်တိုင်းလည်း ဒီအတိုင်းသွားတယ်။ ဝန်ကြီးဌာနတွေက ဘတ်ဂျက်ခွင့်ပြုငွေတွေကို ချက်ချင်းမလုပ်ဘဲနဲ့ နှစ်ကုန်ခါနီးမှ တင်ဒါတွေခေါ်ပြီးတော့ လုပ်ခိုင်းလိုက်တော့ အလုပ်က ချက်ချင်းမပြီးနိုင်ဘူး။ လုပ်ငန်းပမာဏကြီးတဲ့အတွက် နှစ်ကုန်မှာလုပ်ငန်းမပြီး ပြတ်ဘူး။ မပြီးတော့ ပိုတဲ့ငွေတွေရှိတယ်။အဲဒီပိုတဲ့ငွေတွေကို ဝန်ကြီးဌာနတွေကို ကျွန်တော်တို့ပြန်အပ်ခိုင်းတယ်။ ပြန်အပ်ခိုင်းတဲ့အခါ တချို့ဝန်ကြီးဌာနတွေက မအပ်ဘူး။တချို့က နောက်ကျပြီးမှ အပ်တယ်။အကြောင်းအမျိုးမျိုးပြပြီး မအပ်ကြဘူး။ သိန်းပေါင်းထောင်နဲ့ သောင်းနဲ့ချီတဲ့ ပိုက်ဆံကို လက်ထဲမှာ တစ်လနှစ်လ ကိုင်ထားတယ်ဆိုရင်ပဲ အလွဲသုံးစားလုပ်ချင်ရင် လုပ်လို့ ရတယ်။ အပြင်မှာ သွားအပ်ထားလိုက်တာနဲ့ အတိုးနှုန်းက တစ်ရက်ကို သိန်းပေါင်းဆယ်ချီ၊ ရာချီ ဝင်နိုင်တယ်။ အဲဒါတွေက လုံးဝဘဏ္ဍာရေးစည်းမျဉ်းနဲ့ မကိုက်ညီဘူး။ အဲဒါမျိုးတွေကို တားမြစ်ထားတယ်။ တားမြစ်ထားပေမယ့်လည်း လုပ်နေတာပဲ။ သတ်မှတ်တဲ့ဘတ်ဂျက်ဥပဒေနဲ့ မညီဘူး။ ဒါမျိုးတွေကို အစိုးရကထုတ်ပြန်တဲ့ နည်းဥပဒေ လုပ်ထုံးလုပ်နည်းအရ လုပ်လို့မရဘူးလို့ ကန့်သတ်ထားပြီးသားပဲ။ လုပ်လို့မရဘူးလို့ ကန့်သတ်ထားတဲ့ဟာကို လုပ်တယ်ဆိုကတည်းက ဘယ်အဖွဲ့အစည်းမဆို ဥပဒေချိုးဖောက်တယ်လို့ သတ်မှတ်လို့ရတာပေါ့”ဟု ဦးစိုင်းသီဟကျော်က  ပြောကြားသည်။အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ၂၀၁၄ခုနှစ် စက်တင်ဘာ ၁၆ ရက် လွှတ်တော်အစည်းအဝေးတွင် အစိုးရဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများအပေါ် လာဘ်စားမှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေများနှင့်ပတ်သက်၍ “ပွဲဈေးတန်းမှာ ဆီးသီးဗန်းမှောက်ကျသလိုပဲ။ မှောက်လည်းကျရော ဟိုလူက တစ်ဆုပ်နှိုက်စား၊ ဒီလူက တစ်ဆုပ်နှိုက်စား ဆီးသီးက တစ်ဝက်လောက်ပဲကျန်တော့တယ်။ ဘတ်ဂျက်က အဲဒီလိုဖြစ်နေတယ်”ဟု ပြောကြားသည်။   

Most Read

Most Recent